Wednesday, March 18, 2009

Filled Under:

လွတ်လပ်သည့် တရားစီရင်ရေး

မင်းမြတ်ကျော်
မတ်လ၊ ၁၂ရက်၊၂၀၀၉ခုနှစ်

နေ့ မြန်မာနိုင်ငံတွင် လိုက်နာကျင့်သုံး နေသော ဥပဒေအများစုမှာ အင်္ဂလိပ် လက်ထက်က ပြဌာန်းခဲ့သော ဥပဒေ အများစု ဖြစ်သည်။ န ၀ တ တက်လာပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ယခင် လိုက်နာ ကျင့်သုံးခဲ့သည့် ဥပဒေ များအနက် အချို့သည် ခေတ်စံနစ်နှင့် မလျှော်ညီတော့သည့် အတွက်လည်းကောင်း၊ လိုက်နာကျင့်သုံးခြင်းမရှိ သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သဖြင့် လည်းကောင်း စသည့် အကြောင်းပြချက်များဖြင့် ဥပဒေအချို့ကို ဖျက်သိမ်း ခဲ့သည်။ ထိုနောက် ယခင်ဥပဒေ တားမြစ်ချက်များကို ပြင်ဆင်ပြောင်းလဲ၍ ဥပဒေ အသစ်များကို ပြင်ဆင်ပြဌာန်း ခဲ့သည်။ ဥပဒေများကို ရေးဆွဲရာတွင် လည်းကောင်း၊ ဥပဒေများကို ပြင်ဆင်ရာတွင် လည်းကောင်း၊ ဥပဒေများကို ဖြည့်စွက်ရာတွင် လည်းကောင်း ပြုပိုင်ခွင့်ရှိသော အဖွဲ့အစည်းမှ ဥပဒေကို ရေးဆွဲ၍ ပြည်သူတို့၏ ကိုယ်စားလှယ်များ ပါဝင်သည့် ပါလီမန် သို့မဟုတ် ပြည်သူ့လွှတ်တော်သို့ အတည်ပြုချက် ရယူပြီးမှသာလျှင် ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းနိုင်ပေသည်။

ဥပဒေများ ရေးဆွဲပြဌာန်းရာတွင် သက်ဆိုင်ရာ နိုင်ငံတခုခု၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အစိုးရ လမ်းညွန်ချက်များ စစ်သည်တို့အပေါ် အခြေပြု၍ ဥပဒေများကို လိုအပ်သလို ရေးဆွဲပြဌာန်း ရပေသည်။ ထိုသို့ရေးဆွဲ ပြဌာန်းသည့် ဥပဒေသည် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းစေပြီး အမှန်တကယ် ဥပဒေအရ ပြည်သူလူထု၏ အကျိုးစီးပွားကိုအကာအကွယ် ပေးနိုင်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့မဟုတ်ဘဲ အုပ်စိုးသူ အစိုးရကိုသာ အကျိုးပြုစေပြီး ပြည်သူလူထုကို နစ်နာစေသည့် ဥပဒေများရှိပါက ထိုဥပဒေများ ပြဌာန်းထားခြင်းကို ဖျက်သိမ်းပစ်ရန် လိုအပ်သည့် အခြေအနေသို့ ရောက်လာသည်။

ယခင်အင်္ဂလိပ် ကိုလိုနီအဖြစ် ကျရောက်နေစဉ် ကာလတွင်ပင် မြန်မာနိုင်ငံ၌ အခြေခံ လူ့အခွင့်အရေးများကို ထိခိုက် နစ်နာစေသည့် ဥပဒေများကို မပြဌာန်းခဲ့ပေ။ သို့သော် လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း ၁၉၅၀ ခုနှစ်သို့ ရောက်သည့်အခါ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေကို ပြဌာန်း၍ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းးများကို ဖြိုခွဲရန်ရည်ရွယ်၍ စတင်ပြဌာန်း ကျင့်သုံးလာခဲ့သည်။ တဖန် ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်း ပြီးနောက် နိုင်ငံရေးပါတီနှင့် အခြား အသင်းအဖွဲ့များကို ဖျက်သိမ်းနိုင်ရန် ၁၉၆၄ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြဌာန်း၍ နိုင်ငံရေးပါတီများနှင့် အခြားအသင်း အဖွဲ့များကို ဖျက်သိမ်းခဲ့သည်။

တဖန် ၁၉၇၅ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေတို့ကို ပြဌာန်း၍ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်နိုင်ရန် ပြဌာန်းခဲ့သည်။ ထိုကဲ့သို့သော ဥပဒေများ ပေါ်ပေါက်လာ ခြင်းသည် လတ်သလော နိုင်ငံရေးအခြေအနေ အကြပ်အတည်း များပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာသည့် ဥပဒေများပင် ဖြစ်သည်။ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လုံခြုံမှုရရှိစေရေးတို့ကို အကာအကွယ် ပေးသည့် ဥပဒေများ မဟုတ်ဘဲ အုပ်စိုးသူအစိုးရတို့ အနေဖြင့် နိုင်ငံသားတဦးအား မလိုလျှင်မလိုသလို အရေးယူ အဖြစ်ပေးနိုင်စေရန် အစိုးရကို အကာအကွယ် ပေးထားသည့် ဥပဒေများဖြစ်သည်ကို တွေ့ရှိနိုင်သည်။

န ၀ တ၊ န အ ဖ လက်ထက်တွင် ဥပဒေအသစ်များ ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း စသည်တို့ကို လုပ်ဆောင်ရာတွင် အများပြည်သူလူထု၏ သဘောထားမပါ။ ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ရာတွင် အဟန့်အတားမရှိ ဆောင်ရွက် နိုင်စေရန်အတွက် ဥပဒေများလိုသလို ထုတ်ပြန် ပြဌာန်းနေခြင်းသာ ဖြစ်သည်။ ဥပဒေပြဌာန်းချက်များကို လိုက်နာ အကောင်အထည် ဖေါ်ပေးရသည့် တရားစီရင်ရေး စံနစ်တွင်လည်း ပြဌာန်းထားသည့် ဥပဒေများ၏ ရည်ရွယ်ချက်ကောင်းပါမှ မှန်ကန်၍ တရားမျှတသည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်မည် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသည် လွတ်လပ်သော တရားစီရင်ရေးကို မဖေါ်ဆောင်နိုင်၊ စစ်ထောက်လှမ်းရေးနှင့် အာဏာပိုင်များ၏ အလိုကျသာ အမှုများကို စစ်ဆေးစီရင် ကြားနာရသည်။ အထူးသဖြင့် ပြစ်မှုဆိုင်ရာအမှုတွင် ပြဌာန်းဥပဒေပါ ပြဌာန်းချက်များကို လစ်လျူရှု၍ စစ်ဆေး စီရင်ဆုံးဖြတ်နေသည့် သာဓကများကိုလည်း တွေ့ရှိရသည်။

ဥပမာအားဖြင့် - ရန်ကုန်တိုင်းတရားရုံး၊ ရာဇ၀တ် တရားရုံးတော်၌ စွဲဆိုတင်ပို့ခဲ့သည့် ရာဇ၀တ်ကြီးမှုအမှတ် ၂၄/၂၀၀၀ တွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ အရ စွဲဆိုသော ဒု-ရဲမှူးလှမြင့်နှင့် ဦးအေးကြူ (ခ) မုံရွာအောင်ရှင် ပါ-၅ အမှုတွင် ရန်ကုန်တိုင်း တရားရုံး၊ တွဲဖက်တရားသူကြီး (၄) ဦးဘကျော်၏ စီရင်ချက်နှင့် အမိန့်ကို လေ့လာကြည့်ပါက ဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ လွန်စွာ လွဲမှားနေသည်ကို တွေ့ရှိရပါသည်။

အမှုဖြစ် အကြောင်းအရာအကျဉ်းချုပ်

အမှုမှာ ဦးအေးကြူ ခေါ် မုံရွာအောင်ရှင်၊ ဦးအောင်မြင့်၊ ဦးထွန်းမြင့်၊ ဦးစောနိုင် (ခ) ဦးနိုင်းတို့သည် ၁၀-၉-၂၀၀၀ ရက်နေ့တွင် ဦးနိုင်းနိုင်း၏ နေအိမ်တွင် စုဝေးတွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီအဖွဲ့ဝင် လူကြီးများ နေအိမ်တွင် လူကြီးများ သွားလာလှုပ်ရှားမှု အမြန်ပြန်လွှတ်ပေးရန် ဌာနချုပ်ရုံးနှင့် တိုင်းရုံးများ ပိတ်ထားမှုကို အမြန် ပြန်ဖွင့်ပေးရန်၊ အစိုးရ၊ အင်န်အယ်ဒီနှင့် တိုင်းရင်းသားအဖွဲ့ဝင်များ ပါသော ၃-ပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ရှုံ့ ချရန် (၁၂-၉-၂၀၀၀) ရက်စွဲပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ သဘောထား ကျေညာချက်ကို ၀ိုင်းဝန်းတိုင်ပင်ခြင်း၊ ရေးသားခြင်း၊ ကွန်ပျူတာရိုက်နှိပ်ခြင်း၊ အမေရိကန်သံရုံးမှ တဆင့် ဗွီအိုအေ အသံလွှတ်ဌာနသို့ အသံလွှင့်နိုင်ရန် သွားရောက်ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ရာ ယင်းသို့ရေးသား ရိုက်နှိပ် ဖြန့်စေခဲ့ခြင်းများသည် သက်ဆိုင်ရာခွင့်ပြုချက် တစုံတရာမရှိဘဲ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ၎င်းတို့ ၆ ဦးအပေါ် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇/၂၀ ဖြင့် အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒု-ရဲမှူး ဦးလှမြင့်က တိုင်တန်းရာမှ ပေါ်ပေါက်လာသော အမှုဖြစ်သည်။

ထိုအမှုတွင် တရားလိုများဘက်မှ ဒုရဲအုပ်လှမြင့် (လိုပြ - ၁)၊ ရဲအုပ်ဇော်မင်း (လိုပြ - ၂) ဦးကျော်စိုးနှင့် ဦးတင်ထွဋ် (လိုပြ ၃နှင့်၎)နှင့် အမှုစစ်အရာရှိ ရဲအုပ်ကျော်ကျော်လှိုင်တို့ကို စစ်ဆေးခဲ့သည်။ တိုင်ချက်ကို သက်သေခံ (က)နှင့် (က-၁)တို့အရလည်းကောင်း၊ ရှာဖွေပုံစံကို သက်သေခံ (ခ) အဖြစ်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ သဘောထား ကြေငြာချက်ကို သက်သေခံ (ခ) အရလည်းကောင်း၊ အဆိုပါ ကြေငြာချက်ကို ကွန်ပြူတာ ရိုက်နှိပ်ထားသည့် စာရွက်ကို သက်သေခံ (ခ- ၂)အရလည်းကောင်း၊ အမှုစစ်ဆေးစဉ် တင်ပြခဲ့သဖြင့် တရားရုံးမှ လက်ခံခဲ့သည်။ ထိုအပြင် ဦးအေးကြူ (ခ) မုံရွာဦးအောင်ရှင်တို့ (၆) ဦးက ထောက်လှမ်းရေး အရာရှိထံ တွင် ၎င်းတို့ဖြစ်မှု ကျူးလွန်မှုနှင့် ပတ်သက်၍ ထွက်ဆိုအစစ်ခံချက်များ၊ စစ်ကြောချက်များကို သက်သေခံ (ဂ) မှ (ဆ) အထိ လည်းကောင်း လက်ခံခဲ့သည်။

ဥပဒေ ပြဌာန်းချက်များကို အနက်အဓိပါယ် ဖွင့်ဆိုခြင်းနှင့် ပတ်သက်၍ သုံးသက်ချက်များ

တရားလိုဘက်ကို စစ်ဆေးစဉ်တွင် တရားလိုဘက်မှ သက်သေများ၊ အမှုနှင့်စပ်ဆိုင်သည့် သက်သေခံချက်များကို သက်သေခံ ဥပဒေ ပြဌာန်းချက်များနှင့်အညီ တရားရုံးသို့ တင်သွင်းနိုင်သည် ဆိုသည့်အချက်ကို အငြင်းမပွားလိုပေ။ သို့သော် သက်သေခံ ဥပဒေတွင် စာတမ်းအမှတ်အသား သက်သေခံအဖြစ် တရားရုံးက လက်ခံနိုင်သည့် ပြဌာန်းချက်များ၊ လက်မခံသည့်အချက်များကို သက်သေခံဥပဒေတွင် အတိအလင်း ဖေါ်ပြထားပေသည်။ သက်သေခံဥပဒေတွင် ရဲအရာရှိထံတွင် ထွက်ဆိုသည့် ထွက်ဆိုချက်များကို တရားရုံးက အမှုကို စစ်ဆေးစီရင် ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ တရားရုံး၏ ရှေ့မှောက်တွင် ထွက်ဆိုသော သက်သေထွက်ချက်များ ကိုသာလျှင် အဓိကထား၍ အမှုကို စစ်ဆေးစီရင်ရာတွင် ထည့်သွင်း စဉ်းစားသွားမည် ဖြစ်သည်။

ယခုအမှုတွင် တရားခံများ ဖြစ်သော ဦးအေးကြူ ပါ - ၅ ဦးတို့ကို အဓိက အပြစ်ပေးခဲ့သော အထောက်အထား တခုမှာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ထံတွင် ထုတ်ဖေါ်ပြောဆိုသည့် အစစ်ခံချက် ဖြစ်သည်ကို တွေ့ရှိရသည်။ ရန်ကုန်တိုင်း တရားရုံး တွဲဖက်တိုင်းတရားသူကြီး ၄ ပညာရှိ တရားသူကြီး ဦးဘကျော်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ထံ တရားခံတို့၏ ပြစ်မှုကျူးလွန်မှုနှင့် ပတ်သက်၍ ထုတ်ဖေါ် အစစ်ခံချက်များသည် သက်သေခံ ဥပဒေပုဒ်မ ၂၄ တွင် ဖေါ်ပြထားသော သွေးဆောင်ခြင်း ကတိထားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ကျူးကျော်လွန်ကြောင်း ပေါ်လွင်ထင်ရှားခြင်း မရှိလျှင် ၎င်းတို့က တပ်မတော် ထောက်လှမ်းရေး အဖွဲ့ထံတွင် ပေးခဲ့သော စစ်ကြောချက်များကို လက်မခံနိုင်စရာ အကြောင်းမရှိချေဟူ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဦးရဲနောင်ပါ- ၂ အမှုကို ရည်ညွန်းကာ သက်သေခံအဖြစ် လက်ခံပြီး ထိုသက်သေခံချက်အပေါ် အဓိကထား၍ တရားခံ ဖြစ်သူများအပေါ် ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် အမျိုးသား ထောက်လှမ်းရေး၊ တပ်မတော် ထောက်လှမ်းရေးတို့ထံတွင် တရားခံဟု စွပ်စွဲခံရသည့် သူများ၏ ထွက်ဆိုချက်များသည် အခွင့်အာဏာရှိသော တရားရုံး တရားသူကြီးများ၏ ရှေ့မှောက်တွင် တရားခံကိုယ်တိုင် မိမိပြစ်မှု ကျူးလွန်ကြေင်း လာရောက်၍ ၀န်ခံထွက်ဆိုသည့် ဖြောင့်ချက်ကဲ့သို့ သဘောသက်ရောက်နေသည်ကို တွေ့ရသည်။

အမျိုးသား ထောက်လှမ်းရေး၊ တပ်မတော် ထောက်လှမ်းရေးတို့ထံ တွင် သက်သေခံဥပဒေပုဒ်မ ၂၄ ပါ ပြဌာန်းချက်များ နှင့်အညီ တရားခံများကိုယ်တိုင် ထွက်ဆိုခြင်းဖြစ်ကြောင်း၊ တပ်မတော်ထောက်လှမ်းရေး၊ အမျိုးသား ထောက်လှမ်းရေး စသည်တို့မှ တရားခံများ၏ ထွက်ဆိုချက်များကို ရေးမှတ်သူများကိုယ်တိုင် တရားရုံးတွင် လာရောက် အစစ်ခံပါက ၎င်းဖြောင့်ချက်ကို သက်သေခံအဖြစ် ရုံးတော်သို့ တင်သွင်းနိုင်ပါသည်။ ထိုသို့ တင်သွင်းသည့်အခါ တရားခံဘက်မှ လိုက်ပါဆောင်ရွက်သည့် အကျိုးဆောင်များက သက်သေခံဥပဒေပုဒ်မ ၂၄ပါ ပြဌာန်းချက်များ နှင့်အညီ ရယူထားသည့် ဖြောင့်ချက်ဟုတ်၊ မဟုတ်ကို တရားရုံးရှေ့မှောက်တွင် ပြန်လှန်မေးခွန်း မေးမြန်းခြင်းဖြင့် ဖေါ်ထုတ်နိုင်မည် ဖြစ်ပါသည်။ သို့သော် ယခုအမှုတွင် ထိုသို့ လာရောက်ထွက်ဆိုမည့် တပ်မတော် ထောက်လှမ်းရေး၊ အမျိုးသား ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်များအား တရားလိုပြ သက်သေအဖြစ် တင်ပြစစ်ဆေးထားခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ ရယူထားသည့် ထွက်ဆိုချက်များဟု ယူဆရန်ခဲယဉ်းပေသည်။

တပ်မတော်နည်းဥပဒေ ၂၂ (၂) (၃) (၄) အရ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ထံတွင် ထွက်ဆိုသည့် ထွက်ဆိုချက်များကို စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် အသုံးပြု နိုင်သော်လည်း သက်သေခံဥပဒေပုဒ်မ ၂၄ အရ အရပ်ဘက် တရားရုံးများတွင် သက်သေခံအဖြစ် အသုံးမပြုနိုင်ပေ။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေနှင့် တရားရုံးများ လက်စွဲတို့တွင် ထိုသို့ဖြောင့်ချက် ရယူခြင်းနှင့် ပတ်သက်၍ အသေးစိတ် ပြဌာန်းထားပါသည်။ ထိုသို့ ပြဌာန်းထားရခြင်းမှာ တရားခံဟု စွပ်စွဲခံရသူများ၏ အခွင့်အရေး မဆုံးရှုံးစေဘဲ မျှတသည့်တရားခွင်ကို ဖေါ်ဆောင်နိုင်ရန် ရည်ရွယ်၍ ပြဌာန်းထားခြင်း ဖြစ်သည်။

သက်သေခံဥပဒေပုဒ်မ ၂၆ တွင် ပြဌာန်းထားသည်မှာ ရဲထံတွင် အချုပ်ခံနေရစဉ်တွင် တရားခံ၏ ဖြောင့်ချက်ကို ၎င်းအပေါ်တွင် သက်သေခံတင်ပြခြင်း မပြုရ။ မည်သူမဆို ရဲထံတွင် အချုပ်ခံ နေရစဉ်အတွင်း ပြုလုပ်သော ဖြောင့်ချက်သည် ရာဇ၀တ်တရားသူကြီး ရှေ့မှောက်တွင် ဖြောင့်ဆိုခြင်း မဟုတ်လျှင် ထိုသူအပေါ်တွင် သက်သေခံတင်ပြခြင်း မပြုရဟု အတိအလင်း ပြဌာန်းထားပါလျက်နှင့် သက်သေခံဥပဒေပြဌာန်းချက်ကို လျှစ်လျှူရှု၍ စစ်ဆေး စီရင်ဆုံးဖြတ်ရာ ရောက်ပါသည်။

တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေး တို့အနေဖြင့် တရားခံဟု စွပ်စွဲခံရသူများထံမှ ပြစ်မှု ကျူးလွန်ကြောင်း ရယူထားသည့် စစ်ကြောချက်များ၊ ၀န်ခံချက်များသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ နည်းလမ်းတကျ မှတ်တမ်းတင်ထားသည့် ဖြောင့်ချက်များ၊ ၀န်ခံချက်များ ဖြစ်သည်ဟု ယူဆရန် အလွန်ပင် ခဲယဉ်းလှပေသည်။ ဥပဒေ ပြဌာန်းချက်များတွင် တရားသူကြီး မဟုတ်သော်လည်း အာဏာရှိပုဂ္ဂိုလ် (Person in authority) ထံ ဖြောင့်ဆိုချက်ပေးလျှင် ထိုဖြောင့်ချက်သည် မည်သည့်အခါမျှ သက်သေခံမ၀င်ပါ။ ဥပမာ - ရဲအရာရှိသည် လူတဦးတယောက်အား ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုနိုင်သည့် အခွင့်အာဏာ ရှိသူဖြစ်၍ ရဲအရာရှိ (သို့မဟုတ်) အလားတူ အခွင့်အာဏာရှိသော သူများထံပေးသော ဖြောင့်ဆိုချက်သည် မည်သည့်အခါမျှ သက်သေခံမ၀င်ကြောင်း၊ ဥပဒေ ပြဌာန်းချက်များက အတိအလင်းပြောဆိုသည်။

သက်သေခံဥပဒေပုဒ်မ ၂၆ တွင် ရဲအချုပ် (In Custody) ဆိုသောစကားကို အသုံးပြုထားရာ ထိုစကားအရ ရဲက တရားခံများအား တရားဥပဒေနှင့်အညီ ဖမ်းဆီးထားခြင်း (arrest) ရှိရန် မလိုပေ။ ရဲ၏လက်တွင်းသို့ ရောက်ရှိနေ၍ လွတ်လပ်စွာ မိမိသွားလိုသည့်အတိုင်း သွားလာနိုင်ခွင့် မရှိလျှင် အချုပ်ခံနေရခြင်း (In Custody) တွင် ရှိသည်ဟု ယူဆမည်ဖြစ်သည်။ တရားခံအဖြစ် စွပ်စွဲခံရသူများသည် တပ်မတော် ထောက်လှမ်းရေး၊ အမျိုးသား ထောက်လှမ်းရေးတို့၏ လက်သို့မရောက်မီ ရဲအချုပ်သို့ ရောက်သလား၊ သို့မဟုတ် တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့က ရဲ၏လက်သို့ လွှဲပြောင်း ပေးအပ်သလား ဆိုသည်မှာလည်း သံသယဖြစ်ဖွယ် ဖြစ်သည်။ တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့တွင် ဖမ်းဆီးထားသော အချိန်ကာလအတွင်း သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ ကတိပြုခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့မရှိဘဲ တရားခံ၏ လွတ်လပ်သည့် သဘောဆန္ဒဖြင့်ပေးသည့် စစ်ကြောချက်များပေးသည် ဆိုသောအချက်မှာလည်း လွန်စွာမှပင် သတိထားဆုံးဖြတ်ရမည့် အချက်ပင် ဖြစ်သည်။

သက်သေခံဥပဒေ ပုဒ်မ ၂၆။ ရဲထံတွင် အချုပ်ခံ နေရစဉ်အတွင်း တရားခံ၏ဖြောင့်ချက်ကို ၎င်းအပေါ်တွင် သက်သေခံ တင်ပြခြင်းမပြုရ ဆိုသည့်ပြဌာန်းချက်နှင့် ပတ်သက်၍ မည်သူမဆို ရဲထံတွင် အချုပ်ခံ နေရစဉ်အတွင်း ပြုလုပ်သော ဖြောင့်ချက်သည် ရာဇ၀တ်တရားသူကြီး ရှေ့မှောက်တွင် ဖြောင့်ဆိုခြင်း မဟုတ်လျှင် ထိုသူအပေါ်တွင် သက်သေခံတင်ပြခြင်း၊ အပြုရဟူ၍ အတိအလင်း ပြဌာန်းထားပါသည်။ သို့သော် ယခုအမှုတွင် တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့၏ စစ်ကြောချက်များကို တရားရုံးတရားသူကြီး၏ ရှေ့မှောက်တွင် တရားဝင် ရယူထားသည့် ဖြောင့်ချက်များ ၀န်ခံချက်များအဖြစ် ထည့်သွင်းစဉ်းစား၍ တရားခံများအပေါ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ကို တွေ့မြင်ရပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် တရားရုံးများလက်စွဲတို့တွင် ဖေါ်ပြထားသည့် ပြဌာန်းချက်များကို လျစ်လျှူရှုပြီး တရားခံများအား အပြစ်ပေးနိုင်ရေးကိုသာ အဓိကထား၍ သုံးသပ် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရပါသည်။

တရားခံများက ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ငြင်းပယ်၍ ခုခံချေပခဲ့သည်။ တွဲဖက်တိုင်းတရားရုံး (၄) ပညာရှိ တရားသူကြီး ဦးဘကျော်က အောက်ပါအတိုင်းသုံးသပ်၍ တရားခံများကို ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ တရားခံများက ထောက်လှမ်းရေး အဖွဲ့ထံပေးခဲ့သော စစ်ကြောချက်များနှင့် လိုပြသက်သေ ရဲအုပ် ဦးလှမြင့်၊ ရအုပ်ဇော်မင်း၊ အမှုစစ်ရဲအရာရှိ ကျော်ကျော်လှိုင်တို့၏ ဖွာဖွေပုံစံသက်သေတို့၏ အစစ်ခံချက်များအရ ဦးအောင်ရှင် ပါ - ၆ ဦးတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်များ၏ သဘောထား ကြေငြာချက်ကို ၀ိုင်းဝန်း တိုင်ပင် ဆွေးနွေးရေးသားခြင်း၊ ကွန်ပြူတာရိုက်နှိပ်ခြင်း ဖြစ်ကြောင်းပေါ်ပေါက်သည်။ အမေရိကန်သံရုံးမှတဆင့် ဗွီအိုအေ သတင်းဌာနသို့ အသံလွင့်စေရန် ပေးပို့ထားကြောင်း အထောက်အထား ထင်ထင်ရှားရှားမတွေ့ရပေ။ ဦးအောင်ရှင်တို့က မိမိတို့သည် အဆိုပါသဘောထား ကြေငြာချက်ကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးထံ ရည်ရွယ်ချက်ဖြင့် ရေးသားရိုက်နှိပ်ထားသည် ဆိုသော်လည်း သဘောထား ကြေငြာချက်တွင် ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူထားသည့် အထောက်အထား မတွေ့ရသည့်အပြင် သဘောထား ကြေငြာချက်ပါ စာသားများမှာလည်း ဗိုလ်ချုပ်မှူးကြီးထံ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထား ခြင်းမဟုတ်ကြောင်း တွေ့ရသည်။

ဦးအောင်ရှင်သည် သဘောထား ကြေငြာချက်ကို သက်ဆိုင်ရာ၏ ခွင့်ပြုချက် တောင်းခံခြင်း မရှိကြောင်းလည်း ပေါ်ပေါက်သည့်အတွက် ၎င်းတို့သည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေပုဒ်မ ၁၇ အရလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၂၀ အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သည်ဟု တရားသူကြီး ဦးဘကျော်က သုံးသပ်ထားသည်ကို တွေ့ရပေသည်။ ထို့အပြင် တရားခံများက မိမိတို့လုပ်ဆောင်သော လုပ်ဆောင်ချက်သည် တခုတည်းသာဖြစ်သည့်အတွက် ပြစ်မှုတခုတည်းဖြင့်သာ စကားရပ်များ ဥပဒေမ ၂၂ အရ အပြစ်ပေးရန် သို့မဟုတ် ပြစ်ဒဏ်ကို လျော့ပေးရန် တင်ပြ လျှောက်လဲကြသည်။ ထိုလျှောက်လဲချက်အပေါ်တွင် တရားခံများသည် ရည်ရွယ်ချက်မတူသော သီးခြားပြစ်မှုကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည) သည် ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက် အမှတ် (၉)တွင် ဖေါ်ပြထားသော နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော ပြစ်မှုအမျိုးအစားတွင် ပါဝင်သည်။ ထို့ကြောင့် တရားခံများ၏ တင်ပြချက်ကို လက်မခံနိုင်ကြောင်း ဖေါ်ပြသုံးသပ်ခဲ့သည်ကို ထပ်မံ တွေ့ရပြန်သည်။

အထက်ဖေါ်ပြပါ သုံးသပ်ချက်သည် တည်ဆဲဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ သုံးသပ်ထားကြောင်းကို အောက်ဖေါ်ပြပါ အချက်များအရ တွေ့ရှိနိုင်ပါသည်။

၁။ သက်သေခံ (ခ-၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် နိုင်ငံရေးပါတီတခု ဖြစ်သည်မှာ အငြင်းမပွား နိုင်သည့်အချက် ဖြစ်ပါသည်။ နိုင်ငံရေးပါတီတခုအနေဖြင့် မိမိပါတီဝင်များ၏ ဆန္ဒသဘောထား ကြေငြာချက်ကို ထုတ်ပြန်ရာတွင် မည်သည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ကိုမှ တောင်းခံရမလိုပါ။ န အ ဖ ထံ တင်ပြပြီးသဘောထား တောင်းခံရမည်ဆိုပါက မည်သည့်အခါမျှ ထုတ်ပြန်နိုင်တော့မည် မဟုတ်ပါ။ နိုင်ငံရေးပါတီတခု၏ ဖွဲ့စည်းတည်ရှိမှု၊ လွတ်လပ်စွာ တင်ပြပြောဆိုပိုင်ခွင့်ကို ကန့်သတ်ရာရောက်ပါသည်။

၂။ သက်သေခံ (ခ - ၂) အဖြစ် တရားရုံးက လက်ခံထားသည့် ကွန်ပြူတာဖြင့် ရိုက်နှိပ်ထားသည့် စာရွက်စာတမ်းသည် တရားဝင် ရပ်တည်ခွင့်ရှိသည့် နိုင်ငံရေးပါတီတခု၏ သဘောထားကို ရိုက်နှိပ်ထားခြင်း သာဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မတရားအသင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးကို ထိခိုက် စေသည့် လုပ်ရပ်များကို လုပ်ဆောင်နေသဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ထားခြင်းခံရသည့် နိုင်ငံရေးပါတီမဟုတ်ပါ။ နိုင်ငံရေးပါတီ တခုအနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ရှိရမည်ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ခွင့်ပြုချက် တောင်းဆိုပြီးမှသာ ရိုက်နှိပ်ရမည်ဆိုပါက အထက်တွင် ဖေါ်ပြခဲ့သည့် လွတ်လပ်ခွင့်များ မည်သို့မျှ ရရှိခံစားရမည်မဟုတ်ပါ။

၃။ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေပုဒ်မ ၆ တွင် ဤဥပဒေတွင် အခြားနည်း ပြဌာန်းထားသည်မှတပါး၊ ပုံနှိပ်သူတိုင်းသည် သို့မဟုတ် ထုတ်ဝေသူတိုင်းသည် ပုဒ်မ ၃ အရ ၀န်ခံချက်ကို လက်မှတ်ရေးထိုးပြီးနောက် မိမိလုပ်ငန်းကို သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် သတ်မှတ်သည့် ကာလအပိုင်းအခြားအတွင်း မှတ်ပုံတင်ရန် လျှောက်ထားရမည်။ ဤဥပဒေအရ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံလက်မှတ်နှင့် ထိုလက်မှတ်ပါ စည်းကမ်းချက်များ သို့မဟုတ် လိုအပ်ချက်များအရတပါး မည်သူမျှပုံနှိပ်သည့် လုပ်ငန်းကိုလည်းကောင်း၊ ထုတ်ဝေသည့် လုပ်ငန်း ကိုသော်လည်းကောင်း၊ မဆောင်ရွက်ဟု ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (၂) တွင် ပြဌာန်းထားသည်။ ကမ္ဘာနှင့်အ၀ှမ်း သတင်းပညာခေတ်တွင် ကွန်ပြူတာကို လူတိုင်း အသုံးပြုသည့်ကာလသို့ ရောက်နေပြီဖြစ်သည်။ ကွန်ပြူတာနှင့်အတူ ပုံနှိပ်စက်ကို အတူတကွ ပူးပေါင်း ရောင်းချနေသည်မှာ မည်သူမျှ အငြင်းမပွားသည့် အချက်ဖြစ်သည်။ ကွန်ပြူတာဖြင့် စာတစောင် ရိုက်ထုတ်လိုတိုင်း စီစစ်ရေးအဖွဲ့သို့ တင်ပြရမည့်သဘော သက်ရောက်နေပါသည်။ ယခုအမှုတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ သဘောထား ကြေငြာချက်ကို ရိုက်နှိပ်ထားသည့် ကွန်ပြူတာကို သက်သေခံအဖြစ် တင်ပြထားခြင်းမရှိပါ။ ထို့အတူ ကွန်ပြူတာ ရိုက်နှိပ်သူကိုလည်း အမှုတွင် ထည့်သွင်း စွဲဆိုထားခြင်း မရှိပါ။

၎။ တရားလိုဘက်မှ တင်ပြထားသည့် သက်သေများသည်လည်း လွတ်လပ်သော သက်သေများ တဦးမျှ မပါဝင်သည်ကို တွေ့ရှိနိုင်ပါသည်။ ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးသည့် သက်သေများ၊ ရဲအရာရှိများကိုသာ အဓိက စစ်ဆေးထားသည်ကို တွေ့ရှိရသည်။ တရားခံများ ကိုယ်တိုင်ကလည်း အမှုစစ်ရဲအုပ် ဦးကျော်ကျော်လှိုင်မှ မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် စာကို ရိုက်နှိပ်သည့် ကွန်ပြူတာကို မိမိတို့မသိကြောင်း မေးမြန်းချက်ကို ဦးကျော်ကျော်လှိုင်မှ မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် စာကို ရိုက်နှိပ်သည့် ကွန်ပြူတာကိုမူ သက်သေအဖြစ် တင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ဦးအောင်ရှင်၏ ခုခံချေပချက်ကို တရားခံ ဦးအောင်မြင့်၊ ဦးစိုးဟန်၊ ဦးထွန်းမြင့်နှင့် ဦးနိုင်နိုင်း (ခ) စောနိုင်းနိုင်း တို့ကလည်း (၁၀-၉-၂၀၀၀) ရက်နေ့တွင် ဦးစိုးဟန်မှအပ တိုင်ပင်ခဲ့ကြောင်း၊ ၁၂- ၉- ၂၀၀၀ ရက်နေ့တွင် ဦးစိုးရအပါအ၀င် မိမိတို့ ဦးနိုင်းနိုင်းနေအိမ်တွင် ထပ်မံတွေ့ဆုံကြပြီး ဦးအောင်ရှင်စာကြမ်း ရေးသားခြင်းကို ပြုလုပ်သည်ကိုသာ သိပါကြောင်း၊ သို့သော် ကွန်ပြူတာ ရိုက်နှိပ်သည့်ကိစ္စကို မိမိတို့ မသိပါကြောင်း ဦးအောင်ရှင်၏ ငြင်းဆိုခုခံချေပချက်ကို ထောက်ခံထွက်ဆိုခဲ့သည်။

တရားရုံး တရားသူကြီးအနေဖြင့် တရားခံဖြစ်သူများ၏ ခုခံချေပချက် တစုံတရာကို အမှုတွင် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တပ်မတော် ထောက်လှမ်းရေး၊ အမျိုးသား ထောက်လှမ်းရေးတို့တွင် ထွက်ဆိုခဲ့သည့် စစ်ကြောချက်များကိုသာ အဓိကထား ဆုံးဖြတ်ခဲ့ကြောင်းကို အထင်အရှား တွေ့ရပေသည်။ ကွန်ပြူတာ ရိုက်နှိပ်သည့် ကိစ္စကိုလည်း အထင်အရှား သက်သေ တင်ပြနိုင်ခြင်းမရှိဘဲနှင့် တရားခံများကို ယခုကဲ့သို့ အပြစ်ပေးထားခြင်းမှာ တရားခံများကို လွန်စွာမှပင် နစ်နာစေပါသည်။

၅။ သက်သေခံဥပဒေတွင် သက်သေပြရန် တာဝန်သည် တရားလိုပေါ်တွင် အစဉ်အမြဲ ကျရောက်သည်။ တရားလိုဘက်မှ အမှုကို စွဲဆိုရုံနှင့်မပြီး၊ အပြစ်ကျူးလွန်ကြောင်းကို သက်သေ အထင်အရှားပြရန် လိုသည်။ သက်သေထင်ရှား ပြသနိုင်ခြင်းမရှိက တရားခံအဖြစ်စွဲဆိုထားသူ တရားခံများအား သံသယ၏ အကျိုးကို ခံစားခွင့် ပေးရမည်ဖြစ်သည်။ ယခုအမှုတွင် ကွန်ပြူတာဖြင့် မည်သူက ရိုက်နှိပ်သည်ဆိုသည်ကို တရားလိုဘက်မှ အတိအကျ သက်သေမပြနိုင်ခဲ့ပေ။ ကွန်ပြူတာကိုလည်း သက်သေအဖြစ် ဖမ်းဆီးတင်ပြထားခြင်းလည်း မရှိပေ။ မည်သည့်စက်ဖြင့် ပုံနှိပ်ထုတ်ယူသည်ကိုလည်း အတိအကျမဖေါ်ပြနိုင်ပေ။ ထို့အတူ အမှုနှင့်ပတ်သက်၍ တရားရလိုအဖြစ် စွဲဆိုသူများနှင့် တရားလိုပြသက်သေအဖြစ် ထွက်ဆိုသူများသည် ဒု-ရဲမှူး၊ ရဲအုပ်နှင့် အမှုစစ် ရဲအရာရှိတို့ဖြစ်ကြပြီး လွတ်လပ်သည့် သက်သေများမဟုတ်ကြပါ။ အမှုတခုလုံးကို အဓိက အပြစ်ပေးနိုင်ရန် သုံးသပ်သည့် သုံးသပ်ချက်မှာလည်း တပ်မတော်ထောက်လှမ်းရေးနှင့် အမျိုးသားထောက်လှမ်းရေးတို့ထံတွင် ထွက်ဆိုခဲ့သည့် စစ်ကြောချက်များ၊ ထွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားခဲ့ခြင်းသည် ဥပဒေကြောင်းအရ လွန်စွာမှပင် လွဲမှားနေသည့်အချက်ဖြင့်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။

ပြစ်ဒဏ်ချမှတ်ခြင်းနှင့် သက်ဆိုင်သည့် သုံသပပ်ချက်များ

ရန်ကုန်ုတိုင်းတရားရုံး၊ တွဲဖက်တိုင်းတရားသူကြီး (၄) ဦးဘကျော်၏ ပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်၍သုံးသပ်ချက် မှာ အောက်ပါအတိုင်း ဖြစ်သည်။ တရားခံများသည် ရည်ရွယ်ချက်ခြင်း မတူသော သီးခြားပြစ်မှုများကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည) ပြည်သူ့တရားသူကြီးအဖွဲ့ ညွန်ကြားချက်အမှတ် ၉ တွင် ဖေါ်ပြထားသော နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော ပြစ်မှုအမျိုးအစားတွင် ပါဝင်သည်ဟု သုံးသပ်ကာ တရားခံများ၏ တင်ပြချက်ဖြစ်သော မိမိတို့လုပ်ဆောင်ချက်သည် တခုတည်းသာ ဖြစ်သည့်အတွက် ပြစ်မှုတခုတည်းဖြစ်သာ စကားရပ်များ ဥပဒေပုဒ်မ ၂၂ အရ အပြစ်ပေးရန် သို့မဟုတ် ပြစ်ဒဏ်လျှော့ပေးရန် တင်ပြချက်ကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ ပြည်သူ့တရားသူကြီးအဖွဲ့၏ ညွှန်ကြားချက်အမှတ် ၉ သည် ၁၉၇၅ ခု၊ ဇူလိုင်လ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ဖြစ်သည်။

ထိုညွန်ကြားချက်တွင် ပါရှိသည့် နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသောပြစ်မှုများ

(၁) နိုင်ငံတော်သစ္စာဖေါက်ဖျက်ပုန်ကန်မှုများ၊
(၂) နိုင်ငံတော် အကြည်အညိုပျက်အောင် ပြုလုပ်မှုများ၊
(၃) မတရားအသင်းအက်ဥပဒေအရ အမှုများ၊
(၄) လက်နက်မှုများ
(၅) မီးရှို့မှုများ၊
(၆) နိုင်ငံခြားသို့ ခိုးထွက်မှုနှင့် နိုင်ငံခြားမှ ခိုးဝင်မှုများ၊
(၇) နိုင်ငံခြားသားမှတ်ပုံတင်အရ အရေးယူမှုများ

ဟု ဖေါ်ပြ၍ ပြည်သူ့တရားသူကြီးအဖွဲ့က ညွှန်ကြားလွှာ ထုတ်ဆင့်ညွန်ကြားခဲ့သည်။ ထိုသို့ညွှန်ကြားသည့် ညွန်ကြားလွှာအမှတ် ၉ တွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖြစ်ပွားသည့်အမှုများကို ဖေါ်ပြထားခြင်းမရှိပေ။ သို့သော် ပညာရှိ တရားသူကြီး ဦးဘကျော်က ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေအရ စွဲဆိုထားသည့်အမှုကို နိုင်ငံတော်အား အကြည်အညိုပျက်အောင် ပြုလုပ်မှုများသို့ရောက်အောင် သုံးသပ်ခဲ့သည်ကို တွေ့ရသည်။ စွဲဆိုထားသည့် ပုဒ်မနှင့် ပြစ်ဒဏ်ပေးရန် ထည့်သွင်းစဉ်းစားသော တရားသူကြီး၏ သုံးသပ်ချက်များသည် တရားခံများကို ကြီလေးသော ပြစ်ဒဏ်ပေးနိုင်ရန် တမင်ရည်ရွယ်၍ ထည့်သွင်း သုံးသပ်ခြင်းဖြစ်ကြောင်းကို ထင်ရှားစွာတွေ့ရှိနိုင်သည်။ ပြည်သူ့တရားသူကြီး အဖွဲ့သည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်သည့် တရားစီရင်ရေး အဖွဲ့ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော တရားစီရင်ရေးအဖွဲ့မဟုတ်ပါ။ ထို့အတူ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း မရှိတော့ပါ။ သို့သော် န အ ဖ လက်ထက်တွင် ၎င်းတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သည့် အမိန့်များ၊ ညွှန်ကြားချက်များ၊ အမိန့်များကို ဖျက်သိမ်းချက်မရှိသေးဘဲ လက်ဆက်ကျင့်သုံးနေသည်ကို အထက်ပါညွှန်ကြားချက်ကို လက်ခံကြည့်သုံးခြင်းဖြင့် ထင်ရှားစေသည်။ ပြည်သူ့တရားသူကြီး အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားလွှာသည် ထိုအချိန်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် ပြည်သူ့တရားသူကြီးကသာ စီရင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်သားပြည်သူများအတွင်းမှ ပြည်သူများရွေးချယ်သည့် တရားသူကြီးများဖြစ်ရာ တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံများ နည်းပါးခြင်းနှင့် ဥပဒေပညာ တတ်ကျွမ်းမရှိခြင်း စသည့်အားနည်းချက်များကြောင့် ထိုအချိန်က တရားသူကြီးအဖွဲ့မှ ထိုကဲ့သို့ ညွှန်ကြားလွှာများ ထုတ်ဆင့်ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ နောက်ပိုင်းတွင် န ၀ တ မှ အာဏာလွှဲပြောင်းယူပြီးနောက် အမိန့်အမှတ် ၅/၈၈ ဖြင့် ပြည်သူ့တရားသူကြီး အဖွဲ့အား ဖျက်သိမ်းပြီး တရားရုံးချုပ် တရားရုံးများ ဖွဲ့စည်းတည်ထောင် ပြီးစီးကြောင်း ထုတ်ပြန်ကြေငြာ၍ တရားသူကြီးများကို ရွေးချယ်ခန့်အပ်ခဲ့သည်။ ယခင်တရားရေးဝန်ထမ်း၊ တရားရေးအကြံပေးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေး ၀န်ထမ်းများအား ရာထူးနှင့် လုပ်သက်များအလိုက် တရားရုံးချုပ် တရားသူကြီးများ၊ ပြည်နယ်နှင့်တိုင်း တရားသူကြီးများ၊ မြို့နယ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားသည်ကို တွေ့ရှိရသည်။ ထိုသို့ ရွေးချယ်ခန့်အပ်ခြင်း ခံရသည့် တရားသူကြီးများ အနေဖြင့် ပြစ်မှုဆိုင်ရာအမှုများ၊ တရားမမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အမှုများကို လွတ်လပ်စွာ ဥပဒေပြဌာန်းအတိုင်း စစ်ဆေးစီရင်ခြင်းမရှိဘဲ စစ်ထောက်လှမ်းရေး၊ အမျိုးသားထောက်လှမ်းရေး စသည်တို့က ဖမ်းစီးစွဲဆိုလာသည့် အမှုတွင် ၎င်းတို့အလိုကျ တရားခံများ ပြစ်ဒဏ်ကျစေရန်ကို အဓိကထား ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။

လွတ်လပ်သော တရားစီရင်ရေးကို မဖေါ်ဆောင်နိုင်သရွေ့ တရားမျှတ၍ ဘက်လိုက်မှုကင်းသော မျှတသည့် တရားခွင်သည် မည်သည့်အခါမှ ဖေါ်ဆောင်နိုင်မည်မဟုတ်ပေ။ တရားရုံးချုပ် ရှေ့နေများအဖြစ် အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနားများနှင့် တရားသူကြီးများအား အခါအားလျှော်စွာ ပို့ချပေးနေသည့် မွမ်းမံ သင်တန်းဆင်းပွဲများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၊ တရားသူကြီးချုပ် ဦးအောင်တိုးတို့၏ အမှာစကားများသည် လူကြားကောင်းအောင် ပြောဆိုနေသည့် ပြောဆိုချက်များဖြစ်ပြီး လက်တွေ့တွင် အမှန်တကယ် ကျင့်သုံးနေသည့် အမှုမှာ ဥပဒေပြဌာန်းချက်များကို အသာထား၊ တပ်မတော် ထောက်လှမ်းရေး၏ ညွှန်ကြားချက်ကို မမှိတ်မသုန် လက်ခံ၍ ကြိုက်သလို ဆုံးဖြတ်အပြစ်များများ ပေးနိုင်လေ ကောင်းလေဆိုသည့်မူကိုသာ လက်ခံ ကျင့်သုံးလျက်ရှိကြောင်း တင်ပြလိုက်ရပေသည်။

--------------------------------------------------------

အားကိုးအားထားပြု စာရွက်စာတမ်းများ

၁။ ဒု ရဲမှူး လှမြင့်နှင့် ဦးအေးကြူ (ခ) မုံရွာအောင်ရှင်ပါ - ၅၊ ၂၀၀၀ ပြည့်နှစ် ရာဇ၀တ်ကြီးအမှတ် -၂၄၊ ရန်ကုန်တိုင်းတရားရုံး ၊ တွဲဖက်တိုင်းတရားသူကြီး (၄)၏ စီရင်ချက်နှင့် အမိန့်မိတ္တူမှန်။
၂။ သက်သေခံဥပဒေ
၃။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ
၎။ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းဥပဒေ၊ တော်လှန်ရေးကောင်စီလက်ထက် ပြဌာန်းသည့် ဥပဒေများ
၅။ တရားရုံးများလက်စွဲ
၆။ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဦးရဲအောင်ပါ (၂) ၁၉၉၁ မြန်မာနိုင်ငံ တရားစီရင်ထုံးစာ ၆၃-၆၉

0 comments:

Post a Comment