Wednesday, March 18, 2009

Filled Under:

အာဆီယံဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့ကြီး ဖွဲ့စည်းနိုင်ရေးဆွေးနွေး

BBC --- 29/ 01/ 2008

အာဆီယံအဖွဲ့ဝင် (၄) နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တွေက လူ့အခွင့်အရေး ကော်မ ရှင်မင်းကြီး တွေဟာ ဒေသအတွင်း လူ့အခွင့်အရေး အဖွဲ့ကြီးတခု ဖွဲ့စည်းနိုင်ရေး အခြေခံဘောင်တွေ ချမှတ်ဖို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာ ဒီကနေ့ကစပြီး (၂) ရက်ကြာ တွေ့ဆုံနွေးနွေး ခဲ့ပါတယ်။ အာဆီယံ လူ့အခွင့်အရေးအ ဖွဲ့အစည်းကြီး တည်ထောင်ဖို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံက မနှစ်က သဘောတူခဲ့ကြပေမဲ့ အခြေခံဘောင်တွေနဲ့ ပတ်သက်လို့တော့ သဘောတူညီမှု မရသေးပါဘူး။ ဒါအပြင် လုပ်ပိုင်ခွင့် တိတိကျကျရှိတဲ့ လူ့အခွင့်အရေးကော်မ ရှင်ဆိုတဲ့ နာမည်မျိုးသုံးဖို့ ကိုတောင် သဘောတူညီချက် မရလို့ အာဆီယံချာတာထဲမှာ Human Rights Body လူ့အခွင့်အရေး အဖွဲ့တခုဆိုပြီးတော့ မဲထည့်သွင်းရေးသား နိုင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံထဲမှာ အဲဒီ (၄) နိုင်ငံမှာပဲ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တွေ ရှိတာပါ။ ဒီ (၂)ရက်အကြာ အစည်းအဝေးမှာ လူ့အခွင့်အရေး မှတ်တမ်းဆိုးရွားတဲ့ မြန်မာနိုင်ငံလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေမှာ လူ့အခွင့်အရေး ကောင်းမွန်လာစေဖို့ ပူးတွဲ စီမံကိန်း တွေအကြောင်း ဆွေးနွေးမယ်ဆိုလို့ သိရှိပါတယ်ရှင်။

အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ အဲဒီ (၄) နိုင်ငံအတွင်းမှာရော သူတို့နိုင်ငံ အသီးသီးရဲ့ လူ့အခွင့်အရေး၊ အကာအကွယ်ပေးရေး ကိစ္စတွေ ဆောင်ရွက် နိုင်ကြပါရဲ့လား၊ AHRC ခေါ် အာရှလူ့အ ခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမင်းလွင်ဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

ဖြေ ----- အခုလို ဖိလစ်ပိုင်နိုင်ငံမှာ ဆုံတွေ့နေကြတဲ့ အာရှ (၄)နိုင်ငံက ကော်မရှင်နာ တွေအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် သူတို့နိုင်ငံ အတွင်းမှာ ရှိတဲ့ပြဿနာတွေ ထောင်မှ သူတို့အနေနဲ့ ပြေလည်အောင် ဖြေရှင်းပေး နိုင်တာ အချို့နိုင်ငံတွေမှာ မရှိသေးဘူးလေ။ ဥပမာအားဖြင့် ပြောရရင် ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖေါက်ခံရတာတွေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ကျူးလွန်တဲ့ကိစ္စတွေ သူတို့ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ကော်မရှင်က နေပြီးတော့ ကိုင်တွယ်ဖြေရှင်းပေး နိုင်ခြင်းမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ ထိုနည်းတူစွာပဲ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာလည်း မိမိတို့ရဲ့ဒေသ ဆိုင်ရာပြဿနာတွေမှာ လူ့အခွင့်အရေး ကော်မရှင်တွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တာ မရှိ ဘူးဆိုတာကို ကျနော်တို့ သိနေရတယ်။

မေး ----- အာဆီယံတွေရဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့ အခြားအာရှနိုင်ငံတွေမှာ လူ့အခွင့်အရေး ကော်မရှင်တွေရဲ့ ဆောင် ရွက်ချက်တွေနဲ့ကော ဘယ်လိုနှိုင်းယှဉ် ကြည့်နိုင်ပါသလဲ။

ဖြေ ---- ဒီလိုမျိုးနှိုင်းယှဉ် ကြည့်မယ်ဆိုရင် ကျနော်တို့ အရှေ့အာရှ ပါကစ္စတန်၊ အိန္ဒယပေါ့၊ အဲဒီနိုင်ငံတွေမှာလဲ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ အဲဒီလိုဖွဲ့စည်း ထားတဲ့အထဲမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ပါကစ္စတန် နိုင်ငံရဲ့လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားရုံးချုပ်တရား သူကြီးတွေ ဖြုတ်ပစ်တဲ့ကိစ္စ၊ ဘားကောင်စီ ဥက္ကဌတွေ ဖြုတ်ပစ်တဲ့ ကိစ္စတွေမှာ ဒီလူ့အခွင့်အရေး ကော်မရှင်က ဥက္ကဌတွေ ကိုယ်တိုင်က ပြင်းပြင်းထန်ထန် ပြောဆို လုပ်ကိုင် ဆောင်ရွက်တာကို တွေ့ရတယ်။ သို့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ သူတို့လည်း ဖြိုခွင်းခံရတာဖြစ်တယ်။ အိန္ဒိယမှာတော့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မားမားမတ်မတ် ရှိတယ်။ ဒါပေမဲ့ ပြည်နယ်တွေ များတဲ့အတွက် ဆောင်ရွက်တဲ့အခါမှာ အာနည်းချက်အချို့ ရှိတာကို ကျနော် တွေ့ရတယ်။

မေး ----- ခုလောလောဆယ်မှာ အစည်းအဝေးလုပ်နေတဲ့ လူ့အခွင့်အရေးကော်မရှင် (၄) နိုင်ငံက သူတို့နိုင်ငံ အတွင်းမှာတောင်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာ မရှိဘူးဆိုရင် သူတို့က ဦးဆောင်ပြီး ဖွဲ့စည်းလာမဲ့ အာဆီယံနိုင်ငံများရဲ့ လူ့အခွင့်အရေး ကော်မရှင်ကရော ဘယ်လောက်များ အောင်မြင် အောင်လုပ်နိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ ---- ကျနော့အနေနဲ့ ရှင်းရှင်းလင်း ပြောရမယ်ဆိုရင်တော့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ အလွန် ခဲယဉ်းပါတယ်။ ယခု အရှေ့တောင်အာရ နိုင်ငံတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တဲ့ နိုင်ငံတွေကို နိုင်ငံတကာက သော်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းအသီးသီးက သော်လည်းကောင်း ဖိအားပေးပြီး လူ့အခွင့်အရေးကို လိုက်နာ အကောင်အထည်ဖေါ်ဖို့ ဖိအားပေးလာတဲ့အခါမှာ ဒီလိုမျိုးဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဒီအဖွဲ့အစည်း ကနေပြီးတော့ စီစဉ်ဆောင်ရွက် သွားမယ်ဆိုရင်တော့ ပြောနိုင်ဖို့ အတွက် အခုလိုမျိုး ဖွဲ့တယ်လို ကျနော်တို့ ထင်မြင်ယူဆပါ တယ်။

(AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးမင်းလွင်ဦး ဖြစ်ပါတယ်။)