Sunday, March 29, 2009

Filled Under:

လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်အား နိုင်ငံအများစုက ထောက်ခံ

RFA ----- 28 / 3/ 2009

မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရတာတွေ၊ တရားစီရင်ရေး စနစ်တွေမှာ အာဏာပိုင်တွေဘက်က အနိုင်ကျင့် နေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီရဲ့ ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံအများစုက ထောက်ခံ သဘောတူညီ ခဲ့ကြပါတယ်။

HRW လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကိုယ်စားလှယ် မစ္စ ဂျူရီလီဘယ်ကတော့ ---

“လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံအများစုက ကြေနပ် ဆုံးဖြတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်၊ ရတ်ရှား၊ အိန္ဒိယနိုင်ငံများက ဘယ်လို ကန့်ကွက်တယ်ပြောပြော တကယ် အရေးကြီးတာက နိုင်ငံအများစုကြီးက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ အခြေအနေတွေကို ၀ိုင်းပြီး စိုးရိမ်နေကြတာဟာ ထင်ရှားပါတယ်။” လို့ ပြောဆိုသွားတာပါ။

HRW အဖွဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို အဲဒီညီလာခံမှာ မေးခွန်းတွေ မေးခဲ့ပြီး မစ္စတာကင်တားနားကလည်း သူ့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ အရေးကိစ္စကို တတ်နိုင်သမျှ ဖေါ်ထုတ်သွားမယ်လို့ ကတိပေး ခဲ့ကြောင်း မစ္စ ဂျူရီလီဘယ်က RFA ကို ပြန်ပြောပြပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးညီလာခံကို တက်ရောက်ခွင့်ရတဲ့ နောက်အဖွဲ့တခုက AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ပါ။ မြန်မာ စစ်အစိုးရအပေါ် ဒီကနေ့ ဂျနီဗာ လူ့အခွင့်အရေး ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်က ဆိုပါတယ်။

“ ဒီနှစ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ထောင်တွင်း အနေခြေအနေ၊ တရားခွင်တွေရဲ့ အခြေအနေ၊ တရားစီရင်ရေး အခြေအနေတွေကို အသေးစိတ် ရေးသားထားတာကို ကျနော်တို့ တွေ့ရတယ်။ ဥပမာပြောရမယ်ဆိုရင် အကျဉ်းထောင် သွားတဲ့အခါမှာ ခြေကျင်းခတ်ထားတဲ့ အကျဉ်းသားကိုတွေ့တယ်။ သူက အာဏာပိုင်တွေကို မေးတဲ့အခါ ထောင်အတွင်းမှာ ပြစ်မှုကျူးလွန်လို့ ခြေကျင်း ခတ်ထားတယ်လို့ သူ့ကို ပြန်ဖြေတယ်။ အဲတော့ အဲဒီအချက်က အကျဉ်းသားတွေကို သတ္တုပစ္စည်း တခုခုပါတဲ့ ပစ္စည်းတွေနဲ့ ရေရှည် သော်လည်းကောင်း၊ ခြေကျင်းခတ်တာတို့ လက်ထိပ်ခတ်တာတို့ လုပ်ထားလို့ မရဘူး ဆိုတဲ့အချက်ကို သူ့အနေနဲ့ ထောက်ပြထားတာကို ကျနော်တို့ တွေ့ရှိရတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ရုံးစိုက်ထူနိုင်ဖို့ကိုလည်း AHRC အနေနဲ့ တောင်းဆိုကြောင်း သူကပဲ RFA ကို ဆက်ပြီးရှင်းပြပါတယ်။

“ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အစဉ်တစိုက် ပြောခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးကောင်စီရဲ့ ရုံးဖွင့်နိုင်ဖို့အတွက်၊ အထူးကိုယ်စားလှယ်ရဲ့ ရုံးဖွင့်နိုင်ဖို့အတွက်ကို ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာရှနိုင်ငံတွေမှာ ဥပမာ ပါကစ္စတန်၊ သီရိလကာင်္ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေး ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားတဲ့အတွက် အမှုတွေကို အသေးစိတ် စုံစမ်း စစ်ဆေးနိုင်တယ်။ အသေးစိတ်တင်ပြနိုင်တယ်။”

“ဒါကြောင့် ကျနော်တို့ကလည်း မြန်မာနိုင်ငံမှာ အထူးကိုယ်စားလှယ်ရုံး ဖွင့်နိုင်ဖို့အတွက် အစဉ်ဆက်မပြတ် တောင်းဆိုထားတာပါ။ ဒီနှစ်တင်တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အစီရင်ခံစာကတော့ မျှမျှတတဖြစ်တယ်။ တွေ့ရှိချက်တွေကို တွေ့ရှိချက်အတိုင်း တင်ပြထားတယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒါကြောင့် ကျနော်တို့က ကျေနပ်ပါတယ်ခင်ဗျား။”

ဒါကတော့ AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။