Wednesday, March 18, 2009

Filled Under:

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာပြည်ခရီး

VOA---- morning programယ 20/ 2/ 2009

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ကုလသမဂ္ဂမှ ခန့်အပ်ထားတဲ့ မစ္စတာ တိုက်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ မြန်မာနိုင်ငံ (၆) ရက်ခရီးစဉ်ဟာ ကြာသပတေးနေ့မှာ ပြီးဆုံးပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အပြီး လေဆိပ်မှာ သံတမန်တွေနဲ့ သတင်းထောက်တွေကို တွေ့ဆုံတဲ့အခါမှာမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တွေဟာ စိန်ခေါ်နေဆဲဖြစ်ပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက်လာပြီးလို့ ပြောဖို့ရာ ခက်ခဲနေတုန်း ပါဘဲလို့ ပြောခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ လူ့အခွင့်အရေး အခြေအနေနဲ့ တရားရေး အခြေအနေတွေကို လေ့လာနိုင်ဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ချင်တယ်လို့ ပြောထားပေမဲ့ သူသွားမယ်လို့ ပြောထားတဲ့ ပြည်နယ် (၃) ခုထဲက ကရင်ပြည်နယ်ကိုဘဲ သွားရောက် နိုင်ခဲ့တဲ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သူတွေ့ချင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သူရည်ရွယ် ထားတဲ့အတိုင်း မဖြစ်တာဟာ ပေါ်လွင်နေပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဒီခရီးစဉ်ကတော့ မစ္စတာကင်တားနား အနေနဲ့ သူဆောင်ရွက်ချင်တဲ့ သူစုံစမ်းချင်တဲ့ ဟာတွေကို အပြည့်အ၀ တွေ့ဆုံခွင့် မရသွားတဲ့ သဘော၊ ဒါကတော့ ပေါ်ပေါ်လွင်လွင် ရှိနေတယ်။ သူလုပ်ချင်တဲ့ အဓိက အချက် (၄) ချက်ထဲကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ရင်တော့ သူနိုင်ငံရေး အကျဉ်းသားအချို့နဲ့၊ အချို့သောအစိုးရ ဌာနတွေနဲ့ တွေ့တဲ့နေရာမှာ သူအကဲခတ်လို့ ရအောင် အချက်အလက်တော့ တချို့ရသွားပါလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုဘဲ ယုံကြည်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေနဲ့ တရားဥပဒေဆိုင်ရာ အချက်အလက်တွေ ရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယုံကြည်သလိုဘဲ အာရှ လူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကလည်း မစ္စတာကင်တားနားရဲ့ ခရီးစဉ်မှာ တရားရေးဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ခွင့် ရခဲ့တာမို့ ညှိနှိုင်းမှု တစုံတရာ ရနိုင်မယ်လို့ မျှော်လင့်နိုင်ကြောင်း ပြောပါတယ်။

“သူက အစိုးရရဲ့ စီမံခန့််ခွဲမှုအရဘဲ သူသွားရတာ ဖြစ်တယ်။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် တွေ့ချင်တဲ့သူတွေကို တွေ့ခွင့် မရခဲဘူးဆိုတာကို ကျနော်တို့ သိရှိရတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ကောင်းတယ်လို့ တခု မှတ်ယူနိုင်တယ် ဆိုတာက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ရှေ့နေချုပ်တွေနဲ့ တွေ့တယ်။ တရားသူကြီးချုပ်နဲ့ တွေ့တယ်။ တွေ့တယ် ဆိုလို့ရှိရင်တော့ သူ့အနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းစရာတွေကို တော်တော်များများ မေးမြန်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ချိုးဖေါက်ထားတဲ့ ကိစ္စရပ်တွေကို အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် ရှေ့နေချုပ်ရယ်၊ တရားသူကြီးချုပ်ရယ် အနည်းငယ် ညှိနှိုင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ အခုခရီးစဉ်မှာ ပြည်တွင်း ဥပဒေတွေကို နိုင်ငံတကာ အခြေခံ လူ့အခွင့်အရေးစံတွေနဲ့ ကိုက်အောင် ပြုပြင်ဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၀၀၀ ကျော်ကို လွှတ်ပေးဖို့နဲ့၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ ရလာစေဖို့၊ စစ်တပ်ကို ပြုပြင်ပြောင်းလဲတာတွေ၊ လူ့အခွင့်အရေး သင်တန်းတွေ ပေးဖို့နဲ့ တရားစီရင်ရေးတွေမှာ သီးခြား လွတ်လပ်ခွင့်ရအောင် ပြောင်းလဲဖို့အတွက် တိုက်တွန်းဖို့ သွားရောက်မယ်လို့ ပြောထားတာမို့ ဒီအချက်တွေထဲမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အချက်တွေရှိသလားလို့ မေးတဲ့အခါမှာတော့ -

ဦးမင်းလွင်ဦးက - “ ကျနော်တို့တွေမှာ မြန်မာနိုင်ငံမှာ ရှိတဲ့စစ်တပ်ကို လူ့အခွင့်အရေး သင်တန်းတွေပေးဖို့ ဆိုတဲ့ ကိစ္စရပ်ကတော့ ဖြစ်ဖို့ ခဲယဉ်လိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။ အရင်ကလည်း အောစတြေးလျား နိုင်ငံခြားရေးဝန်ကြီး အလက်စန္ဒားဒေါင်းနား ကနေပြီးတော့ သူ့လိုမျိုးဘဲ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ ရဲတပ်ဖွဲ့ရယ်၊ စစ်တပ်အရာရှိ တွေရယ်၊ ဥပဒေအရာရှိ တွေရယ်၊ တရားရေး ၀န်ထမ်းတွေရယ်ကို ခေါ်ပြီးတော့ သင်တန်းပေးခဲ့တာ ရှိတယ်။ ဒါတွေက အောင်မြင်မှု မရှိဘူး၊ ဆက်လက်လုပ်ဆောင်မှု မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိနေရတယ်။”

“အဲတော့ ကျန်တဲ့ (၃) ချက်ကို ကျနော့အနေနဲ့ မပြောလိုပါဘူး။ စစ်တပ်ကို လူ့အခွင့်အရေး သင်တန်းပေးဖို့ ဆိုတာကတော့ အခက်အခဲများစွာ ရှိနေဦးမယ် ဆိုတာကို ကျနော်တို့ ကြိုတင်တွက်ဆလို့ ရပါတယ်။”
ဦးမင်းလွင်ဦး ပြောသွားတာပါ။

ဒါ့အပြင် မစ္စတာကင်တားနားဟာ နေပြည်တော်မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ အကျဉ်းသားတွေကိစ္စ ဆွေးနွေး နိုင်ခဲ့တာမို့ သူ့ရဲ့ တိုက်တွန်းချက်တွေအတွက် အစုံတရာ ရလာဒ်ကောင်းတွေ တွေ့လာဖို့လည်း မျှော်လင့်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။