Wednesday, March 25, 2009

Filled Under:

ကုလသမဂ္ဂ ဥပဒေသုံးသပ်ချက်မှာ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဦးအုန်းသန်းအမှု ပါဝင်

RFA ----- 24/ 3/ 2009

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အပစ်အခတ်ရပ်အဖွဲ့ ဗိုလ်ချုပ်ဆေထင်၊ ဦးစိုင်းညွန့်လွင်တို့ အမှုတွေနဲ့ တကိုယ်တော် ဆန္ဒပြမှုနဲ့ ထောင်ချခံနေရတဲ့ ဦးအုန်းသန်းတို့ရဲ့ အမှုတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီလက်အောက်ခံ အဖွဲ့တခုဖြစ်တဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်အဖွဲ့ UN WGAD (UN Working Groups on Arbitrary Detention) က မြန်မာအစိုးရကို အကြောင်အကြားစာ ပို့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီအကြောင်းကြားစာ မိတ္တူကို အာရှလူ့အခွင့်အရေးကော်မရှင် AHRC ကလည်း လက်ခံရရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC မှ ရှေ့နေဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။

“ဦးအုန်းသန်းရဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ မတ်လ ၁၇ ရက်နေ့မှာ လက်ခံရရှိခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် ဗိုလ်ချုပ်ဆေထင်အပါအ၀င် လူတွေရဲ့ကိစ္စကိုတော့ ကျတော်တို့ မနေ့က လက်ခံရရှိတာ ဖြစ်ပါတယ်။”

“အဲဒီလို လက်ခံရရှိတဲ့အခါမှာ ဦးခွန်ထွန်းဦးတို့အမှုက ဒုတိယအကြိမ်မြောက် ပေးပို့တယ်ဆိုတာကို ကျနော်တို့ သိရတယ်။ ၅၂ ကြိမ်မြောက် အစည်းအဝေးကနေ ဆုံးဖြတ်ပြီးတော့ ယခင်နှစ်ကတည်းက ပေးပို့ထားတဲ့အခါမှာ စစ်အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက် ဒီနှစ်တခါ ထပ်မံ ပေးပို့ သတိပေးတယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ် ခင်ဗျား။”

ရှမ်းခေါင်းဆောင် အမှုတွေနဲ့ ပတ်သက်ပြီး UN WGAD ကထောက်ပြခဲ့တာကို ရှေ့နေဦးမင်းလွင်ဦးက အခုလို ပြောပြပါတယ်။

“ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်တို့ဟာ SNLD အဖွဲ့ ၀င်တွေဖြစ်တယ်။ ဗိုလ်ချုပ်ဆေထင်ဆိုတာလည်း စစ်အစိုးရနဲ့ စေ့စပ်ငြိမ်းချမ်းရေးလုပ်ထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် တဦးဖြစ်တယ်။ သူတို့ဆွေးနွေးတဲ့ ကိစ္စရပ်တွေကလည်း နိုင်ငံရေးပါတီ အဖွဲ့အစည်းတခု ဖွဲ့ဖို့ အတွက် တိုင်ပင် ဆွေးနွေးကြတဲ့ ကိစ္စရပ်ဖြစ်တယ်။”

“အဲဒီလို ဆွေးနွေးတဲ့ ကိစ္စရပ်တွေက အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းနဲ့ သတ်မှတ်ထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာစည်းရုံးပိုင်ခွင့် ဆိုတဲ့အချက်တွေကို စစ်အစိုးရက ခွင့်မပြုတဲ့အတွက် ဒါတွေက နိုင်ငံတကာဥပဒေ စံချိန်စံညွန်းတွေနဲ့မညီဘူး။ ဒါတွေကို ခွင့်ပြုပေးဖို့လိုတယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စရပ်တွေက ရာဇ၀တ်မှု မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံ အနာဂတ်ရှေ့ရေးအတွက် တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စရပ်တွေဖြစ်တယ်။”

“နိုင်ငံရေး အခြေခံပေါ်မှာ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ကို ပေးသင့်တယ်ဆိုတဲ့ အချက်အလက်ကို ထောက်ပြပြီးတော့ နိုင်ငံတကာ ဥပဒေတွေနဲ့ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေ၊ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွေမှာ သတ်မှတ်ထားတဲ့ စံချိန်၊ စံညွန်းတွေအတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့ ကိစ္စရပ်တွေကို ထောက်ပြပြီး ပြောဆိုထားတာဖြစ်တယ်။”

ဦးအုန်းသန်းကိစ္စနဲ့ ပတ်သက်ပြီး UN WGAD ကထောက်ပြတာကို ရှေ့နေဦးမင်းလွင်က အခုလို ပြောပြပါတယ်။

“ ဦးအုန်းသန်းကိစ္စမှာလည်း ဦးအုန်းသန်းဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတယ်။ ဒါဟာလည်း သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံရတယ် ဆိုတာကို တွေ့ရတယ်။ အဖမ်းခံခဲ့ရတဲ့ အကြိမ်ပေါင်း၊ ကျခံခဲ့ရတဲ့နှစ်ပေါင်း နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ကိစ္စ အသေးစိတ်နဲ့ တရားခွင် အသေးစိတ်ကိစ္စတွေကို ဖေါ်ပြထားသာကို ကျနော်တို့ တွေ့ရှိရတယ်။”

ဒီကိစ္စအပေါ်မှာ အာရှလူ့အခွင့်အရေးကော်မရှင်က သူတို့အမှုမှန်ပေါ်ပေါက်ဖို့ကိစ္စတွေ၊ တရားခွင် အားနည်းချက်တွေကို ထောက်ပြပြီး ကုလသမဂ္ဂ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်အဖွဲ့ UN WGAD ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီကုလသမဂ္ဂက ပုဂ္ဂိုလ်တွေကလည်း နိုင်ငံတကာ ဥပဒေနဲ့ မြန်မာနိုင်ငံ ဥပဒေကို ညှိနှိုင်း သုံးသပ်ပြီး ဒီအမှုတွေမှာ ဘယ်အချက်က မှားယွင်းနေတာဖြစ်တယ်။ ဘယ်အချက်တွေက စစ်အစိုးရ ချိုးဖေါက်တာကို ထောက်ပြတာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦး ပြောပြသွားပါတယ်။

0 comments:

Post a Comment