Wednesday, March 18, 2009

Filled Under:

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့အား ပြန်လွှတ်ပေးရေးအတွက် AHRC မှ အရေးပေါ် ပန်ကြားလွှာ ပေးပို့

RFA ---- 15/10/2008

မှုမခိုင်လုံပဲ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံနေရတဲ့ ဟာသသရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာနဲ့ အယ်ဒီတာ ကိုဇော်သက်ထွေး တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အရေးပေါ် ပန်ကြားလွှာ တစောင်ကို အာရှလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး ကာလအတွင်း စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဟာသ သရုပ်ဆောင် တာရိုက်တာ ကိုဇာဂနာနဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးတို့ကို ရုံးတင် တရားစွဲဆိုရာမှာ သက်သေ အထောက်အထား ခိုင်လုံမှုမရှိပဲ စွဲဆိုကြောင်း ထင်ရှား ပေါ်လွင်နေသည့်အပြင် တရားရုံးတော်ဟာလည်း တရားရေး လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ် ဖြစ်နေတာကြောင့် စွပ်စွဲခံနေရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဟောင်ကောင်အခြေစိုက် AHRC ခေါ် အာရှလူ့ အခွင့်အရေး ကော်မရှင်က အောက်တိုဘာ ၁၅ ရက် ဗုဒဟူးနေ့က ပန်ကြားချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ဒီနေ့ ထုတ်ပြန်ရတဲ့အချက်က ဒီအမှုမာ ဥပမာဆိုပါတော့
ကိုဇာဂနာ ဆိုလို့ရှိရင် ဖြစ်ရပ်တခုတည်းမှာ ဖြစ်တဲ့အချိန် တချိန်တည်းမှာပဲ သူ့ကို အမှု (၂) ခုခွဲပြီးတော့ စွဲထားတာကို တွေ့ရတယ်။ အဲဒီတော့ အမှုတမှုဆိုရင် တမှုပဲစွဲဖို့ရယ်၊ နောက်ပြီးအဲဒီမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ပြဖို့ရယ်၊ နောက်ပြီးတော့ ဒီလိုစွပ်စွဲရုံ စွပ်စွဲထားပြီးတော့ အပြစ်ပေးရမယ် ဆိုတာထက် အပြစ်ပေးလောက်တဲ့ အထောက်အထားတွေ ခိုင်ခိုင်လုံလုံ တင်ပြဖို့ လိုတယ် ဆိုတာကို ကျနော်တို့ ထောက်ပြတာ ဖြစ်တယ်။ တရားစွဲဆိုပုံ ဟာလည်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။”

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပါတဲ့ပြဌာန်းချက်တွေနဲ့ လည်း မညီညွတ်ဘူး။ နောက်ပြီးတော့ စကားရပ်နဲ့ အဓိပါယ်ဖွင့်ဆိုရေး အက်ဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေနဲ့လည်း မကိုက်ညီဘူး။ နောက်ပြီးတော့ ရှေ့နေချုပ်ရုံးရဲ့ အက်ဥပဒေနဲ့လည်း မကိုက်ညီဘူး ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီအမှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာ မဟုတ်တဲ့အတွက် အမှုကိုရုပ်သိမ်းပြီးတော့ စွပ်စွဲခံရတဲ့ နှစ်ဦးကို လွှတ်ပေးဖို့အတွက် ကျနော်တို့ အရေးပေါ် မေတ္တာရပ်ခံလွှာ ထုတ်ထားတာဖြစ်တယ်။”

“အများပြည်သူတွေ အနေနဲ့ အရေးပေါ်ပန်ကြားချက်ကို လက်မှတ်ရေးထိုးပြီး စစ်အစိုးရ အာဏာပိုင်တွေဆီကို ပေးဖို့ကြဖို့လည်း AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဒီပန်ကြားလွှာကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေဆီ ပေးပို့မှာဖြစ်တယ်။”

အာရှလူ့အခွင့်အရေးကော်မရှင် ပန်ကြားချက်နဲ့ပတ်သက်ပြီး ဦးသစ်ဆင်းက ရှေ့နေဦးမင်းလွင်ဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာမှာ တရားစွဲဆိုပုံ နည်းလမ်းမကျကြောင်း ဦးမင်းလွင်ဦးက RFA ကို ရှင်းလင်းပြောခဲ့ပါတယ်။