Tuesday, March 24, 2009

Filled Under:

ဥပဒေနဲ့မကိုက်ညီဘဲ အရေးယူနေတဲ့အခြေအနေ

VOA ---- 20/ 3/ 2009

မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက တိုက်တွန်းတောင်းဆိုနေချိန်မှာ ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့မညီဘဲ ပြစ်ဒဏ်ပေး အရေးယူဖို့ ပြင်ဆင်တာတွေလည်း ရှိနေဆဲပါ။ အခုဆိုရင် တက်ကြွလှုပ်ရှားသူ လူငယ်တချို့လည်း ပြီးခဲ့တဲ့နှစ် နာဂစ်လေဘဘးဒဏ်ကာလမှာ စေသနာ့ဝန်ထမ်း ကူညီခဲ့ကြသူတွေကို အရေးယူဖို့ ဆက်လက်ပြင်ဆင်နေသလို အစောပိုင်းက ပြစ်ဒဏ်ပေး ထောင်ချတာတွေ လုပ်ခဲ့တဲ့ နေရာမှာလည်း ဥပေဒနဲ့မညီဘဲ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်ဆိုပြီး သူတို့ရဲ့ ဥပဒေအကျိုးဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက ဆက်ပြီးပြောပြပါဦးရှင်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မှုရှိပါတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ထိန်းသိမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးသူ သောမတ်အိုဟေး ကင်တားနားက တိုက်တွန်းထားပေမဲ့လည်း စစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ တက်ကြွသူတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ ထောင်ချဖို့ကြိုးပမ်းတာကလည်း ဆက်ပြီးရှိနေတာပါ။ အခုဆိုရင်လည်း ပြီးခဲ့တဲ့နှစ် နာဂစ်ဆိုင်းကလုန်းဘေး သင့်ခဲ့တဲ့ကာလမှာ စေသနာ့ဝန်ထမ်း အကူပေးရေးလုပ်ငန်းတွေ လုပ်နေတုန်း ဖမ်းဆီးခံထားရသူ ဒေါက်တာနေ၀င်း၊ သမီးဖြစ်သူ မဖြိုးဖြိုးအောင်၊ နောက်ထပ်လူငယ် ၃ ဦးတို့ကိုလည်း တရားမ၀င်အဖွဲ့ အစည်းတွေနဲ့ ဆက်နွယ်တယ်။ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်တယ်၊ စတဲ့ စွပ်စွဲချက်တွေနဲ့ ရန်ကုန်အင်းစိန် အထူးတရားရုံးမှာ ရုံးတင် စစ်ဆေးနေပါတယ်။

ဒါပေမဲ့ ဒီလိုစွပ်စွဲချက်တွေနဲ့ အရေးယူအပြစ်ပေးဖို့ ကြိုးပမ်းနေတာတွေဟာ ဥပေဒေနဲ့ မကိုက်ညီတာ ရှိနေတယ်ဆိုပြီး သူတို့ရဲ့ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောပါတယ်။

“ တရားလိုတွေဘက်က တမှုက သင်းဖွဲ့ ၆/၇ နဲ့ စွဲထားတယ်။ ကျန်တဲ့အမှုက သီဟသန့်ဇင်ကို ပုဒ်မ ၁၄၃/ ၁၄၅ နဲ့ ၅၀၅ (ခ) နဲ့ အဲတာ တမှုဘဲ်။ နောက်တခါ ပြည့်ဖြိုးအောင်၊ ဝေအောင်ကို ၅၀၅ (ခ) နဲ့ တမှုသက်သက် အသင်းဖွဲ့ ၆/ရ တမှုဘဲ ဖြစ်တယ်။

အဓိကသူတို့လမ်းကြောင်းက အောင်သန့်စင်ဦးရယ် ပြည့်ဖြိုးအောင်က ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းမှာ ပါဝင်တယ်။ အဖွဲ့အစည်းမှာ ပါဝင်တော့ ကျန်တဲ့သူတွေက အားပေးတယ်။ အဲဒီသဘောဘဲဖြစ်တယ်။ ကျနော်တို့က စွဲချက်မတင်သေးဘူးပေါ့လေ။ အကျဉ်းပဲပြောလိုက်တယ်။ ရဲရှေ့ ထွက်ချက်နဲ့ အမှုစွဲဆိုထားတဲ့အတွက် ဒါဟာ ပြစ်မှုမမြောက်ဘူး။ ရဲရှေ့ထွက်ချက်ကို ပြစ်မှုဆိုင်ရာ ၁၆၀ သက်သေခံ ဥပဒေနဲ့ ထင်ရှားအောင် ပြဆိုထားတဲ့ ပြဌာန်းချက်တွေရှိတယ်။ ဒါကြောင့်သူတို့ကို စွဲချက်မတင်နိုင်ဘူး။”

အစောပိုင်းမှာတုန်းကတော့ သူတို့တွေရဲ့အမှုမှာ ဥပေဒအကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့်တွေ မရဘဲ ဖြစ်ခဲ့ရပြီးတော့ ပြီးခဲ့တဲ့ လကုန်ကမှ ရှေ့နေဖြစ်သူက လိုက်ပါဆောင်ရွက်ခွင့် ရတာ ဖြစ်ပါတယ်။ အခုလို အပြစ်ပေး အရေးယူ ခံရမဲ့အရေး ရင်ဆိုင်နေရတဲ့ သူတွေလိုဘဲ အစောပိုင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခံရသူတွေဆိုရင် ဒီလိုသက်သေ အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ဆောင်ရွက်ခဲ့တာရှိတယ်ဆိုပြီး ဟောင်ကောင်အခြေစိုက် AHRC ကလည်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ မကြာခင်ကဘဲ ထောင်ဒဏ် ၈ နှစ်ကနေ ၂၄ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ လူငယ် ၉ ဦးတွေရဲ့ အမှုတွေက ရလာတဲ့ အချက်တွေကနေ အခုလိုပြောနိုင်တယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက ဆိုပါတယ်။

“ ကျနော်တို့ ပြောချင်တာက ကိုပြည့်ဖြိုးလှိုင်တို့ အပါအ၀င် ၉ ဦးကို နယ်စပ်ကို ဖြတ်ကျော်တယ်။ ၂၀၀၆ ကနေ စပြီး ဖြတ်ကျော်တယ် ဆိုတဲ့ စွပ်စွဲချက်ရှိတယ်။ ဒါပေမဲ့ သက်သေအထောက်အထား မပြနိုင်ခဲ့ပါဘူး။ နောက်ပြီးတော့ မတရား အသင်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုရှိတယ် ဆိုတာကလည်း စစ်ကြောရေး စခန်းမှာ တပ်မတော် စစ်ကြောရေးကနေပြီးတော့ စစ်ကြောထားတဲ့ စစ်ကြောချက်တွေမှာ မူတည်ပြီးတော့ တင်ပြထားတဲ့ အရာတွေက သက်သေခံဥပဒေနဲ့ မညီဘူးဆိုတာကို့  ကျနော်တို့ ပြောလိုခြင်းဖြစ်တယ်။

ဒီအမှုတွေကို ဆက်လက်စစ်ဆေးနေတဲ့ အရာတွေမှာလည်း တရားလို ဖြစ်တဲ့သူတွေကို စစ်ဆေးပြီးတဲ့နောက်မှသာ ရှေ့နေတွေကို ၀င်ရောက်ခွင့်ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအမှုမှာ စွဲဆိုထားတဲ့ တရားလိုတွေကို တရားခံကနေပြီးတော့ ထိုက်သင့်တဲ့ ခုခံချေပခွင့် မရခဲ့ဘူး။
အဲတော့ နိုင်ငံတကာက ပြောလာတယ်။ ဖိအားပေးလာတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လာပြီးတဲ့ နောက်ပိုင်းမှသာ ရှေ့နေတွေကို ၀င်ရောက်ခွင့် ပြုတဲ့အခါမှာ ဒီလိုပြန်လှန်မေးမြန်းဖို့အတွက် အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။

ပြန်ခေါ် သက်သေအဖြစ် ပြန်လည်ခေါ်လာမယ်ဆိုရင်လည်း တရားရုံးက ခွင့်မပြုတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေက ဥပဒေနဲ့ မညီညွတ်ဘူး ဆိုတာကို ကျနော်ပြောချင်တယ် ခင်ဗျား။

အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက အခုတပါတ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံမှာ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးသူရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အများအပြားဟာ ဥပဒေအကျိုးဆောင်တွေလည်း လိုက်ပါဆောင်ရွက်ခွင့်မရ။ မိသားစုတွေလည်း ဘာမှမသိရဘဲ ထောင်သွင်းတံကားပိတ် တရားခွင့်တွေမှာ အပြစ်ပေးတာတွေ ခံရတာ ဆိုပြီးတော့လည်း ဖေါ်ပြခံခဲ့ရတာ ခင်ဗျား။