RFA ----- 23 March 2009
သောတရှင်များခင်ဗျား။ လက်ရှိမြန်မာနိုင်ငံနှင့် ဘင်္ဂဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာအရေးဟာ ဖြေရှင်းရခက်တဲ့ ပုစ္စာတခုလို နှစ်ပေါင်းများစွာ ဖြစလ်ာပါတယ်။ ဒီပြဿနာမှာ ဖြေရှင်းရခက်တဲ့ သမိုင်းဆိုင်ရာကိစ္စတွေ၊ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေကို အချိန်ယူဖြေရှင်းရမယ် ဖြစ်ပေမဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စကိုတော့ လတ်တလောလိုအပ်တဲ့ ပြဿနာအဖြစ် ခွဲခြား ရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။
ရိုဟင်ဂျာဘက်ကတော့ သူတို့ဟာ ရိုဟင်ဂျာဖြစ်တယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများကတည်းက ရခိုင်ပြည်မြောက်ပိုင်းကို ရွှေ့ပြောင်း ၀င်ရောက်လာကြတဲ့ မူဆလင်အနွယ်တွေ ဖြစ်တယ်။ ရခိုင်ဘုရင်လက်ထက်ကတည်းက နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တယ်။ သူတို့ဟာ ပါရှန်၊ တူရဂီ၊ ဘင်္ဂါလီ၊ ပသီစတဲ့အနွယ်တွေ ရောနှော ပါဝင်နေသည့် လူမျိုးစု တခုဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေလာတဲ့ လူမျိုးစု အနွယ်တခုအဖြစ် အခွင့်အရေးရသင့်တယ်လို့ ရိုဟင်ဂျာနိုင်ငံရေး ခေါင်းဆောင်တွေက တောင်းဆိုကြပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းပိုက်ထားစဉ် အိန္ဒိယနဲ့ ဘင်္ဂလားနယ်ဘက်ကနေ နောက်ထပ်ဝင်ရောက်လာတဲ့ မူဆလင်အနွယ်တွေ အများအပြားရှိခဲ့ပြီး အင်္ဂလိပ်ပြန်ထွက်သွားတဲ့အခါ ဒေသခံရခိုင်လူမျိုးတွေနဲ့ မူစလင်အကြား အထိကရုန်းတွေဖြစ်ခဲ့ပါတယ်။ ၁၉၄၇/ ၄၈ လောက်မှာ ရိုဟင်ဂျာ နိုင်ငံရေး ခေါင်းဆောင်အချို့ဟာ လက်နက်ကိုအဖွဲ့အစည်းကို ထူထောင်ပြီး ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် စတဲ့ဒေသတွေမှာ သီးခြား မူဆလင်ပြည်နယ်အဖြစ် ခွဲထွက်ပြီး အရှေ့ပါကစ္စတန်၊ အခုဘင်္ဂလားဒေ့ရှ်နဲ့ ပေါင်းဖို့အထိ ရှိခဲ့ပါတယ်။ ဒီအချက်သည်ပင်လျှင် မြန်မာအစိုးရအဆက်ဆက်ကို စိုးရိမ်စိတ်ဖြစ်ပေါ်စေတဲ့ အချက်ဖြစ်ပါတယ်လို့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ စာတမ်းအချို့မှာ ဖေါ်ပြထားပါတယ်။
၁၉၅၀ နောက်ပိုင်း ၀န်ကြီးချုပ်ဦးနု၏ ဒီမိုကရေစီအစိုးရတက်လာချိန်အတွင်း ရိုဟင်ဂျာတွေကို အသိအမှတ်ပြုခဲ့ပြီး နိုင်ငံသားဖြစ်ခွင့် ပြုခဲ့ပါတယ်။ မြန်မာ့အသံကနေလည်း ရိုဟင်ဂျာဘာသာနဲ့ ထုတ်လွှင့်ပေးတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီအချက်ဟာ ဦးနုရဲ့ နိုင်ငံရေးကစားကွက်လို့ ဝေဖန်သူတွေရှိသလို ဦးနုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းတာလို့ မြင်သူတွေလည်းရှိခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး စီးပွားရေးကောင်းတဲ့ကာလတွေအထိ ဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယ ဘက်ကနေ နောက်ထပ် အသစ်ဝင်ရောက်လာသူတွေ အများအပြားရှိနိုင်ပါတယ်။
ဒါပေမဲ့ ၁၉၆၂ နှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းအစိုးရ တက်လာပြီး ၁၉၇၀ ကျော်နှစ်တွေမှာ ရိုဟင်ဂျာအရေးကို အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းပါတယ်။ ၁၉၇၈ ခုနှစ်မှာ နဂါးမင်း စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်အတွင်းက ရိုဟင်ဂျာ (သို့) ဘင်ဂါလီတွေကို အစုလိုက် အပြုံလိုက် မောင်းနှင်ထုတ်ခဲ့ပါတယ်။ ၁၉၈၂ နှစ်မှာ နိုင်ငံသားဆိုင်ရာ ဥပဒေအသစ်ကို ပြဌာန်းပြီး ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ နိုင်ငံမဲ့တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုဖေါ်ပြခဲ့တဲ့ အချက်တွေဟာ နောက်ခံသမိုင်း အကြမ်းပြင်းမျှသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေအပေါ် အခြေခံ ဖြေရှင်းဖို့ဆိုရင်တော့ တထိုင်တည်းနဲ့ ပြီးနိုင်မယ့်ကိစ္စ မဟုတ်ပါဘူး။
စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာလူမျိုး ဗုဒ္ဒ ဘာသာဝင်တွေတောင် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ခံစားနေရတဲ့အချိန်မှာ လူမျိုးမတူတဲ့ မူဆလင်ဘာသာဝင်တွေ ဘယ်အခြေအနေနဲ့ ဆိုင်ရင် ရနိုင်တာကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။ ရခိုင်ပြည်နယ်တွင် နေခဲ့ဘူးပြီး မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ် ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတဦးကတော့ အခြေအနေအချို့ကို အခုလိုရှင်းပြပါတယ်။
“ရခိုင်ပြည်နယ်မှာက အထူးသဖြင့် ပြောမယ်ဆိုရင် Martial law ပုံစံပေါ့နော။ အဲဒီမှက ရိုဟင်ဂျာတွေကို တရပ်ကွက်ကနေ တရပ်ကွက် သွားခွင့်မရှိဘူး။ မြို့တွေမှာလည်း ရပ်ကွက်ထောက်ခံစာတွေ ယူရတယ်။ မြို့နယ်ရုံးမှာ ယူရတယ်။ စစ်တပ်မှာ သွားယူရတယ်။ န စ က နယ်စပ်ဒေသ လုံခြုံရေးပေါ့နော။ ယူပြီးတော့ သဘောင်္ဆိပ်ကို ဥပမာ မောင်းတောကနေပြီးတော့ စစ်တွေလာမယ်ဆိုရင် ဘူးသီးတောင်မှာ တခါချောက်ထိုးရတယ်။ အဲလိုပြဿနာတွေ အများကြီးတယ်။ ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက်ကလည်း ခုနစ်ရက် တပါတ် အဲလေက်ဘဲရတယ်။ အဲဒါဟာလည်း ဆေးကုမှ သူတို့တွေက သွားခွင့်ပေးတယ်။”
ဒါပြင် ပေါ်တာဆွဲတာတွေ၊ အဓမ္မငွေကြေးကောက်ခံတာတွေနဲ့ ဖမ်းဆီးမှုရှိတယ်လို့ အခုလိုပြောပြပါတယ်။
“မြို့နယ်အထဲမှာလည်း ပေါ်တာဆွဲတာက အများဆုံး၊ ၀င်လာပြီးတော့ ဆိတ်တွေ၊ နွားတွေ၊ ကျွဲတွေ၊ ၀င်ဆွဲတာလည်းရှိတယ်။ ပိုက်ဆံကောက်ကောက်ရင်းနဲ့ ပိုက်ဆံမရတော့ ရွာထဲမှာ ရိုက်နှက်တာရှိတယ်။ တောထဲမှာ ထင်းခွေတာတွေ၊ အမဲလိုက်တဲ့သူတွေလည်းရှိတာကိုး၊ တောထဲမှာ တွေ့တာကို အမဲရောင်နယ်မြေက အနက်ရောင်သားကောင်တွေ တွေ့တယ်ဆိုပြီးတော့ သူတို့က အရေးယူတယ်။ အချို့ဆိုရင် ပစ်သတ်သာတွေရှိတယ်။ နောက် အချို့ကျတော့ နိုင်ငံကြားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ စီးပွားရေးလုပ်တယ်။ နိုင်ငံခြားနဲ့ မင်းတို့ ကူးသန်းရောင်းဝယ်ရေး လုပ်ပြီးတော့ နိုင်ငံခြားအထောက်အပံ့တွေရတာကို သူတို့တွေက ခဏခဏ အနှောင့်အယှက်ပေးတယ်။”
ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ လက်ထပ်မဲ့သူတွေ အစော်ကားခံရတဲ့အခြေအနေအထိရှိတယ်လို့ သူကပြောပါတယ်။
“ကိုယ်ထိလက်ရောက် ဇောကားခံရတာလည်းရှိတယ်။ ပြီးတော့ စစ်တပ်က ခေါ်သွားတာတွေလည်းရှိတယ်။ နောက်ပိုင်းကျတော့ သူက မင်္ဂလာဆောင်တော့မယ်ဆိုရင် သူတို့နှစ်ယေက် သဘောတူလား မတူသလား ဆိုတာကို သိဖို့အတွက် စစ်တပ်က နှစ်ယောက်စလုံးကို ခေါ်သွားတယ်။ ပြီးတော့ သူတို့ကို ၂ ရက် ၃ ရက်ခွဲပြီးထားတယ်။ ဆိုတော့ ဒါတွေက ကိုယ်ထိလက်ရောက် စော်ကားတာပဲလေ။”
မလေးရှားမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦး ပြောဆိုသွားတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ချုပ်ခြယ်မှုတွေနဲ့ အနာဂတ်မရှိတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာလူငယ်တွေဟာ အသက်ကိုစွန့်ပြီး ထွက်ပြေးလာကြတယ် ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးနေတဲ့ မစ္စ ခရစ်လီဝါကလည်း ပြောပါတယ်။
“လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အသက်မွေးခွင့် မရှိတဲ့အပြင် လူငယ်နှစ်ဦး ချစ်ကြိုက်မိရင် လက်ထပ်ခွင့်ကို စစ်တပ်မှာ ခွင့်တောင်းခံရပြီး တခါတလေ နှစ်ပေါင်းကြာတဲ့အထိ ခွင့်ပြုချက်မရကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ ပေါင်းသင်းဆက်ဆံမိရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးတယ်ရှိကြောင်း၊ အခုလို ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် ရိုဟင်ဂျာလူငယ်တွေဟာ အသက်ကိုစွန့်ပြီး လွတ်မြောက်အောင် ထွက်ပြေးကြတယ် ဖြစ်တဲ့အကြောင်း” မစ္စခရစ်တေပါက ပြောဆိုသွားတာ ဖြစ်ပါတယ်။
အခုတင်ပြတာကတော့ ရိုဟင်ဂျာရဲ့နောက်ခံ သမိုင်းကြောင်းနဲ့ လက်ရှိ ရိုဟင်ဂျာတွေရဲ့ အခြေအနေပဲ ဖြစ်ပါတယ် ခင်ဗျား။