Monday, March 23, 2009

Filled Under:

တရားဥပဒေ စိုးမိုးရေးပေါ်ပေါက်ရန် ပါကစ္စတန် ပြည်သူများ ကြိုးပမ်းမှု အောင်မြင်

ညီညီချမ်း
မတ်လ၊ ၂၀၀၉ ခုနှစ်


မျက်မှောက်ကာလ အာရှ နိုင်ငံများ၏ တရားဥပဒေ စိုးမိုးရေး တောင်းဆို တိုက်ပွဲဝင်ရာတွင် ပါကစ္စတန် နိုင်ငံကို စံပြသဖွယ် တွေ့ရပေသည်။ နိုင်ငံ အတွင်း တရားစီရင်ရေးစနစ် ယိမ်းယိုင် ပြိုလဲသွားအောင် ဖျက်ဆီးခဲ့သူ မူရှာရတ် စစ်အစိုးရအား ဖယ်ရှားရာတွင် လည်းကောင်း၊ တရားသူကြီးချုပ် အစ်တာကာချာဒရီကို မူလရာထူး ပြန်လည် ခန့်အပ်ရန် လက်ရှိသမ္မတ အဆစ်ဇာဒါရီနှင့် ၀န်ကြီးချုပ် ဂျေတာနီ အစိုးရအား တောင်းဆို ရာတွင်လည်းကောင်း လူထုအခြေပြု လူ့အဖွဲ့အစည်း၏ အင်အားဖြင့် တိုက်ပွဲဝင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပါသည်။

ဥပဒေဘောင် တိုက်ပွဲအတွင်း ပြည်သူလူထု အစွမ်းပကားဖြင့် အောင်ပွဲ ဆင်နွှဲနိုင်ခဲ့သည်မှာ အထင်အရှား ဖြစ်ပေသည်။ သို့သော် လွယ်လွယ်နဲ့ အောင်မြင်ခဲ့ခြင်း မဟုတ်၊ အသွက်၊ သွေး၊ ချွေး မြောက်များစွာ မလွဲမရှောင်သာ ပေးဆပ် စတေးခဲ့ရသည်မှာလည်း အမှန်ပင်။

လှုပ်ရှားတောင်းဆိုမှုအတွင်း ထင်ရှားသော ပေးဆပ်ရမှုများမှာ ယခင် အတိုက်အခံ ခေါင်းဆောင် ဘာနေဇီယာဘူတို လုပ်ကြံခံလိုက်ရသည်။ အလားတူ တရားသူကြီးချုပ် အစ်တာကာချာဒရီ အပါအ၀င် အခြားတရားသူကြီး ၆၀ ဦး ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည့်အပြင် ရုန်းရင်းဆန်ခတ်မှုအတွင်း လူဦးရေ ၈၀ ခန့် အသက်ပေးသွားရသည်မှာ ပါကစ္စတန်နိုင်ငံ၏ ဖျောက်ဖျက်၍ မရနိုင်သော သမိုင်းသင်ခန်းစာ ဖြစ်ပါသည်။

ပါကစ္စတန်နိုင်ငံတွင် စစ်ဗိုလ်ချုပ် မူရှာရတ်က နိုင်ငံ၏ တည်ဆဲဥပဒေအချို့ကို စစ်ဥပဒေ Martial Law အဖြစ် အစားထိုးပြင်ဆင် လာခဲ့ရာမှ အာဏာရ စစ်ဗိုလ်သမ္မတ ဖြစ်လာသည်။ စစ်အာဏာဖြင့် အစိုးရ ယန္တရား အားလုံးကို ထိန်းချုပ်လာခဲ့ရာ နိုင်ငံ၏ တရားစီရင်ရေးစနစ် ယိမ်းယိုင်လာခဲ့သည်။ တရားမမှုတွေကို စစ်ဆေးရာတွင် အချိန်ကြန့်ကြာအောင် တမင်ဖန်တီးပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ် သံသယ ရှိသူတွေကို နှစ်နဲ့ချီ ကိုင်တွယ်ဖြေရှင်းမှု မပြုသကဲ့သို့ အမှုအချို့မှာ ဆယ်စုနှစ်အထိ နှောင့်နှေး ကြန့်ကြာ နေတတ်သည်။ ဤကဲ့သို့ တရားစီရင်ရေးစနစ် အားပျော့လာနေချိန်မှာ တရားဥပဒေ စိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရန် တရားသူကြီးများ၊ ရှေ့နေများ ဦးဆောင်ကြိုးပမ်းသည့် လူထုလှုပ်ရှားမှုသည်လည်း တဖြေးဖြေး အရှိန်အဟုန် ကြီးမားလာသည်။

နိုင်ငံအတွင်း တရားဥပဒေစိုးမှုစနစ် ကျဆင်းနေသည့်အလျှောက် စစ်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်များ အာဏာရရှိရေးအတွက် ချယ်လှယ်နေစဉ် အခြားတဘက်တွင် ပြတ်သားမှန်ကန်စွာ တရားစီရင်တတ်သော တရားသူကြီးချုပ် အစ်တာကာချာဒရီနှင့် ရှေ့နေများ၏ တရားဥပဒေဘောင်အတိုင်း ကိုင်တွယ် ဆောင်ရွက်မှုသည် မူရှာရတ် စစ်အစိုးရအား အနှောင့်အယှက် သဖွယ်ဖြစ်လာခဲ့သည်။ စစ်ယူဖေါင်းဖြင့် မူရှာရတ် သမ္မတ ဖြစ်လာခြင်းသည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်သည်ဟူ၍ တရားသူကြီးချုပ် အစ်တာကာ ချာဒရီနှင့် အပေါင်းအပါတို့က ကန့်ကွက်ကြသည်။ အလားတူ Bar Council ကလည်း ၂၀၀၇ နိုဝင်ဘာ ၁ ရက်နေ့တွင် မူရှာရတ် သမ္မတ မလုပ်သင်တော့ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ဤအကြောင်းများကြောင့် မူရှာရတ်က ၂၀၀၇ နှစ် မတ် ၉ ရက်နေ့တွင် တရားသူကြီးချုပ် အစ်တာကာချာဒရီကို ရာထူးမှ ဖြုတ်ချဖယ်ရှားလိုက်သည်။ နိုင်ငံ၏ တရားစီရင်ရေးစနစ် ပျက်စီးသွားမည့်အရေးကို မလိုလားသည့် လူထုလည်းတန်းစားအဖွဲ့များက ရှေ့နေများနှင့်ပူးပေါင်းကာ အဖြုတ်ချခံလိုက်ရသူ တရားသူကြီးချုပ်ကို ပြန်လည်ခန့်အပ်ရန် လမ်းမပေါ် ဆန္ဒပြ တောင်းဆိုလာကြသည်။

ဆန္ဒပြတောင်းဆိုမှု အရှိန်အဟုန် ကြီးမားလာကာ ရုန့်ရင်းဆန်ခတ်မှုတွင် ရဲနှင့် အရပ်သား အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် လူ ၈၀ သေဆုံးသွားခဲ့ရသည်။ ဤကဲ့သို့ ပရမ်းပသာ ဖြစ်သွားသည့် လူသေဆုံးရမှုကို အခွင့်ကောင်းယူပြီး မူရှာရတ်က နိုင်ငံတော်လုံခြုံရေးအတွက် အကြောင်းပြကာ နိုဝင်လာလ ၃ ရက်နေ့တွင် နိုင်ငံတော်အရေးပေါ် ကြေငြာချက်ထုတ်ပြန်ပြီး တရားသူကြီး ၆၀ ဦးကို ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်သည်။ ဤသို့ တရားသူကြီးများ အဖြုတ်ချခံလိုက်ရပြီးနောက် ပြည်သူတို့တောင်းဆိုမှုအင်အား ပျော့သွားမည့်အစား ဆန္ဒပြမှုအရှိန်အဟုန် ပိုမိုပြင်းထန်လာသည်။

တရားသူကြီးများအား ပြန်လည်ခန့်ရပ် တောင်းဆိုမှု အရှိအဟုန် ကြီးမားလာခြင်းကြောင့် မူရှာရတ်အနေဖြင့် အရေးပေါ်ကြေငြာချက်ကို ဒီဇင်ဘာ ၁၅ ရက်တွင် မလွဲမရှောင်သာ ရုပ်သိမ်းပေးလိုက်သည်။ နောက်ဆုံးတွင် ဘာမျှ မစွမ်းနိုင်တော့ဘဲ မူရှာရတ် သမ္မတရာထူးမှ နှုတ်ထွက်ပေးလိုက်သည်။ ဤသည်ကား ပြည်သူလူထု၏ ပထမအောင်ပွဲဟု ဆိုရပေမည်။ သို့သော် တိုက်ပွဲကား မပြီးဆုံးသေး။

မူရှာရတ်အား ဖယ်ရှားနိုင်ရေးအတွက် ဆန္ဒပြလှုပ်ရှား တိုက်ပွဲဝင် နေစဉ်အတွင်း ပါကစ္စတန် ပြည်သူ့ပါတီ (Pakistan Peoples Party) ကို ဦးဆောင်သူ ၀န်ကြီးချုပ်ဟောင်း ဘာနေဇီယာဘူတို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် လုပ်ကြံခံ လိုက်ရခြင်းကြောင့် ရွေးကောက်ပွဲကို မူလက ၂၀၀၈ ဇန်နာဝါရီလတွင် ကျင်းပရန် စီစဉ်ထားရာမှ ဖေဖေါ်ဝရီ ၁၈ ရက်သို့ ပြောင်းရွှေ့လိုက်ရသည်။

ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတ အဆစ်ဇာဒါရီနှင့် ၀န်ကြီးချုပ် ဂျေတာနီ ဦးဆောင်သောအစိုးရသစ် အာဏာရလာသော်လည်း ယခင်မူရှာရတ် လက်ထက်ကဲ့သို့ပင် တရားသူကြီးချုပ်အား ပြန်လည် ခန့်အပ်ခြင်းမရှိပေ။ ပါကစ္စတန် တရားစီရင်ရေးစနစ် တိုးတက်ကောင်းမွန်လာရန် တောင်းဆိုနေသည့် အချိန်မှာ တရားသူကြီးချုပ်နဲ့ အခြားတရားသူကြီးများ တာဝန်ယူရမည့် အရေးသည် ပါကစ္စတန် ပြည်သူတို့၏ ကြီးမားသည့် မျှော်လင့်ချက် ဖြစ်သည်။ လက်ရှိ အတိုက်အခံခေါင်းဆောင် နာဝါရှာရစ်ဦးဆောင်သော ပြည်သူ့လှုပ်ရှားမှုသည် အစ္စလန်မာဘတ်မြို့သို့ ချီတက်ဆန္ဒပြရန် ဆိုင်းပြင်းထားပြီးဖြစ်သည်။

ဤကဲ့သို့ တရားသူကြီးချုပ်အား ရာထူးပြန်လည်ခန့်အပ်ရေး တောင်းဆိုတိုက်ပွဲဝင်မှုသည် ၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အမြင့်ဆုံးအနေအထားကို ရောက်ခဲ့သည်။ ထောင်သောင်းချီသည့် လူအုပ်ကြီးသည် မြို့တော် အစ္စလန်မာပတ်တွင် အကြီးအကျယ် ဆန္ဒပြရန် ပြင်ဆင်နေချိန်မှာပင် လက်ရှိပါကစ္စတန် ၀န်ကြီးချုပ် ကျေလာနီက ဆန္ဒပြသူတွေ၏ ဆန္ဒအတိုင်း ဖမ်းဆီးခဲ့တဲ့ သူတွေကို ပြန်လွှတ်ပေးပြီး မစ္စတာ ချာတရီနှင့် အခြားတရားသူကြီးများကို မတ်လ ၂၁ ရက်နေ့တွင် မူလရာထူး ပြန်လည်အပ်နှင်းပေးမည်ဟု ပြောဆိုလာခဲ့ရသည်။ ဤသည်ကား ပါကစ္စတန် ပြည်သူလူထု၏ ဒုတိယ အောင်မြင်မှု မဟုတ်ပါလော။

ယခုဆိုရင် ပါကစ္စတန်နိုင်ငံတွင် မူရှာရတ် စစ်အစိုးရကိုလည်း ပြည်သူ့အင်အားဖြင့် ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်၍ စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သား ဒီမိုကရေစီအုပ်ချုပ်ရေး အသွင်သို့ ပြောင်းလဲလာနေခဲ့ပါပြီ။ တရားသူကြီးချုပ်နှင့် အခြားတရားသူကြီးများ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ပြီးဖြစ်၍ တရားဥပဒေစိုးမိုရေး ရောင်ခြည်ဝေဖြာ လာနေပြီ။ ဤကဲ့သို့ ပြောင်းလဲလာရန် ဖန်တီးသူသည် နိုင်ငံသားပြည်သူထုသာ ဖြစ်ပါသည်။ နိုင်ငံသားပြည်သူတို့၏ စုစည်းမှု အင်အားသည်သာ အဓိက ဖြစ်ပါသည်။

ယနေ့ မျက်မှောက်၂၁ ရာစုတွင် နိုင်ငံသား ပြည်သူတွေကို လက်နက်ဖြင့် ဖိနှိပ် အနိုင်ကျင့် ပစ်သတ်သောနည်းဖြင့် အုပ်ချုပ်သော စစ်အစိုးရကို ကမ္ဘာက မလိုလားပါ။ လူ့အခွင့်အရေးကို အကာအကွယ်ပေးသော၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာသော ပြည်သူလူထု အုပ်ချုပ်သော ဒီမိုကရေစီခေတ်သို့ ရောက်နေပေပြီ။

သို့ဖြစ်၍ ပါကစ္စပြည်သူတို့၏ စုစည်းညီညွတ်သောအားကို စံပြုကာ မြန်မာနိုင်ငံတွင်လည်း ဖိနှိပ်ချုပ်ခြယ်မှုကင်းပြီး ဥပေဒေကို လေးစားလိုက်နာသည့် အစိုးရတရပ် ပေါ်ပေါက်ရေးအတွက် တာဝန်တရပ်အဖြစ် ကျွန်ုပ်တို့ ပြည်သူ နိုင်ငံသားအားလုံး ကြိုးပမ်း ရုံးကန်သွားကြပါစို့။

0 comments:

Post a Comment