Sunday, April 26, 2009

Filled Under:

Seven Day ဂျာနယ် သတင်းတောက် ကိုအောင်ထွန်းမြင့်အား ဖမ်းဆီးမှုနဲ့ စပ်လျဉ်းပြီး AHRC မှ အရေးပေါ်ပန်ကြားချက်ရေးပို့

RFA ---- 9/ 4/ 2009

Seven Day ဂျာနယ် သတင်းတောက် ကိုအောင်ထွန်းမြင့်ကို ဖမ်းဆီး ထောင်ချခဲ့တဲ့ အမှုမှာ ဖမ်းဆီးစဉ် တုန်းက အမှုတမှုဖြစ်ပြီး အပြစ်ပေး ထောင်ချတဲ့အခါ အခြားအမှု တမှုနဲ့ ဖြစ်နေတာကြောင့် သက်သေ အထောက်အထား ခိုင်လုံခြင်း မရှိဘဲ အပြစ်ပေး နေတာမျိုး ဖြစ်တာကို အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ချက် ဝေဖန်လိုက်ပါတယ်။ ဒါကြောင့် သတင်းထောက် ကိုအောင်ထွန်းမြင့်ကို ပြန်လွှတ်ပေးရမယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်မှ တောင်းဆိုပါတယ်။

ဦးမင်းလွင်ဦး ------ “အဲတော့ ကိုအောင်ထွန်းမြင့်ကို ယခုလို ဖမ်းဆီးထားတာဟာ မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းဖြစ်တယ်။ Arbitrary Detention ဖြစ်တယ်။ ဒါကြောင့်ကျနော်တို့ကနေပြီး ကိုအောင်ထွန်းမြင့်ကို ဥပဒေတွေနဲ့ မညီဘဲနဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ကျနော်တို့ ပြောလိုခြင်း ဖြစ်ပါတယ်။ အရေးယူထားတာဟာ ဥပဒေနဲ့မညီဘူး။ နောက်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေနဲ့ မညီတဲ့အတွက် ဒီအမှုကနေ အပြီးအပြတ် လွှတ်ပေးဖို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်ခင်ဗျား။”

ကိုအောင်ထွန်းမြင့်ကို ဖမ်းစဉ်တုန်းက မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာမှာ စိုက်ပျိုးရေးဝန်ထမ်း မဲရုံမှာ မေလ ၂၀၀၈ ခုနှစ်တုန်းက မဲရုံကို ဓါတ်ပုံရိုက်တယ်ဆိုပြီး မှော်ဘီရဲစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက် ခရိုင်လုံခြုံရေးအဖွဲ့က လာရောက်ခေါ်ယူသွားပြီး ၅ ရက်လောက် ချုပ်နှောင် စစ်ဆေးခဲ့ပါတယ်။ ကိုအောင်ထွန်းမြင့်ကို မှော်ဘီရဲစခန်းက ရဲအရာရှိ မင်းစုထူး ကနေ တရားလိုလုပ်ပြီး နယ်စပ်ဖြတ်ကျော်မှုနဲ့ မှော်ဘီတရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ ကိုအောင်ထွန်းမြင့်ထံက သိမ်းဆည်းခဲ့တဲ့ ဗွီဒီယိုကမ်မရာနှင့် ဓါတ်ပုံကမ်မရာတွေကို သက်သေခံပစ္စည်းအဖြစ် တရားရုံးမှာ မှတ်ပုံတင်ခဲ့ပါတယ်။ ဒီအမှုကို တရားသူကြီး ဒေါ်ဥမ္မာက တာဝန်ယူစစ်ဆေးခဲ့တာပါ။ ကိုအောင်ထွန်းမြင့်ကို စစ်ဆေးရှာဖွေစဉ် ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့က တယ်လီဖုန်း နံပါတ်ပါ လိပ်စာကပ်ပြားတခု တွေ့ရှိခဲ့တဲ့အတွက် ထိုင်းမြန်မာနယ်စပ် တရားမ၀င် ဖြတ်ကျော်တယ်ဆိုပြီး အမှုဆင် စွပ်စွဲခဲ့တာဖြစ်ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တကယ်တမ်း ကိုအောင်ထွန်းမြင့်ဟာ Seven Day သတင်းဂျာနယ်အတွက် ပြီးခဲ့တဲ့ ၂၀၀၈ မေလအတွင်းက စစ်အစိုးရဖွဲ့စည်းပုံ ပြည်နယ်ဆန္ဒခံယူပွဲမှာ မှော်ဘီမြို့ တပ်ကြီးကုန်းက မဲရုံကို ဓါတ်ပုံရိုက်ဖို့ဆိုပြီး သွားခဲ့တာဘဲ ဖြစ်ပါတယ်။

Seven Day ဂျာနယ်ဟာ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားပြီး တရားဝင်ထုတ်လုပ်နေတဲ့ သတင်းဂျာနယ်ဖြစ်တာကြောင့် အခုလို ဓါတ်ပုံရိုက်ယူတဲ့ သတင်းရိုက်ယူနေတဲ့ သတင်းထောက်ကို ဖမ်းဆီးစရာ အကြောင်းမရှိသလို တရားရုံးမှာလည်း သက်သေခံ အထောက်အထားမရှိဘဲ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့တာဟာ တရားမ၀င်တဲ့အတွက် ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဒီနေ့ထုတ်ပြန် ကြေငြာထားပါတယ်။

အခုဖေါ်ပြတဲ့ ကိုအောင်ထွန်းမြင့် အမှုကိစ္စအပါအ၀င် တခြားဖမ်းဆီးထားတဲ့ သတင်းထောက်တွေဖြစ်တဲ့ မအိခိုင်ဦး၊ ကိုကျော်ကျော်သန့်တို့ အမှုကိစ္စတွေကို ကမ္ဘာ့ကုလသမဂ္ဂ တရားမ၀င် ဖမ်းဆီးမှု ကာကွယ်ရေးဌာနနဲ့ လူ့အခွင့်အရေး ကောင်စီတွေအထိ ဆက်လက်တင်ပြသွားမယ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက RFA ကိုပြောဆိုသွားပါတယ်။ ကိုအောင်ထွန်းမြင့်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်သွယ်မေးမြန်းချက်ကို နောက်ပိုင်းမှာ နားဆင်ဖို့ ရှိပါတယ် ခင်ဗျား။

(အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာစစ်အစိုးရသို့ ပေးပို့သော အရေးပေါ် ပန်ကြားလွှာကိုလည်း ဤ အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။)http://www.ahrchk.net/ua/mainfile.php/2009/3144/