Wednesday, March 18, 2009

Filled Under:

ဦးကျော်မင်းအား ဖမ်းဆီးထားခြင်းကိစ္စအပေါ် AHRC မှ အရေးပေါ် ပန်ကြားလွှာ ပေးပို့

RFA ----- 23/ 2/ 2009
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းနဲ့ မိသားစု တစုလုံးကို ထောင်ဒဏ် ၁၇ နှစ်မှ ၄၇ နှစ်အထိ ချထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေ ၀ိုင်းဝန်းကန့်ကွက်ကြဖို့ တိုက်တွန်း နှိုးဇော်ချက် တစ်စောင်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့နဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဦးကျော်မင်းဟာ ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဖြစ်ခဲ့သလို အလယ်တန်း ကျောင်းအုပ် တဦးလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသား လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံ ခဲ့ရသူဖြစ်တယ်။

ဦးကျော်မင်းဟာ BA, B.COM, BED, RL ဘွဲ့တွေ ရရှိထားတဲ့ ပညာတတ် နိုင်ငံသားတဦး ဖြစ်ပါတယ်။ အဲဒီနောက် ဦးကျော်မင်းနဲ့ မိသားစု တစုလုံးကို စစ်အစိုး အာဏာပိုင်တွေက ဖမ်းဆီးပြီး ရိုဟင်ဂျာလူမျိုးတွေဖြစ်ပြီး နိုင်ငံသား ဖြစ်ဖို့ လိမ်လည် ဖေါ်ပြတယ်ဆိုကာ နိုင်ငံသားဥပဒေနဲ့ တဦးကိုထောင်ဒဏ် (၁၀) နှစ်၊ ဒါ့အပြင် အရေးပေါ်စီမံချက်နဲ့ (၇) နှစ်ဆီနဲ့ ၂၀၀၅ ခုနှစ်မှာ ဖမ်းဆီးထောင်ဒဏ် အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ သူဟာ CRPP အဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ILO ကမ္ဘာ့အလုပ်သမား ကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံအပြီးမှာ သူဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးကျော်မင်း ကိစ္စနဲ့ ပတ်သက်ပြီး CRPP အဖွဲ့ဝင် တဦးလည်းဖြစ်၊ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးအေးသာအောင်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ ဦးကျော်မင်းအပါအ၀င် ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသည့် CRPP အဖွဲ့ဝင် ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ဦးအေးသာအောင်တို့ CRPP အနေနဲ့ ကြေငြာချက်တွေ ထုတ်ပြန် တောင်းဆို ဖေါ်ပြထားပြီးဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့ပါတယ်။

ဦးကျော်မင်းတို့ မိသားစုဝင် တခုချင်းစီကို စွဲဆိုတဲ့နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေနဲ့ စွဲချက်တိုင်းမှာ ထည့်သွင်းပြီး စုစုပေါင်း ထောင်ဒဏ် အနှစ် (၄၀) နှစ်နဲ့ ဒဏ်ငွေ နှစ်သိန်းငါးသောင်း (၂၅၀,၀၀၀ ကျပ်)၊ အရေးပေါ် ဥပဒေအရ (၇) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၄၇) နှစ် ချခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဒေါ်ခေါသီဇာ၊ သားကိုအောင်နိုင်၊ သမီးကြီး ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသူ မခင်ခင်နု၊ သမီးငယ် မဝေေ၀နုတို့ကို ထောင်ဒဏ် ၁၇ နှစ်စီ ချထားပါတယ်။ သူတို့ဟာ လောလောဆယ် အင်းစိန်ထောင်မှာ အကျဉ်းချခံနေရပြီး အခြားနိုင်ငံရေး အကျဉ်းသားတွေလို ထောင်ဝင်စာ တွေ့ခွင့်မရဘူးလို့လည်း သိရပါတယ်။