Sunday, March 29, 2009

Filled Under:

ရိုဟင်ဂျာနဲ့လူ့အခွင့်အရေးပြဿနာ အပိုင်း (၄)

RFA ----- 22 March 2009

သောတရှင်များခင်ဗျား၊ နိုင်ငံတိုင်းမှာ ရွှေ့ပြောင်းဝင်ရောက်လာသူများနဲ့ ဆိုင်တဲ့ ပြဿနာဟာ ကြုံတွေ့ရမြဲ ပြဿနာတခု ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာလည်း မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူများ ဆိုင်ရာအရေးဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း လူဦးရေ ထူပြောတဲ့ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ရှိတဲ့နိုင်ငံ ဖြစ်တာက တကြောင်း၊ လွတ်လပ်ရေး ရပြီးခါစ ဆယ်စုနှစ်အထိ မြန်မာနိုင်ငံဟာ စီးပွားရေးအအြေနေ ကောင်းတာကတကြောင်း မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူတွေ ရှိခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံမှာရှိတဲ့ လူမျိုးအသီးသီးရဲ့ သမိုင်းဟာ ရေကြည်ရာ မျက်နုရာ ရွှေ့ပြောင်းနေထိုင်သူ သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။ ဒီကနေ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ပြန့်နှံ့ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေသည်ပင်လျှင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀/ ၂၀၀၀ လောက်က တိဘက်ဒေသကနေ တရုတ်ကိုဖြတ်ပြီ မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ဖြစ်ခဲ့ပါတယ်။ ဧရာဝတီ မြစ်ဝှမ်းကို အရင်ဝင်ရောက်နေပြီဖြစ်တဲ့ မွန်၊ ကရင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေ မကောင်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်း ၀င်ရောက်နေထိုင်ခဲ့ကြပါတယ်။ မူလကတော့ အလုပ်သမားအဖြစ်နဲ့ ပြောင်းရွှေ့ ၀င်ရောက်ကြတာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မိသားစုတွေကိုပါ ခေါ်ဆောင်လာတတ် ကြပါတယ်။ လက်ရှိထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းလောက် ရှိနေပါတယ်။ ဘန်ကောက် ဆင်ခြေဖုန်းမြို့တွေမှာဆိုရင်၊ အထူးသဖြင့် မဟာချိုင်ဘက်မှာဆိုရင် မွန်ပြည်နယ်က ရွာတွေအတိုင်း ရွာလုံးကျွတ်နီးပါး အဲဒီမှာ ရောက်ရှိနေကြပါတယ်။ သူတို့မှာ ပါလာတဲ့ မိသားစုနဲ့ ကလေးတွေအတွက် ထိုင်း NGOs အဖွဲ့တွေက လူ့အခွင့်အရေးထောင့်ကနေ အကာအကွယ်ပေးကြသလို ထိုင်းအစိုးရကိုလည်း လူ့အခွင့်အရေးနဲ့အညီ ပြုမူဆက်ဆံဖို့ တောင်းဆိုတိုက်တွန်း ပေးကြပါတယ်။

ထိုင်းမြေပေါ်မှာ မွေးလာတဲ့ မြန်မာကလေးတွေကို ထိုင်းနိုင်ငံရဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေအရ မွေးစာရင်းပေးသွင်းတာတို့၊ ဆေးကုသခွင့်၊ ကျောင်းနေခွင့် တရားဝင်နေထိုင်ခွင့် စတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အခွင့်အရေးတွေပေးဖို့ ထိုင်းလူမျိုးတွေကိုယ်တိုင်က အရေးဆိုပေးကြတာ ရှိသလို ထိုင်းအစိုးရကလည်း ခွင့်ပြုထားတာရှိပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းဝင်ရောက်လာသူအရေးနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း အမြဲတန်းနေထိုင်သူများအဖြစ် အသိအမှတ်ပြုရေး၊ လွတ်လပ်စွာ နေထိုင်၊ အသက်မွေးခွင့် ကိုးကွယ်ခွင့်ပေးရေး စတာတွေဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းဆိုင်ရာအခွင့်အရေး ဆိုင်ရာ ဥပဒေတွေနဲ့ များစွာ ပတ်သက် ဆက်နွှယ်မှု ရှိပါတယ်။

တကယ်တန်းမှာတော့ လူမျိုးရေးဆိုတာနဲ့ နိုင်ငံသား အခွင့်အရေးဆိုတာ ကွာခြားမှုရှိပါတယ်။ လူမျိုးချင်း မတူပေမဲ့လည်း နိုင်ငံသားဖြစ်နိုင်ပါတယ်။ ၁၉၈၂ နှစ် ဦးနေ၀င်း ဆိုရှယ်လစ် အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ကနေ ပြဌာန်းလိုက်သည့် နိုင်ငံသားဆိုင်ရာ ဥပဒေမှာဆိုရင် မြန်မာနိုင်ငံအတွင်း BC ၁၁၈၅ ကနေ AD ၁၈၂၃ အထိ မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေထိုင်ကြသော ကချင်၊ ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေနဲ့ သူတို့က ပေါက်ဖွားလာသူတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားအဖြစ် ယူဆရသူ သတ်မှတ်သူတွေအပေါ် တင်းကြပ်ပိတ်ပင်တာတွေ ပြုလုပ်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ရိုဟင်ဂျာတွေလည်း အကြုံးဝင်ခဲ့ပါတယ်။

ဒါအပြင် ရိုဟင်ဂျာမဟုတ်တဲ့ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အခြားလူမျိုးစုတွေလည်း တင်းကြပ်ပိတ်ပင်ခံရတဲ့ ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အခြေအနေအချို့ကိုတော့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်။

ဦးမင်းလွင်ဦး ----- “ ဟုတ်ကဲ့ခင်ဗျား၊ ရခိုင်ပြည်နယ်အတွင်းမှာတော့ ကမန်လူမျိုးတွေကို ၁၉၈၃ ခုနှစ်မှာ နိုင်ငံသားအဖြစ် သူတို့တွေကို အသိအမှတ်ပြုခဲ့တာကို ကျနော်တို့ သိရှိရတယ်။ အဲဒီလို အသိအမှတ်ပြုပြီး ဖြစ်သော်ငြားလည်း အဲဒီကမန်လူမျိုးတွေ အပါအ၀င် တခြားနိုင်ငံခြားသား (သို့) နိုင်ငံခြားသားဟု သံသယရှိသူများလို့ အကြုံးဝင်နေတဲ့ ကန့်သတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နေနေရတယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။”

“န အ ဖ အစိုးရ တက်လာတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ ၀င်လာတာကို ကျနော်တို့ မန္တလေးမြို့မှာ အထင်အရှား သက်သေပြနေတယ်။ မန္တလေး၊ လားရှိုး၊ ရှမ်းပြည်မြောက်ပိုင်းတခွင်၊ နောက်ပြီး ကချင်ပြည်နယ် စတဲ့ဒေသတွေမှာ မြန်မာစကားမတတ်တဲ့ တရုတ်ကိုတောင်မှ လူသားအဖြစ် နိုင်ငံသားလက်မှတ် ထုတ်ပေးပြီးတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးထားတာကို ကျနော်တို့ အနေနဲ့ အထင်အရှား တွေ့နိုင်တယ်။ နောက်ပြီး လွတ်လပ်စွာ သွားလာခွင့်ကိုလည်း တရုတ်လူမျိုးကိုတော့ လုံးဝ ခွင့်ပြုထားတာကို ကျနော်တို့ သိရှိနေရပါတယ်ခင်ဗျား။ လူမျိုမှ လူမျိုးပြုတ်မည် ဆိုရိုးစကားနဲ့ သူတို့ရဲ့ လုပ်ရပ်တွေက အချို့အရာတွေက အံမကျဘူးလို့ ကျနော့အနေနဲ့ ပြောချင်ပါတယ်။”

၁၉၈၇ ခုနှစ် ဥပဒေပြဌာန်းပြီး မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေအပေါ်မှာ အုပ်ချုပ်သူအစိုးရက စစ်ဆင်ရေးတွေ ပြုလုပ်ပြီး နှိမ်နင်းတာတွေ၊ မောင်းနှင်ထုတ်တာတွေ၊ မှတ်ပုံတင် သိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေဟာလည်း ၁၉၈၂ နှစ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေ အသစ်အရ စစ်ဆင်ရေးတွေပြုလုပ်ပြီး နှိမ်နင်း မောင်းနှင်ထုတ်တာတွေ ခံရသလို မှတ်ပုံတင်သိမ်းတာကိုလည်း ခံခဲ့ရပါတယ်။ အဲဒီနောက် ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်သူတွေအဖြစ် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး အတင်းအကြပ် ချုပ်ခြယ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေရဲ့ အဆင့်အတန်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဘင်္ဂဒေ့ရှ် မြန်မာနိုင်ငံနယ်စပ်က ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူ မစ္စ ခရစ်လီဝါက အခုလိုပြောပြပါတယ်။

“ မြန်မာစစ်အစိုးရက ပြဌာန်းလိုက်တဲ့ ၁၉၈၂ နှစ် နိုင်ငံသားဆိုင်ရာ ဥပဒေတွေဟာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေး ရုပ်သိမ်းခံရပြီး ဥပဒေအရမဟုတ်ဘဲ ရိုဟင်ဂျာတွေအပေါ် ကြိုက်သလို ဖိနှိပ် ချုပ်ခြယ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းပြည်မဲ့အဖြစ် သတ်မှတ်ခံရတဲ့အတွက် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ကို အဓိက ပိတ်ပင်ခံရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း သွားလာခွင့်မရှိရုံမက သူတို့နေထိုင်ရာ ရွာကနေ အနီးအနား ရွာတရွာကို သွားလာမယ်ဆိုရင်တောင် အာဏာပိုင်တွေထံကနေ ခွင့်ပြုချက် လက်မှတ် ရယူရပါတယ်။ ဒါအပြင် သူတို့တွေဟာ ရခိုင်ပြည်မြောက်ပိုင်းကလွဲပြီး တခြားနေရာတွေကိုလည်း သွားလာခွင့်မရှိဘူး” လို့ မစ္စ ခရစ်လီဘာက ပြောဆိုသွားပါတယ်။

ဒါကတော့ မြန်မာနိုင်ငံက နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြစ်မှု ဥပဒေ နိုင်ငံသား မဟုတ်သူတွေအပေါ် တင်းကြပ် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး တင်ပြခဲ့တာပါ။