Wednesday, March 18, 2009

Filled Under:

မစန္ဒာအား ပြန်လွှတ်ပေးရန် AHRC မှ န အ ဖ အစိုးရသို့ အရေးပေါ် ပန်ကြားလွှာပို့

RFA ---- Evening Programme, 23/10/2008

အာရှလူ့အခွင့်အရေးကော်မရှင် ကနေပြီးတော့ တောင်းဆိုလိုက်တဲ့ သတင်းတပုဒ်ကို ဆက်ပါ့မယ် ခင်ဗျား။ သြဂုတ်လက ကားဘက်ထရီအိုး ရောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အင်န်အယ်ဒီ ပါတီဝင် မစန္ဒာအမှုနဲ့ ပတ်သက်လို့ မတရား ပြစ်ဒဏ်ချမှတ်တာ ဖြစ်တဲ့အတွက်ကြောင့် အမြန် ပြန်လွှတ်ပေး ရေးကို အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က ဒီကနေ့မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကျေညာချက်မှာ အသက် ၃၈ နှစ် အရွယ်ရှိတဲ့ မစန္ဒာဟာ ဒေသခံအာဏာပိုင်တွေကို ပြန်လည်ပြောဆိုမှုနဲ့ မတရား ဖိနှိပ်ထောင်ဒဏ် ချထားခြင်း ခံရတဲ့အကြောင်း ဖေါ်ပြထားပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတိုင်းက မစန္ဒာကို ပြန်လွှတ်ပေးရေး၊ အာဏာပိုင်တွေကို တောင်းဆိုပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒီလို အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး AHRC မှ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက---

ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ တွံတေးမြို့က အင်န်အယ်ဒီ အမျိုးသမီး အတွင်းရေးမှူး အဖွဲ့ဝင် မစန္ဒာနဲ့ ပတ်သက်လို့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ထားပါတယ်။

အဲဒီလို ထုတ်ရတဲ့ အကြောင်းရင်းက မစန္ဒာကို စွဲဆိုထားတဲ့ အမှုတွေမှာ သာမာန်ထက်ပိုပြီး အပြစ်ပေးထားတယ်ဆိုတဲ့ ကိစ္စရပ်ရယ်၊ နောက်ပြီး တွံတေးမြို့နယ် အတွင်းမှာပဲ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ခြင်း ဆင်တူတဲ့ ကိစ္စရပ်မှာ အခြားအမှုမှာတော့ ထောင်ဒဏ် ၂ လ ပဲ အပြစ်ပေးပြီ့း မစန္ဒာကို ကျတော့ တနှစ်နဲ့ တလ သီးခြားစီ အမှု ၂ မှုကို ခွဲပြီးချထားတဲ့ ဥစ္စာတွေက ဥပဒေနဲ့ မညီဘူး ဆိုတာတွေကို ဖေါ်ပြပြီး ကျနော်တို့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ရခြင်း ဖြစ်ပါတယ်။

မစန္ဒာဟာ ကားဘက်ထရီအိုး ရောင်းရာက အာဏာပိုင်တွေရဲ့ စစ်ဆေးတာကို မနာခံခဲ့တာက အစပြုပြီး အရေးယူထောင်ဒဏ် အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်ဖြစ်လို့ ယခုလို တောင်းဆိုရတာပါလို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

ဖြစ်ရတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့ ဒီဘက်ထရီအိုး အဟောင်းကို ၀ယ်သွားတဲ့ ကလေး ၂ ယောက်နဲ့ ပတ်သက်ပြီး ရဲက မစန္ဒာကို ခေါ်တယ်။ မစန္ဒာက မသွားနိုင်ဘူး။ နောက်တခါ ထပ်ခေါ်ခိုင်းတဲ့ အချိန်မှာ သွားတဲ့အခါမှာတော့ ဒီလိုမျိုး ရုတ်ရင်းညစ်ညမ်းစွာ ပြောတယ်။ ရင်ဘတ်ကို တွန်းတယ်ဆိုတဲ့ အမှုနဲ့ ယခုလိုထောင် ဒဏ် ၁ နှစ်နဲ့ တလ ပြစ်ဒဏ်ချမှတ်ခြင်းဟာ ဥပဒေနဲ့ မညီဘူး မှားယွင်းနေတယ် ဆိုတာကို ဖေါ်ပြပြီးတော့ ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။

AHRC ရဲ့ မေတ္တာရပ်ခံချက်မှာ အမှုဖြစ်စဉ် အသေးစိပ်ကို ဖေါ်ပြထားပါတယ်။ AHRC အနေနဲ့ မစန္ဒာ အပါအ၀င် မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မတရားဖမ်းဆီး အပြစ်ပေး ခံရသူတွေ လွတ်မြောက်ဖို့ အခုလို နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့တာ၂၀၀၈ ခုနှစ် အတွင်းမှာ အမှု ၄၀ ခန့် ရှိတယ်လို့ သိရပါတယ်ခင်ဗျား။