Sunday, May 24, 2009

Filled Under:

နေအိမ်စည်းမျဉ်း ချိုးဖေါက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည် အား ခုံရုံးဖွဲ့ စစ်ဆေးနေခြင်းအပေါ်မေးမြန်းချက်

BBC ----- 23/ 5/ 2009
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်စည်းမျဉ်း ဖေါက်ဖျက်မှုနဲ့ ခုံရုံးဖွဲ့ စစ်ဆေးရာမှာ တရားလိုဘက်မှ တင်ပြထားတဲ့ သက်သေ ၂၃ ဦးကို အကုန်မစစ်ဘဲ ၁၄ နဲ့ဘဲ စစ်ဆေးဖို့ သက်သေတွေ လုံလောက်ပြီးဆိုကာ မနေ့က တရားသူကြီးတွေ တရားစွဲ တင်လိုက်ပြီး ဖြစ်ပါတယ်။ ဒီတော့ ရှေ့လာမဲ့ တရားစီရင်ရေး လုပ်ငန်းအဆင့်ဆင့်က လာမဲ့ တနလာင်္နေ့ တရားရုံး ပြန်စရင် ဘယ်လိုရှေ့နေတွေ လုပ်လာမယ်ဆိုတာ သိရအောင် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးတဲ့အခါမှာ ---

ဦးမင်းလွင်ဦး ------ “အဲဒီလို စွဲချက်တင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တရားခံအဖြစ် စွပ်စွဲခံရတဲ့ သူတွေဘက်ကနေပြီး တရားလိုဘက်က တင်ပြထားတဲ့ သက်သေတွေကို နောက်တကြိမ် ပြန်ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းနိုင်တဲ့ အခွင့်အရေး ရတယ်။ အခုလည်း ပြန်ခေါ်သက်သေအဖြစ် သက်သေ ၈ ယောက်ကို ပြန်ခေါ်မယ်လို့ အမည်စာရင်း တင်သွင်းထားတာကို ကျနော်တို့ ကြားသိရှိရတယ်။ ပြန်ခေါ်သက်သေ ၈ ဦးကို စစ်ဆေးပြီးတဲ့ အခါကျရင် တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တင်ပြမဲ့သက်သေ၊ နောက်ပြီ နံပါတ် ၂ စွပ်စွဲ ခံရတဲ့ ဒေါ်ခင်ခင်ဝင်း၊ နံပါတ် ၃ စွပ်စွဲခံရတဲ့ ဒေါ်ဝင်းမမ၊ အဲဒီလို အစီအစဉ်အလိုက် သူတို့ကို စစ်ဆေးမယ်။ သူတို့ တင်ပြတဲ့ သက်သေတွေကို စစ်ဆေးမယ်။”

“စစ်ဆေးပြီးသွားပြီး ဆိုလို့ရှိရင် အပြီးသတ် လျှောက်လဲချက် ဆိုပြီးတော့ ပေးဖို့ ရှိပါတယ်။ အဲတော့ အပြီးသတ် လျှောက်လဲချက်က အပြစ်ပေးမယ်ဆိုရင်လဲပေးတယ် လွှတ်ပေးရင်လည်း လွှတ်ပေးတဲ့အကြောင်း၊ နှစ်ဘက် အကျိုးဆောင်တွေ လျှောက်လဲချက် ပေးပြီးဆိုတဲ့အခါကျရင် တရားရုံးက ဒီအမှုကို အပြစ်ပေးသင့်၊ မပေးသင့် စဉ်းစားပြီးတော့ စီရင်ချက်နဲ့ အမိန့်ချမှတ်ရမှာ ဖြစ်တယ်။”

မေး ----- ဒါကတော့ ပုံမှန် တရားစီရင်တဲ့ လုပ်ငန်း အဆင့်ဆင့်ပေါ့နော်။ ကြားထဲမှာ ထူးခြားတဲ့ အခြေအနေအရ ဆိုပြီးတော့ ခြားပေါက်ဖြစ်လာနိုင်မဲ့ အဆင့်တွေမျိုးရော ဖြစ်လာနိုင်မှာလား ခင်ဗျား။

ဦးမင်းလွင်ဦး ------ “ကြားထဲမှာ ထူးထူးခြားခြား ဖြစ်နိုင်တာက ပြန်ခေါ်သက်သေ ၈ ဦးကို ခေါ်ထားပေမဲ့ ပြန်ခေါ်သက်သေ ၈ ဦးစလုံး မစစ်ဘဲနဲ့ ၄ ဦးဘဲ စစ်ပြီးတော့ ဆက်လက်စစ်ဆေးဖို့ မလိုဘူးဆိုပြီးတော့ ကျန်တဲ့သက်သေတွေ ပယ်မယ်ဆိုရင်လည်း ပယ်လိုက်လို့ ရပါတယ်။ အဲဒီလို ပယ်လိုက်တယ် ဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို စတင်စစ်ဆေးမယ်။”

မေး ----- အဲဒီလို လုပ်ငန်းအဆင့်ဆင့်သွားမယ်၊ နောက်ပြီးအခုလို ရုံးထုတ်တာကလည်း ရုံးဖွင့်ရက် နေ့တိုင်းထုတ်တယ်ဆိုတော့ အမှုက ဘယ်လောက် အချိန်ကာလအတွင်းဆိုရင် အပြီးသတ် အမိန့်ချမှတ်နိုင်မယ်လို့ မှန်းဆလို့ ရသလဲခင်ဗျ။

ဦးမင်းလွင်ဦး ------ “ဟုတ်ကဲ့ခင်ဗျား။ အဲဒါကတော့ ပြောရတာ နည်းနည်းခက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပထမ တရားလိုဘက်က တင်ပြတဲ့ သက်သေတွေကို စစ်ဆေးတဲ့အခါမှာ တရားခံဘက်က လိုက်တဲ့ အကျိုးဆောင်ဘက်က ပြန်လှန်မေးတဲ့ မေးခွန်းအပေါ်မှာ မူတည်ပါတယ်။ အဲဒါက အချိန်ယူရပါမယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ မရဘာဘူး။ ဒါကတော့ သူတို့ရဲ့ ခုခံချေပတဲ့ လမ်းကြောင်းအရ စွပ်စွဲခံရတဲ့ သူအပေါ်မှာ ငြိစွမ်းတဲ့ အချက်အလက်တွေကို သူတို့အနေနဲ့ ကျေကျေလည်လည် ချေဖျက်ဖို့အတွက် သူတို့ အချိန်ယူရမှာ ဖြစ်ပါတယ်။”

မေး ----- တခုပေါ့နော် လာမဲ့ မေလ ၂၇ ရက်ကျလို့ရှိရင် ဒေါ်စုဟာ အရင်အမှုဟောင်းနဲ့ ဆိုရင်တော့ ချုပ်ရက်စေ့သွားပြီးလို့ သိရပါတယ်ခင်ဗျား။ အဲဒါဆိုရင် ချုပ်ရက်က စေ့သွားတဲ့အချိန်၊ အခုအမှုကလည်း စီရင်ချက် မချရသေးဘူး ဆိုလို့ရှိရင် ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို အခွင့်အရေးတွေ ရနိုင်မယ့် အခြေအနေမျိုး ရှိနိုင်မှာလည်း ခင်ဗျား။

ဦးမင်းလွင်ဦး ------ “
အဲဒီမှာ ၂၇ ရက်နေ့မှာ ၆ နှစ် ပြည့်သွားတဲ့အတွက် သူကိုကန့်သတ် တားဆီးမိန့်ကို တဖက်က ရုပ်သိမ်းပေးရမှာ ဖြစ်တယ်။ အဲလို ရုပ်သိမ်းပြီးနောက် ဆက်လက် စစ်ဆေးနေတဲ့ အမှုကို အာမခံနဲ့ နေအိမ်ကနေပြီး ခုခံ ချေပခွင့် တင်နိုင်တဲ့ အခြေအနေတော့ ရှိပါသေးတယ်။ အိမ်ကနေပြီး ဒီအမှုကို ဆက်လက်ခုခံ ချေပနေမယ်။ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပြီးတဲ့အထိ တရားရုံး စီမံချက်နဲ့ အမိန့်ချမှတ်တဲ့ အထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာမခံ ပေးခဲ့ရင် အပြင်မှာ နေနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။”

(ဒါကတော့ အာရှလူ့အခွင့်အရေး ကော်မရှင်မှာ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။)

0 comments:

Post a Comment