Wednesday, March 18, 2009

Filled Under:

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ မစ္စတာကင်တားနား တောင်းဆို

BBC ----- 16/ 3/ 2009

မြန်မာနိုင်ငံထဲက နိုင်ငံရေး အကျဉ်းသားအားလုံးကို ရှေ့နှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘာချွင်းချက်မှ မရှိဘဲ ပြန်လွှတ်ပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ပြောလိုက်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကင်တားနားဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို မကြာခင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမှာဖြစ်ပြီး အဲဒီအခါမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပြန်လွှတ်တဲ့ အခါမှာလည်း နောင်နိုင်ငံရေး မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီး လွှတ်တာမျိုးမဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နောက်ပိုင်း လုပ်ပိုင်ခွင့် လူ့အခွင့်အရေးတွေကို ချုပ်ခြယ် ကန့်သတ်မှု မလုပ်ဘဲ လွှတ်ပေးရမယ် ဖြစ်တယ်လို့ ကင်တားနားက ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား တော်တော်များများကို အာဏာပိုင်တွေက သက်သေ အထောက်အထား မရှိဘဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိတယ်လို့လည်း ကင်တားနားက ပြောသွားပါတယ်။

မကြာခင်က စစ်အစိုးရမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့မေမဲ့လည်း အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ လောက်သာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့တာကိုလည်း စိတ်မကောင်းကြောင်း မစ္စတာ ကင်တားနားက ပြောခဲ့ပါတယ်။


(BBC သတင်းဌာနမှ 16/ 3/ 2009 နေ့စွဲဖြင့် ထုတ်လွှင့်သော သတင်းကို ပြန်လည်ကောက်နှုတ် ဖေါ်ပြခြင်း ဖြစ်ပါသည်။)