Wednesday, March 18, 2009

Filled Under:

ပုဒ်မ ၁၂၄ က နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုခွင့်မရှိ

BBC –--- 14/03/2008

အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မြန်မာစစ်အစိုးရဟာ ဥပဒေနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ပုဒ်မ ၁၂၄ က နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ တရားစွဲဆိုခွင့် မရှိဘူး။ပုဒ်မ ၁၂၄ နဲ့ စွဲဆိုတဲအမှု တွေဟာ တရားမ၀င်ဘူးလို့ ပြောဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ဧပြီလတုန်းက မသန္တာဆိုသူ အမျိုးသမီးဟာ ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ သူမခင်ပွန်းကို တွေ့ပြီး အပြန်မှာ မြန်မာအစိုးရက မသန္တာကို ပုဒ်မ ၁၂၄ (က)၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ ပုဒ်မ ၁၇ (၁) မတရားအသင်းများနဲ့ ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁)တို့နဲ့ တရားစွဲဆိုခဲ့ ပါတယ်။ ပုဒ်မ ၁၂၄ (က)နဲ့ စွဲဆိုမှုအရ ထောင်ဒဏ် တသက်တကျွန်း နှစ် ၂၀၊ မတရားအသင်းနှင့် ဆက်သွယ်မှုအရ ထောင်ဒဏ် ၃ နှစ်၊ လူဝင်မှုကြီးကြပ် ရေးဥပဒေအရ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ မသန္တာရဲ့အမှုကို ထောက်ပြပြီး AHRC ကဝေဖန်ခဲ့တာဆို တော့ ပုဒ်မ ၁၂၄ (က)နဲ့ အရေးယူတာဟာ ဘာကြောင့် တရားမ၀င်တယ် ဆိုတဲ့အကြောင်း AHRC မှာ မြန်မာ့ အရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမင်းလွင်ဦးနဲ့ ဦးဘမော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဖြေ ----- ကျနော်တို့ အဓိကပြောချင်တာက ၁၂၄ (က)အရ အရေးယူမယ်ဆိုရင် ဖြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက် တွေနဲ့ ကိုက်ညီဖို့ လိုတယ်။ ၁၂၄ (က)မှာ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်း ချက်တွေက အဲဒီလိုမျိုး အရေးယူမယ်ဆိုလို့ ရှိရင် ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရဖြစ်ရမယ်။ ဒါကမြန်မာလို ပြောတာနော်။ အင်္ဂလိပ်လိုမူရင်း Volume 8 မှာက ဘယ်လိုပါသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းပုံအရ တင်မြှောက်ထားတဲ့ အစိုးရဖြစ်ရဖို့ လိုတယ်။ အဲဒီမှာ ဒီဥပဒေ၊ ဒီပုဒ်မနဲ့ တရားစွဲဆိုလို့ရမယ်။ ကျတော်တို့ န အ ဖ တက်လာတော့ ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့တဲ့ မိန့်ခွန်းတခုရှိတယ်။ အဲဒီမှာ ဘာပြောလဲဆိုတော့ “ကျနော်တို့က စစ်အစိုးရ ဖြစ်တယ်။ ဘယ်ဥပဒေမှ မရှိဘူး။ ကျနော်တို့က ရွေးကောက်ပွဲ လုပ်ပေးမယ်။ ရွေးကောက်ပွဲပြီးရင် ကျနော်တို့ စစ်တန်းလျားကိုပဲ ပြန်သွားမှာဖြစ်တယ်။ ယခုလောလောဆယ်ကျနော်တို့ အုပ်ချုပ်နေတာက မာရှယ်လော ဥပဒေနဲ့ ဖြစ်တယ်။ ကျနော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ တည်ထောင်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် ဒီဥပဒေ ဒီပုဒ်မနဲ့ အရေး မယူနိုင်ဘူး။ တကယ်တန်း နိုင်င်ငံတော်ကို အကြည်အညို ပျက်စေတယ်၊ နှိုးဆော်တယ်၊ ဖြန့်ဝေတယ်ဆိုလို့ ရှိရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅၀ (ခ)နဲ့သာ အရေးယူ သင့်တယ်ဆိုတာကို ကျနော်တို့က ဒီကနေ့ ကျေညာချက် ထုတ်ပြန်ပြီးတော့ ပြောခြင်းဖြစ်တယ်။”

မေး ----- ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများဟာ ဒီပုဒ်မနဲ့ ဖမ်းဆီး ခံထားရတာ ဖြစ်တယ်။ ဒီတော့ သူတို့တတွေ အားလုံးကလည်း တရားဝင် အဖမ်းခံနေရတာ မဟုတ်ဘူးလို့ ဆိုလို တာပေါ့နော်။

ဖြေ ----- ဟုတ်ပါတယ်ခင်ဗျား၊ အဲဒီလိုမျိုး ဖမ်းဆီးအရေးယူတဲ့အခါမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရလည်း အတိအကျ သတ်မှတ်ပြဌာန်း ထားတာ ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ (က) အရ အရေးယူမယ် ဆိုလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့် ရဖို့ လိုပါတယ်။ အခုမသန္တာအမှုမှာ အဲဒီလိုတင်ပြထားခြင်း မရှိဘူးဆိုတာ ကိုလည်း ကျတော်တို့ တွေ့ရှိရတယ်။ ဒါကြောင့် ဥပဒေပြဌာန်း ချက်တွေနဲ့ မညီပဲ စစ်ဆေးစီရင်တဲ့အမှုကို ပြန်လည် သုံးသပ်သင့်တယ်။ ပြန်လည်ပြီးတော့ ကြားနာသင့်တယ် ဆိုတာကို ကျတော်တို့ တင်ပြပြောဆိုလိုတာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုအမှုစစ်ဆေး ရာမှာလည်း မသန္တာအနေနဲ့ တရားခံသက်သေတွေ၊ တင်ပြခွင့်မရခဲ့ဘူး။ နောက် ပြီးတော့ ကြီးလေးတဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံရမဲ့အမှုမှာ ရှေ့နေနဲ့ ခုခံချေပခွင့်မရခဲ့ဘူး။ ကိုယ်တိုင်ခုခံ ချေပတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါတွေဟာ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ လွန်စွာမှပင် လွဲမှားပြီး တော့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်ဆိုတာကို မီးမောင်း ထိုးပြပြီးတော့ အသိအလင်း တင်ပြပြောဆိုရခြင်း ဖြစ်ပါတယ်။

မေး ----- အခု AHRC အနေနဲ့ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ ----- AHRC အနေနဲ့ ယခုလိုမျိုးအမှုတွေမှာ UN working groups အဖွဲ့အစည်း အသီးသီးကို ကျနော်တို့ ပေး ပို့တယ်။ ဒီအဖွဲ့အစည်း အသီးသီကနေပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရားစီရင်ရေးစနစ်က ချွတ်ချော်မှု တွေရှိတယ်။ တိမ်းစောင်းမှု တွေရှိတယ်။ ဒါတွေကို ပြုပြင် သင့်တယ်ဆိုပြီးတော့ စစ်အစိုးရက ဖိအားပေးတာကို လည်း ကျတော်တို့ သိရှိရတယ်။ ဒီကြောင့် ဒီလိုမျိုးအမှုတွေကို ရှေ့ဆက်ပြီးတော့ မပေါ်ပေါက်ရအောင် ယခုလိုမျိုး မသန္တာအမှု ကနေပြီးတော့ မီးမောင်းထိုး တင်ပြပြောဆို ရခြင်းဖြစ်ပါတယ်။

(အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို ဦးဘအောင်က ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။)