Wednesday, March 18, 2009

Filled Under:

ရှေ့နေများအား ဖမ်းဆီးထားမှုကို လူ့အခွင့်အရေး ကောင်စီတွင် ဆွေးနွေးနိုင်ရန် ALRC မှ ကြေငြာချက်ထုတ်ပြန်

RFA ----- 20/2/2009 သတင်း

ဇွစ်ဇာလန်နိုင်ငံ ဂျီနီဘာမြို့မှာ လာမဲ့လရောက်ရင် ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံက အခြေအနေတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ ALRC, Asian Legal Resource Center ခေါ် အာရှဥပဒေ အရင်းအမြစ် ပင်မဌာနကနေ တရားဥပဒေ အရေးဆိုင်ရာ အချက်အလက်တွေကို ဒီနေ့ တင်သွင်းလိုက်ပါတယ်။ ALRC ကနေ လူ့အခွင့်အရေး ကောင်စီကို စာနှစ်စောင် တင်သွင်းတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားသူတွေဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေ အဖမ်းအဆီး၊ အထိန်းအသိမ်း အကျဉ်းချ ခံနေရတဲ့ ကိစ္စနဲ့၊ အမှုလိုက်ပါ ဆောင်ရွက်ရာမှာ ရှေ့နေတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တင်ပြထားပြီး ဒါတွေကို အမြန်ဆုံး ပြင်ဆင်နိုင်အောင် လူ့အခွင့်အရေး ကောင်စီက အရေးယူ ဆောင်ရွက် ဖိအားပေးဖို့ တိုက်တွန်းတဲ့ စာတစောင် တင်သွင်းတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“နောက်တစောင်ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားစီရင်ရေးစနစ်တွေမှာ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ တရားဥပဒေမဲ့ စစ်ဆေး ဆုံးဖြတ်နေတဲ့ ကိစ္စရပ်တွေ၊ မြန်မာပြည်အတွင်းမှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာတွေနဲ့ ပတ်သက်လို့ အမှုသည်တွေနဲ့အတူ တင်သွင်းထားတာ ဖြစ်ပါတယ်။”

နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နဲ့ လူငယ်ရှေ့နေ ကိုပိုးဖြူနဲ့ ဦးညီညီထွေးတို့ လောလောဆယ် ဖမ်းဆီး အရေးယူ ခံနေရပါတယ်။ လူငယ်ရှေ့နေ အဖွဲ့ဝင်တွေ အခြိမ်းခြောက်ခံနေရ၊ စောင့်ကြည့် ခံနေရကြောင်းလည်း ဦးမင်းလွင်ဦးက ပြောကြားပါတယ်။