Saturday, January 14, 2012

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးလိုက်တာ သမ္မတ အိုဘားမား ကြိုဆို... 14 January 2012 ... RFA

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးလိုက်တာ သမ္မတ အိုဘားမား ကြိုဆို
2012-01-14

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော် လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး ဒီအတွက် မြန်မာနိုင်ငံ မှာ သံအမတ်ကြီးတစ်ဦး ပြန်လည်ခန့်ထားမယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။

AFP

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ သံအမတ်ကြီး ပြန်ထားဖို့ အမေရိကန် ဘက်က အဆင်သင့်ဖြစ်နေပြီး လက်ရှိ မြန်မာအစိုးရ အနေနဲ့ ဒီထက်ပိုပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာမယ်ဆိုရင် အမေရိကန်ဘက်ကလည်း ဒီထက်ပိုပြီး လိုက်လျောကူညီဖို့ စဉ်းစားမယ်လို့ ပြောကြားပါတယ်။

သမ္မတအိုဘားမားရဲ့ ကြေညာချက်မှာတော့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်အတွက် လုပ်ရမယ့်ကိစ္စတွေ အများအပြား ကျန်နေသေးတာကြောင့် အမေရိကန်အနေနဲ့ ထိတွေ့ဆက်ဆံရေး မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

၈ လေးလုံး အရေးတော်ပုံနောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီး ကတည်းက အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် မထားတော့ဘဲ သံရုံးတာဝန်ခံပဲ ထားပြီး နှစ်နိုင်ငံ ဆက်ဆံရေးအဆင့် လျှော့ချထားခဲ့တာပါ။ အခုတော့ မြန်မာအစိုးရက ဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်ရွက်နေတာကြောင့် သံအမတ် ပြန်ထားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

No comments:

Post a Comment