Thursday, March 19, 2009

Filled Under:

လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းသော ကင်တားနားရဲ့ အစီရင်ခံစာအပေါ် သုံးသပ်ချက်

VOA ----- 18 March 2009

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ် အိုဟေးကင်တားနားက ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံကို သွားစဉ်မှာ သူတွေ့ခဲ့တဲ့ အချက်တွေ အပါအ၀င် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ အစီရင်ခံ တင်ပြသွား ခဲ့ပါတယ်။

ဒီအပေါ် မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်မှ တုန့်ပြန်ချက်၊ တခြား နိုင်ငံတကာရဲ့ တုန့်ပြန်ဆွေးနွေးချက် တွေအပေါ် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ဘယ်လို သုံးသပ်ပါသလဲ။ ကိုကျော်အောင်လွင်က အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို မေးမြန်းထားပါတယ်။

မေး ----- မစ္စတာ ကင်တားနား အစီရင်ခံချက် အပေါ်မှာ မူတည်ပြီး ဦးမင်းလွင်ဦး ဘယ်လိုသုံးသပ်ချက် ပေးချင်ပါသလဲ။

ဦးမင်းလွင်ဦး ----- “ မစ္စတာကင်တားနားရဲ့ လုပ်ငန်း တွေ့ရှိချက်တွေ၊ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ နိုင်ငံတော်တော်များများမှ အပြုသဘောဆောင်တဲ့ သုံးသပ်ချက် ပေးတာကို တွေ့ရှိရတယ်။ ဒါပေမဲ့ တရုတ်၊ ရတ်ရှား၊ လာအို၊ အိန္ဒိယ မှလွဲပြီး ကျန်တဲ့နိုင်ငံ တော်တော်များများမှ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ လူ့အခွင့်အရေး အခြေအနေ၊ သုံးသပ် ပြောဆိုတဲ့ ပြောဆိုချက် တော်တော်များများဟာ ကျနော်တို့အနေနဲ့ ကျေနပ်စရာ ကောင်းတဲ့ အချက်တွေလို့ ကျနော်တို့ မြင်ပါတယ်။

မေး ----- ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေဟာ ဒီထက်မက ထိရောက်မဲ့ သဘော မြင်ရပါသလား ခင်ဗျား။

ဦးမင်းလွင်ဦး ----- အထူးကိုယ်စားလှယ်ရဲ့ လေ့လာတွေ့ရှိချက်က တော်တော် အသေးစိပ် ကျပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လည်းကောင်း၊ အကျဉ်းသားတွေကို ဆက်ဆံတဲ့ အပေါ်မှာ လည်းကောင်း လူသားမဆန်တဲ့ အချက်အလက် ကအစ သူက အသေးစိပ် တင်ပြဆွေးနွေး ထားတာဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတကာက စိတ်ဝင်စားမှု ရှိစေတာက----
၁။ မြန်မာနိုင်ငံ အတွင်းမှာ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ရှိဖို့ရယ်။
၂။ ရှိတဲ့ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ရယ်။

အဲဒါကို သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင်က ဥပဒေပေါင်း ၃၈၀ ကို ပြန်လည် သုံးသပ်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပို့ဆောင်ထားပြီးသား ဖြစ်တယ်။ အဲတာတွေကို ပြန်လည်သုံးသပ်မယ်လို့ ပြောတယ်။ လူ့အခွင့်အရေး ကောင်စီမှာ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်တခုလုံးကို ပြန်လည်ပြင်ဆင် ပြောင်းလဲသင့်ပြီ၊ ဖိနှိပ်တဲ့ ဥပဒေတွေကို နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့အညီ အချက်အလက်တွေကို အထူးပြု ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် လာမဲ့လုံခြုံရေးကောင်စီ အစည်းအဝေး တွေမှာ မြန်မာအစိုးရကနေပြီး ဒီအချက်အလက် တွေကို ပြန်လည် ပြင်ဆင် ပြောင်းလဲပေးဖို့လိုတယ်။ ဒါတွေကို နိုင်ငံတကာကလည်း ဖိအားပေးသွားမယ် ဆိုတာကို ကျနော်တို့အနေနဲ့ အကောင်းဘက်က ထင်မြင်ယူဆပါတယ်။

မေး ----- ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ တယောက်မှ မရှိဘူးလို့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင် ကနေပြီးတော့ အစည်းအဝေးထဲမှာ ပြောသွားခဲ့ပါတယ် ခင်ဗျား။ ဒါပေမဲ့ မစ္စတာ ကင်တားနား ကိုယ်တိုင်က မြန်မာပြည်မှာ နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေဟာ ထောင်နဲ့ချီ ရှိတယ်လို့ ဒီအစည်းအဝေးမှာပဲ ထည့်ပြောခဲ့ပါတယ်။ ဆိုတော့ ဦးမင်းလွင်ဦး အနေနဲ့ရော မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ရှိ မရှိဆိုတဲ့ကိစ္စ ဘယ်လိုများ ထပ်ပြောချင်သလဲ။

ဦးမင်းလွင်ဦး ----- ရှေ့ကဖုံး နောက်ကပေါ် ဆိုသလိုမျိုး ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ၂၀၀၈/ ၂၀၀၉ ခုနှစ်အတွင်း လွှတ်ပေးခဲ့တဲ အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်ပါတယ် ဆိုတာ သူတို့ပြောခဲ့တယ်။ ဒီနိုင်ငံရေးအကျဉ်းသား မရှိဘူးလို့သာ သူတို့က ဘူးခံပြီး ငြင်းနေပေမဲ့ နိုင်ငံတကာက သံအရာရှိတွေရယ်၊ လေ့လာတဲ့သူ တော်တော်များများက မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ရှိတယ်။ အဲဒီလူတွေကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် တိုက်တွန်းပြောဆိုနေတဲ့ အချက်အလက်တွေ ကျနော်တို့ ကြားသိနေရတယ်။

အဲတော့ လူ ၆၀၀၀ လွှတ်တဲ့အထဲမှာ ဘယ်နှစ်ယောက်က နိုင်ငံရေးသမားဖြစ်တယ်ဆိုတာ ပါနေတဲ့အတွက် ဒီဥစ္စာက မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသမား ရှိနေတယ်ဆိုတာကို သူ့အနေနဲ့ ငြင်းပယ်လို့မရတဲ့ အချက်ဖြစ်တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

AHRC အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ကျေးဇူးတင်ပါတယ်။