Wednesday, March 18, 2009

Filled Under:

န အ ဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား သူမရဲ့ ရှေ့နေဖြစ်သူနှင့် တွေ့ခွင့်ပေးတဲ့အပေါ် သုံးသပ်ချက်

BBC ---- Morning Program, 11 Augest 2008

မြန်မာသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေဖြစ်သူကို န အ ဖ အစိုးရက ပြီးခဲ့တဲ့ ၈ ရက်နေ့က တွေ့ဆုံခွင့် ပေးခဲ့တဲ့သတင်း ပါခဲ့ပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည် ဟာ ပုဒ်မ ၁၀(က) နိုင်ငံတော်အား နှောင့်ယှက်ဖျက် ဆီးလိုသူများအား ကာကွယ်သည့် ဥပဒေအရ စွပ်စွဲပြီးတော့ အိမ်တွင်းမှာ အကျယ်ချုပ်ချထားတာ (၅) နှစ်ကျော် လာခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ ပြစ်ဒဏ်ချရင်တောင် (၅) နှစ်ထက် ပိုချုပ်လို့ မရတဲ့အကြောင်း ဥပဒေ ပညာရှင်တွေက အရင် ကတဲက ပြောဆိုတာတွေ ရှိပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေးတယ် ဆိုတော့ ဥပဒေ ကြောင်းအရ ရှေ့ကို ဆက်လုပ်နိုင်မဲ့ အခြေအနေတွေက ဘယ်လိုဖြစ်လာ နိုင်မှာလဲဆိုတာ သိရအောင် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ တဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကို မေးတဲ့အခါ ----

ဖြေ ----- ကျနော်တို့ အဲဒီကိစ္စ ပြောရမယ်ဆိုလို့ ရှိရင် ဒီနိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဥပဒေအရ အရေးယူခြင်းခံရတဲ့ သူတွေဟာ အယူခံဝင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အဲဒီလို အယူခံဝင်နိုင်တဲ့ အခွင့်အရေး ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရပြီးဆိုလို့ရှိရင် ယခုတွေ့တဲ့ ရှေ့နေ အဖွဲ့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒီ (၅)နှစ်ထက် ပိုပြီးချုပ်ထားတဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့ အယူခံခွင့် တင်မှာဖြစ်တယ်။ ပြည်သူ့ တရားသူကြီးအဖွဲ့ကို တင်သွင်းပြီးတော့ ဒီကိစ္စဥပဒေနဲ့ ညီမညီ ပြန်လည် သုံးသပ်ပေးဖို့ ဥပဒေနှင့် မညီဘူးဆိုလို့ ရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အတွက် ဥပဒေရေးရာအဖွဲ့ ကနေပြီး တော့ ဆက်လက် တောင်းဆိုနိုင်ပါတယ်။

မေး ----- အခုတိုင်းဆိုလို့ ရှိရင် ဒါအယူခံဝင်မယ် ဆိုလို့ရှိရင် ပြန်ပြီးတော့ လွတ်မြောက်နိုင်မယ် ဆိုတဲ့ သဘောလား။

ဖြေ ----- ဟုတ်ပါတယ်ခင်ဗျား၊ ဥပဒေအရပြဌာန်းထားတဲ့ အတိုင်းဆိုလို့ ရှိရင် တော့ ဒါလွှတ်ပေးရမဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥစ္စာ လွှတ်ပေးမယ်ဆိုတာ ကတော့ ကျနော်တို့ မျှော်လင့်တာပေါ့နော်။ ဒါပေမဲ့ သူတို့ ၀န်ကြီး အဖွဲ့က ဒီလို ဆုံးဖြတ်ချက် မကျခင်ကြားမှာပဲ ဆက်လက် ချုပ်နှောင်ထားအုံးမယ် ဆိုလို့ရှိရင်လဲ အချိန်ဆွဲပြီး ချုပ်နှောင် ထားနိုင်တဲ့ သဘောရှိပါတယ်။ ဂမ်ဘာရီ လာတုန်းကလည်း ဦးအောင်ကြည်နဲ့ တွေ့ပေးတယ်။ ပြီးတော့ ဘာမှမဖြစ်ဘူးဆိုတာ တွေ့ရတယ်။ ယခုလည်း ဥပဒေအရဒီဥစ္စာကို တရားဝင် နည်းလမ်းတွေနဲ့ တင်သွင်းနိုင်တာ တခုပဲရှိတယ်။ အထက်ကနေပြီးတော့ ဒါကို အရေးယူ ဆောင်ရွက်မပေးသမျှကတော့ ကျနော် တို့ ဒီလိုဘဲ ဆက်လက်ရင်ဆိုင် ကြုံတွေ့ နေရအုံးမှာပဲ ဖြစ်တယ်။ အချုပ်အနှောင် ခံနေရအုံးမှာပဲ ဖြစ်တယ်။ ဒါပေမဲ့ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနဲ့ တွေ့ခွင့် ပေးလိုက်တဲ့ ကိစ္စဟာ န အ ဖ ဖက်က ဥပဒေကြောင်း ဆိုင်ရာကိစ္စတွေ အပေါ်မှာ ပိုပြီးတော့ အလေးထားလာတဲ့ သဘောကို ပြတယ်လို့ မပြောနိုင် ဘူးလား ခင်ဗျ။

ဒီလိုတော့ ကျနော့အနေနဲ့ တထစ်ချ သတ်မှတ်လို့ မရနိုင်သေးဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုလို့ရှိရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့ အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ခေါင်းဆောင်ပိုင်း တွေကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဥပဒေမဲ့ ချုပ်နှောင်ထားတဲ့ ကိစ္စတွေ ရှိနေတယ်ဆိုတာကို သူတို့တင်ပြ ခဲ့တယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကနေပြီးတော့ ဒါဥပဒေနဲ့အညီ ဆောင်ရွက်ပေး သင့်တယ်ဆိုတာကို န အ ဖ ကို ပြောခဲ့မှာဖြစ်တယ်။ အဲတော့ အဲဒီအစိတ်အပိုင်းကို သူတို့အနေနဲ့ လိုက်ပါ ဆောင်ရွက်ပေးတယ်ဆိုတဲ့ သဘောလောက်၊ ဟန်ပြသဘောလောက် လုပ်တာလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။ ကျနော်တို့ ဖက်ကတော့ ဒီလောက်အထိ အများကြီး မျှော်လင့်ထားလို့ သိပ်မဖြစ်နိုင်သေးဘူးလို့ ကျနော်ယူဆပါတယ်။

(အာရှလူ့ အခွင့်အရေးကော်မရှင်မှ ရှေ့ နေဦးမင်းလွင်ဦး ဖြေကြားခဲ့တာပါ။)