Wednesday, March 25, 2009

Filled Under:

ကလေးထောင်မှာ မစုစုနွေး ကျန်းမာရေးအခြေအနေ မကောင်း

RFA ----- 24/ 3/ 2009
ကလေးထောင်မှာ အကျဉ်းကျနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ကျန်းမာရေးအခြေအနေအရ မိသားစုနဲ့ နီးတဲ့ထောင်ကို အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေး ၀န်ကြီးဌာနကို ဒီကနေ့ နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို ထောင်ဒဏ် ၁၂ ခွဲ ချမှတ်ထားပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ၈ နှစ် ခွဲ လျှော့ပေါ့ပေးခဲ့ပါတယ်။ အင်းစိန်ထောင် အထူးတရားရုံးက ပြစ်ဒဏ်ပေးလိုက်ပြီးတဲ့နောက် အင်းစိန်ထောင်ကနေ စကိုင်းတိုင်း ကလေးထောင်ကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ မစုစုနွေးဟာ နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး အပါတ်စဉ် ဆေးသွင်းနေရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မစုစုနွေးရဲ့အမ မဌေးဌေးသီ ပြောပြတာကတော့ ----

“သူ၂၀ ရက်တုန်း မစုစုနွေး Shot ဖြစ်သွားတယ်လို့သိရတယ်။ ဘာဖြစ်လို့လည်းမသိဘူး။ သူငယ်ချင်းတယောက်ကပါဆယ်သွားပို့ခဲ့တယ်လေ။ ပို့ခိုင်းတဲ့လူကို သူကပြောပြတယ်။ မစုစုနွေး ၂၀ ရက်နေ့က Shot ဖြစ်တယ်။ ဘယ်ဖြစ်လဲလို့ မေးတော့ သူတို့က ထောင်ပိုင်ကြီးကို စကားသွားပြောခိုင်းတာကို ကြားက၀န်ထမ်းတွေက မပြောတော့ ဒေါသ ဖြစ်ပြီး ဖြစ်သွားတယ်လို့ ပြောတယ်။ အဲဒီနေ့ကနေပြီးတော့ ဆက်တိုက် ရောဂါဖြစ်နေတာ။

ဆေးရုံတက်ရလို့ သတင်းကြားတာမဟုတ်ဘူး။ ဆေးရုံးအပြင်ကနေပြီး အထဲကို မသွင်းလာတယ် ဆိုတဲ့အကြောင်းဘဲ သိရတယ်။ ထောင်ကို ကားနဲ့ဘဲ မြင်ရတယ် ပွေ့ချီလာတာကို။ သူတို့က စုစုနွေးပေါ့။ စုစုနွေးအစစ်အမှန်ဘဲပေါ့၊ စုစုနွေးဆိုတာ သူတို့ မျက်စိနဲ့ မြင်လိုက်တယ်။ သွားကြည့်ခိုင်းတော့ ဆေးရုံမှာ မရှိဘူးတဲ့၊ ဆေးခန်းသွားပြတဲ့ သဘောဘဲ ရှိတာပေါ့နော။”

အခုတလော မစုစုနွေး ကလေးထောင်မှာ ကျန်းမာရေး ဆိုးဆိုး ၀ါးဝါး ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကလေးထောင် အသိုင်းအ၀ိုင်းက တဆင့် ရရှိတဲ့ သတင်းကို အခုလိုပြောပြပါတယ်။

“ ကျမသတင်းကြားတော့ ညီမလေးကို စိုးရိမ်တယ်ပေါ့၊ ကျမ သွားရတာလာရတာ အခက်အခဲရှိတယ်။ အခုသွားလာရတာလဲ ဒီလောက်ဝေးလံတဲ့ နေရာကို ရောက်နေတော့ အခုသတင်းကြားပြီး အခုသွားလို့မရဘူး။ အခုအချိန်အထိလည်း ကျမအတွက် သွားဖို့ လာဖို့ မနည်း စီစဉ်နေရတယ်။ သူဘယ်လိုနေတယ်ဆိုတာ၊ မိသားစုဝင်တွေနဲ့ တလမှ တခေါက်တွေ့ရတယ်။ ဘယ်သူကလည်း အကြောင်းမကြားဘူး၊ ထောင်က ဖုန်းတွေက မိသားစုတွေ့ကို ဆက်သွယ်လို့ရတယ်။ လုံးဝမဆက်သွယ်တော့ဘူး။ ဘယ်လိုမှ အခြေအနေမပေးဘူး ဖြစ်နေတယ်။ ဖုန်းမကိုင်ဘူး။”

မစုစုနွေးအမဖြစ်သူ မဌေးဌေးသီ ပြောပြခဲ့တာ ဖြစ်ပါတယ်။ မစုစုနွေး မိသားစုအနေနဲ့ အခုလို ဝေးလံတဲ့ထောင်မှာ ရှိနေတဲ့ ညီမ ဖြစ်သူထံ တလတခေါက် ပုံမှန်သွားဖို့ဆိုတာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပြပါတယ်။ ဒါပေမဲ့ အစားအသောက်နဲ့ ပါဆယ်ကို ကတော့ ၁၅ ရက်တကြိမ် ကလေးမြို့ခံတွေရဲ့ အကူအညီနဲ့ ပေးပို့နေတာလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး ပေးပို့တဲ့စာမှာတော့ လူသားချင်းစာနာတဲ့အနေနဲ့ ကျန်းမာရေးမကောင်းတဲ့ မစုစုနွေးကို မိသားစုနဲ့ နီးရာ ထောင်ကို ပြောင်းပေးဖို့ တောင်းဆိုထားသလိုဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့လည်း အကျဉ်းထောင်တွေကို ပြန်လည် ၀င်ရောက်ခွင့် အတွက်ပါ တောင်းဆိုထားပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ဝေးရာ ထောင်တွေကို ပြောင်းရွှေ့ရာမှာ လတ်တလော မန္တလေး အိုးဘိုထောင်က ဒေါ်ဝင်းမြမြကို မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့လိုက်ပြီးတော့ မတ္တရာက ဦးငြိမ်းမောင်ကိုတော့ အိုးအိုထောင်ကို၊ အိုးဘိုထောင်ကနေပြီးတော့ ခန္တီးထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ သတင်းကြားလို့ မုံရွာကို သွားရောက်တွေ့ဆုံခဲ့ရတယ်လို့ သိရပါတယ်။

အခုလို ထောင်ပြောင်းရွှေ့တယ် ဆိုရာမှာလည်း ထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေကို တရားဝင် အကြောင်းကြားခြင်းမရှိဘဲ သိတဲ့သူတွေကနေပြီးတော့ တဆင့် ပြောမှ သိရတယ်လို့ မိသားစု ၀င်တွေက ပြောပြကြပါတယ်။

မစုစုနွေး ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားသော စာကိုလည်း ဤစာမျက်နှာတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ http://www.ahrchk.net/statements/mainfile.php/2009statements/1955/