ရှေ့နေဦးမင်းလွင်ဦး
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်မစ္စတာ ကင်တားနား ပြန်သွားပြီးတဲ့နောက်ပိုင်း အစိုးရသစ်ရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့လှုပ်ရှား မှုတွေ လျှင်မြန်စွာ ဖြစ်ထွန်းပေါ်ပေါက်လာတာကိုတွေ့ရပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှု တွေကို ဖေါ်ထုတ်အရေးယူပြီးတိုးတက်အောင်ဆောင်ရွက်ဖို့ ကော်မတီတွေ၊ ကော်မရှင်တွေ ဖွဲ့စည်းတာလားဆိုတာကိုတော့ အများကြီးစောင့်ကြည့်ဖို့လိုပါသေးတယ်။
ပထမဦးဆုံး တနှစ်သက်တမ်းရှိတဲ့ ပြည်ထောင်စုအဆင့် နိုင်ငံသားများရဲ့မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီကို ယခင်ကြံ့ဖွံ့အတွင်းရေးမှူးလုပ်ခဲ့ တဲ့ ဦးဌေးဦးက ဥက္ကဌအဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အငြိမ်းစားသံအမတ်ကြီးများ၊ အငြိမ်းစားပါမောက္ခများ နဲ့အငြိမ်းစားညွန်ကြားရေးမှူးချုပ်များပါဝင်သူတွေနဲ့ ဖွဲ့စည်းခဲ့တာကို လဲ ၆ ရက်နေ့ထုတ် အစိုးရအာဘော် သတင်းစာတွေမှာ ဖတ်ရှုရပါတယ်။
မြန်မာနိုင်ငံအတွင်းလိုက်နာကျင့်သုံးဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကိုမြှင့်တင်ရေးနဲ့ကာကွယ်ရေးတို့အတွက်အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိုရည်ရွယ်ဖွဲ့စည်းတယ်လို့ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ ဒီရည်ရွယ်ချက်တွေ ထမြောက်ဖို့အကောင်အထည်ဖေါ်ရာမှာ တနှစ်သက်တမ်းရှိတဲ့ ပြည်ထောင်စုအဆင့်ကော် မတီ နဲ့ အမျိုးသားလူ့အခွင့်အရေးကောင်မရှင်ကဘယ်လိုတာဝန်ယူဖေါ်ဆောင်မယ်ဆိုတာ ကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး၊ ပြည်ထောင်စုအဆင့် ကော်မတီက မြန်မာနိုင်ငံသား များရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို လွှတ်တော်ကိုတင်ပြဖို့ အစီရင်ခံစာရေးဖို့ပဲ တာဝန် ယူသလား၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ နဲ့ပတ်သက်လို့ နိုင်ငံတကာကထောက်ပြပြောဆိုလာရင်ခုခံချေပဖို့ရည်ရွယ်ဖွဲ့စည်းထားတာ လား ဒါမှမဟုတ် နိုင်ငံတကာအစိုးရကို အစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆို အစီရင်ခံစာရေးဖို့သက်သက်ပဲရည်ရွယ်ဖွဲ့စည်းထားတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ပတ်သက်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို နစ်နာသူများ၊ချိုးဖေါက်ခံရသူများကတိုက်ရိုက်တိုင် ကြားနိုင်တယ်လို့လဲကြားသိရပါတယ်။ ဒါပေမဲ့ အမျိုးသားလု့အခွင့်အရေးကော်မရှင်ရဲ့ ဆက်သွယ်ရမဲ့လိပ်စာ နဲ့ ရုံးတည်ရှိရာကို တော့ ခုချိန်ထိမသတ်မှတ်ရသေးပါဘူး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသား များရဲ့မူလအခွင့်အရေးတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အတွင်းလက်ရှိလိုက်နာ ကျင့်သုံးနေ တဲ့ ဥပဒေများနဲ့အညီ ခံစားခွင့်ရရှိစေဖို့ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစီတန်း လှည့်လည်ခွင့်နဲ့လွတ်လပ်စွာစုရုံးပိုင်ခွင့် တို့ကို ဥပဒေသတ်မှတ်ချက် များနဲ့ အညီခွင့်ပြုပေး ရမှာဖြစ်တယ်၊ဒါတွေကိုဖေါ်ဆောင်နိုင်ဖို့ဆိုတာက တော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ အချိန်ယူဆောင်ရွက်ရမှာဖြစ်တယ်။ နိုင်ငံသားများရဲ့တရားဥပဒေဆိုင်ရာအခွင့်အရေးတွေနဲ့ပတ်သက်လို့ လက်ရှိပြဌာန်း ထားတဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ၂၀၁၀ တရားစီရင်ရေး ဥပဒေ တွေ ပြဌာန်းပြီးဖြစ်တာမို့ အလျင် အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မဲ့သဘော မျိုးတွေ့မြင်ရပါတယ်။ နိုင်ငံသားတဦးကိုတရားရုံးရဲ့ခွင့်ပြုချက်မရပဲ ၂၄ ထက်ကျော်လွန်ပြီး ချုပ်နှောင်မထားရဘူး၊ တရားစီရင်ရေးဆိုင်ရာမူများအဖြစ်ချမှတ်ထားတဲ့ လွတ်လပ်စွာတရား စီရင်ရေး၊ အများပြည်သူ ရဲ့ရှေ့မှောက်မှာ မှုခင်းများကိုစစ်ဆေးစီရင်ရေး၊ ဥပဒေနဲ့အညီခုခံချေပခွင့်ပြုရေး၊ စတာတွေ နဲ့ပတ်သက်လို့ အလျင်အမြန်ဆောင်ရွက်ပေးနိုင်မှာလားဆိုတာကလဲသံသယဖြစ်စရာပါ။
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အစိုးရအာဏာပိုင်တွေကကျူးလွန်ကြတာဖြစ်တယ်။ ဒီလူ့ အခွင့်အရေးချိုးဖေါက်မှုတွေကိုပြဌာန်းဥပဒေပါပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင် ရွက်ခြင်းရှိမရှိဆိုတာကို စစ်ဆေးနိုင်ဖို့အနည်းဆုံး ဥပဒေနဲ့အသက်မွေးဝမ်း ကျောင်းတဲ့ တရားရုံးချုပ်ရှေ့နေကြီးများဒါမှမဟုတ် အစိုးရအမှုထမ်းများမဟုတ်ပဲ လွတ်လပ်တဲ့ ပညာရှင်များပါဝင်မှသင့်တော်မယ်၊ဒါမှလဲ လူအများလက်ခံယုံကြည်ကြမှာဖြစ်တယ်။
ဒါ့အပြင်ရှေ့တော်သွင်း စာချွန်တော်တွေထုတ်ဆင့်ပေးဖို့လျောက်ထားတာတွေနဲ့ ပတ်သက် လို့ ပြည်ထောင်စုတရားလွှတ် တော်ချုပ်ကပလပ်ခဲ့ရင် ဆက်လက်အရေးယူဆောင်ရွက်ပေး မှာလား ယခင်မဆလလက်ထက် ကလို ဗဟိုတရားရုံးကဆုံးဖြတ်ပြီးင်္စီးတဲ့အမှုတွေမှာ ဥပဒေကြောင်းအရမှားယွင်းနေရင် ပြန်လည်သုံးသပ်နိုင်ဖို့နိုင်ငံတော်ကောင် စီကိုနိုင်ငံသားများ ရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ အသနားခံစာတင်သလိုမျိုးတိုင်ကြားနိုင်ပြီး၊ ၃၊ ၄ နှစ်ကြာမှ အရေးယူဆောင်ရွက်ပေးမှာ လားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာဖြစ်တယ်။
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုကျူးလွန်တာဟာ အစိုးရအာဏာပိုင်များဖြစ်တဲ့အတွက် တိုင်တန်းသူတွေဖက်က တင်ပြမဲ့သက်သေတွေကို အာဏာပိုင်များရဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ မလျော်သြဇာသုံးခြိမ်းခြောက်ခြင်း၊လိမ်လည်လှည့်ဖြားပြီးကတိပေးတာတွေမခံရ အောင် အမျိုးသားလု့အခွင့်အရေး ကော်မရှင် က ဘယ်လိုအကာအကွယ်တွေပေးမလဲ၊ အာဏာပိုင်များရဲ့လူ့အခွင့်အရေး ချိုးဖေါ်က်မှု ကြောင့် နစ်နာခဲ့ရတဲ့သူတွေရဲ့သက်သာခွင့်ကို ဘယ်လိုကုစားအကောင်အထည် ဖေါ်ပေးမလဲ ဆိုတာကိုသတိကြီးစွာထား စောင့်ကြည့်ရမှာ ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိတာဝန်ခန့်အပ်ထားခြင်းခံထားရတဲ့သူတွေဟာ န၀တ စစ်အစိုးရလက်ထက်က နိုင်ငံတကာအစိုးရနဲ့ ကုလသမဂ္ဂကို စစ်အစိုးရကိုယ်စားခုခံကာကွယ် ပြောဆိုခဲ့ကြတဲ့သူတွေဖြစ်နေလို့ပါပဲ။
၂၀၁၄ ခုမှာအာစီယံရဲ့အလှည့်ကျ ဥက္ကဌနေရာကိုတာဝန်ယူနိုင်ဖို့နဲ့ အမေရိကန်အစိုးရရဲ့ စီးပွာရေးပိတ်ဆိုမှုရပ်စဲစေဖို့ အစိုးရသစ်ရဲ့ကြိုးပမ်းမှုတ ရပ်ဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာပြောလို့ရပါတယ်။ အာစီယံဒေသတွင်း နိုင်ငံ အစိုးရများနဲ့သံတမန်များကို မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးတိုးတက်မှုတွေအတွက် ယခင် အစိုးရများနဲ့မတူတဲ့ ပြည်ထောင်စုအဆင့်နိုင်ငံသားများရဲ့မူလအခွင့်အရေး၊ဒီမိုကရေစီအရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီကိုအဖွဲ့ဝင် ၁၅ ဦးနဲ့ဖွဲ့စည်းထားပြီး အမျိုးသားအဆင့် တနိုင်ငံလုံးနဲ့လွှမ်းခြုံနိုင်မဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုလဲ လွတ်လပ်သူများနဲ့ ပါဝင်တဲ့အဖွဲ့ဝင် ၁၅ ဦးနဲ့ဖွဲ့စည်းတည်ထောင်ပြီး အလျင်အမြန်ဆောင်ရွက်နေပါတယ်လို့ပြော ဆိုစည်းရုံးနိုင်ဖို့အတွက်ယခုလိုဖွဲ့စည်းလိုက်တာဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားများလွတ် မြောက်ရေးကိစ္စတွေ၊ အကျဉ်းထောင်တွေအတွင်းလူ့အခွင့်အရေးချိုးဖေါက်ခံနေရတာတွေ၊ ပြဌာန်း ဥပဒေ တွေနဲ့မညီပဲတရားရုံးတွေမှာစစ်ဆေးစီရင်နေတာတွေ ရန်ကုန်တိုင်းသတင်း တပ်ဖွဲ့ရဲ့အောင်သပြေစစ်ကြောရေး စခန်းတွေမှာ နှိပ်စက်ညှင်းပန်းခံနေရတာတွေကို ယခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်နဲ့ပြည်ထောင်စုအဆင့် လူ့အခွင့်အရေးကော်မတီတို့ကဘယ်လိုအကာအကွယ်ပေးမှာလဲလို့မေးလာရင်ဖြင့် လသားသာရှိသေးတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် စိတ်ရှည်သည်းခံ ပြီးစောင့်ကြည့်ကြပါဆိုပြီး အကြောင်းပြကြအုံးမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။
No comments:
Post a Comment