Sunday, April 26, 2009

Filled Under:

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးနှင့် AIDS ရောဂါပြန့်ပွားမှု

VOA ----- 22/ 4/ 2009

မူးယစ်ဆးဝါး သုံးစွဲသူတွေကို ရာဇာဝတ်မှု ကျူးလွန်သူတွေ အနေနဲ့ မဆက်ဆံဘဲ လူနာအနေနဲ့ ဆက်ဆံ နိုင်ရေးအတွက် မိမိတို့ရဲ့ မူးယစ်ဆေးဝါး ဥပဒေတွေကို ပြန်လည် သုံးသပ်ကြဖို့ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ HIV/ AIDS ညီလာခံမှာ ကုလသမဂ္ဂမှ အာရှနိုင်ငံ အစိုးရတွေကို ဖိအားပေး လိုက်ပါတယ်။

အာရှတလွှားမှာ AIDS Virus ရှိနေသူတွေ ၅ သန်းလောက် ရှိကြပါတယ်။ အရှေ့တောင်အာရှမှာ လတ်တလော Virus ရှိနေတာက ဒေသအတွင်းမှာ အမြင့်မားဆုံးပါ။ အေအိုင်ဒီအက် ပြန့်ပွားနေတာကို လျှော့ချနိုင်ဖို့ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်လို့ အာရှတလွှားမှာ အာရှ/ ပစိဖိတ်ဒေသဆိုင်ရာ ယူအင်န်အိတ် ညွန်းကြားရေးမှူး ဘားဆားရားရိုးက ပြောဆိုသွားပါတယ်။ အထူးသဖြင့် မူးယစ်ဆေးထိုး သုံးစွဲသူတွေ အကြား ဖြစ်ပွားနေတာတွေ အတွက် ဖြစ်ပါတယ်။

“ မူးယစ်ဆေးဝါး ဥပဒေတွေကို ပြန်ကြည့်ဖို့ လိုအပ်တဲ့ကိစ္စ ရှိနေပါတယ်။ အဲဒီဥပဒေတွေက နှစ်ပေါင်း ၃၀/ ၄၀/ ၅၀ ကြာအောင် သက်တမ်းရှည်အောင် ရှိနေပါတယ်။ သမရိုးကျ ချဉ်းကပ်ပုံအတိုင်း ချဉ်းကပ်နေကြပြီး မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူအကြား ဥပဒေအရ ခွဲခြားတာမရှိဘဲ တတန်းတစားထဲ အတူတူ သဘောထား ကြပါတယ်။ မူးယစ်ဆေး သုံးစွဲသူတွေကို အမြင်သစ်နဲ့ ကြည့်ရမဲ့အချိန် ရောက်နေပါပြီ။ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ကြပါဘူး။ ကုသမှု ပေးရမဲ့သူတွေ၊ လူနာတွေ ဖြစ်ကြပါတယ်။”

မြန်မာနိုင်ငံမှာတော့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေအကြား ဥပဒေကြောင်းအရ ခွဲခြားကြည့်မြင် ထားပေမဲ့ သုံးစွဲသူတွေကို ဥပဒေ အကြောင်းအရ အရေးယူခဲ့တယ်လို့ အာရှလူ့အခွင့်အရေး ကောင်မရှင်မှ မြန်မာရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

“ မူးယစ်ဆေးဝါးကို သုံးစွဲတဲ့ သူတွေကို အရင်တုန်းက (၁၄/က) ဆိုတဲ့ ဥပဒေနဲ့ အရေးယူတယ်။ နောက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ မူးယစ်ဆေးဝါးကို ဖြန့်ဖြူးတဲ့သူဆို၍ သီးသန့်ရှိပါတယ်။ အဲနှစ်ခုကတော့ ရှင်းပါတယ်။ ဒါကတော့ အရင်က ဥပဒေပေါ့လေ။ နောက်ပိုင်းမှာကျတော့ မူးယစ်ဆေးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေ ဆိုပြီးတော့ ပြန်ပြောင်းလိုက်တဲ့ အခါကျတော့ အဲလိုမျိုးတော့ မတူတော့ဘူး။ ဒါပေမဲ့ ပုဒ်မဘဲ ကွဲသွားတာပါ။ ကျန်တဲ့အရာက အတူတူဘဲ ဖြစ်တယ်။”

အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတွေမှာ AIDS ဖြစ်ပွားတာက မကြာမီ နှစ်များအတွင်း မြန်မြန်ဆန်ဆန် ကြီးတက်လာပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံ တွေမှာတော့ AIDS ပြန့်နှံ့တာက ကျသွားပါတယ်။ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ UNHCR အစီရင်ခံစာကို ကိုးကားပြီး အစိုးရမဟုတ်တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံ ဒေါက်တာ စင်တီသီဦးက မြန်မာနိုင်ငံရဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ HIV ဖြစ်နှုန်းက မြန်မာပြည်မှာ ၂၀၀၀ ခုနှစ်တုန်းက ၀. ၉၄ ရာခိုင်နှုန်း ရှိပေမဲ့လည်း တဖြည်းဖြည်နဲ့ ကျဆင်းလာတာ ၂၀၀၇ ခုရောက်တော့ ၀.၇ ရာခိုင်နှုန်းဘဲ ရှိတော့တယ်။”

တရုတ်နိုင်ငံမှာတော့ HIV ပိုးရှိသူ အရေအတွက်ရဲ့ တ၀က်လောက်ဟာ ဆေးထိုးသုံးရာက Virus ကူးဆက်ကြတာ ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ မလေးရှား၊ ဗီယက်နမ်မှာတော့ ဆေးထိုးလို့ရော၊ လိင်ဆက်ဆံရာမှာ အကာအကွယ် မယူထားလို့ပါ ကူးစက်ကြတာပါ။ မြန်မာနိုင်ငံမှာတော့ စောစောပိုင်းက မူးယစ်ဆေးထိုး သုံးစွဲသူတွေကြောင့် ကူးစက်တာ များခဲ့ပေမဲ့ အခုအခါမှာ လိင်ဆက်ဆံရာက ကူးဆက်တာက ပိုများလာနေတယ်လို့ ဒေါက်တော စင်တီသီဦးက ပြောဆိုပါတယ်။

ကုလသမဂ္ဂမှ ဘေးအန္တရာယ် လျှော့ချရေး နည်းလမ်းတွေကို ဇော်အော စည်းရုံးနေပါတယ်။ ဆေးထိုးလို့ အန္တရာယ်ပေးတာ။ မြေစားထုံးလို ဆေးအစား ထိုးတာမျိုးတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘေးအန္တရာယ် လျှော့ချရေး နည်းလမ်းတွေ နှေးကွေး နေတယ်လို့ Gros က အခုလို ဆက်လက် ပြောပြပါတယ်။

“ဘေးအန္တရာယ် လျှော့ချတဲ့ နည်းလမ်းတွေကို အရေးကြီးတဲ့ နည်းလမ်းအဖြစ် အသုံးများလာအောင် သုံးလာတဲ့အချိန်မှာ HIV ရောဂါကာကွယ်ရေးအတွက် အရေးကြီးတဲ့ မဟာဗျူဟာ တရပ်အဖြစ် သုံးရပါမယ်။ ဥပဒေပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံရေးအရ ဆန္ဒပြင်းပြဖို့လိုမယ်လို့ Gros ကပြောပါတယ်။ နောင် (၅) နှစ်အတွင်း AIDS ကူးစက်မှု အဖြစ်ကို ထက်ဝက်အထိ လျှော့ချမဲ့ မဟာဗျူဟာတွေလည်း လိုအပ်ပါတယ်လို့ သူက ပြောပါတယ်။

ဒါကတော့ ဦးတင်မောင်သန်းက မြန်မာနိုင်ငံအပါအ၀င် အာရှဒေသ အတွင်းက HIV/AIDS ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး စုံစမ်း တင်ပြခဲ့ပါတယ်။

0 comments:

Post a Comment