Thursday, June 25, 2009

Filled Under:

ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး နေ့မှသည် ညှဉ်ပန်း နှိပ်စက်မှု အောင်ပွဲသို့

ညီညီချမ်း
ဂျွန်လ ၂၅ ရက်။ ၂၀၀၉ ခုနှစ်

ဇွန်လ ၂၆ ရက်နေ့သည် နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးနေ့ ဖြစ်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုသည် လူသား မဆန်သည့် ပြုမူမှု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ညှဉ်းပန်းနှိပ်စက်မှု နေရာ အနှံ့အပြား ဖြစ်ပွားနေခြင်းကြောင့် ကုလသမဂ္ဂမှ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးနေ့ အဖြစ် သတ်မှတ်ပေး ခဲ့ရသည်မှာ ၀မ်းမြောက် ဂုဏ်ယူဖွယ်ရာ နေ့တနေ့ မဟုတ်ပါ။

နိုင်ငံအများအပြားတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်မှု၊ လူသား မဆန်သော လူ့သိက္ခာကို ညှိုးနွမ်းစေသည့် ပြုမှုတို့ကို ဆန့်ကျင်သော သဘောတူစာချုပ် (Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment) ချုပ်ဆိုထားခဲ့ကြ သော်လည်း လက်တွေ့ အနေအထားတွင် တစိတ် တပိုင်းဖြစ်စေ၊ ကြမ်းကြုတ် ရက်စက်သော နည်းအဖြစ်စေ အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားနေသည်မှာ လူတိုင်းအသိပင် ဖြစ်ပါသည်။

ညှဉ်းပန်းနှိပ်စက်မှုသည် စက်ဆုတ် ရွံရှာဖွယ် ကောင်းသည့် ပြုမူမှု ဖြစ်သည်ကို သိကြသော်လည်း ထိုသို့ပြုမူ ကျူးလွန်သူအား ပြစ်မှုတခုအဖြစ် ထိထိ ရောက်ရောက် အရေးမယူ နိုင်သေးချေ။ ကြီးမားသည့် ညှဉ်းပန်းနှိပ်စက်မှု ပြဿနာကို ဖြေရှင်းရန် မှာလည်း လွယ်ကူသော အရာမဟုတ်ပါ။ အကြောင်းမှာ ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်တိုက်ဖျက် သည့် အင်အား နည်းနေခြင်းကြောင့် လှုပ်ရှားမှုတွင် အကန့်အသတ် အမျိုးမျိုးနှင့် ကြုံနေရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူတို့ အနေဖြင့် ညှဉ်းပန်း နှိပ်စက်မှုအား အရေးယူနိုင်သည့် ဥပဒေ ပြဌာန်းရန် လိုအပ်သည်ကို နားလည်ထား ကြသည်။ သို့သော် နိုင်ငံအချို့တွင် အစိုးရ အာဏာပိုင်များ ကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်နေခြင်းကြောင့် ထိရောက်သည့် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေ အတည်မပြု နိုင်သေးသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ လူသားဖြစ်သည့် ကျန်ုပ်တို့သည် လူသားဆန်မှုနှင့် နေထိုင်ရပ်တည် လိုကြသည်။ ထို့ကြောင့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှု လျော့နည်း ပပျောက် စေရန် ဆောင်ရွက်ရသမှာ ကျန်ုပ်တို့၏ တာဝန် မဟုတ်ပါလော။ မတရားသော ညှဉ်းပန်းနှိပ်စက်မှု လျော့နည်းလာ စေရန် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC မှ စီမံကိန်း အစီအစဉ် ရေးဆွဲပြီး အာရှနိုင်ငံ များအတွင်း ညှဉ်းပန်းနှိပ်စက်မှုကို ရာဇ၀တ် ကျူးလွန်မှုအဖြစ် ဥပဒေ ပြဌာန်းနိုင်ရန် ဇွန်လ ၂၆ ရက်နေ့မှစ၍ စတင် လှုပ်ရှားသွားမည်။ ၎င်းလှုပ်ရှားမှုကို ကုလသမဂ္ဂ၏ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက် ခံရသူ အကူအညီ ပေးရေးနေ့ (UN International Day in Support of Victims of Torture) နှင့် အဆက်အစပ်ရှိရှိ ပူးပေါင်း အကောင်အထည် ဖေါ်သွားရန် စီစဉ်ထားသည်။

ထိုသို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အာရှ လူ့အခွင့်အရေး ကော်မရှင်၏ အမှုဆောင် ဒါရိုက်တာ Mr. Basil Fernando က “ညှဉ်းပန်းနှိပ်စက်မှုအား ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ထိပ်ပိုင်း (သက်ဆိုင်ရာ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများ) ကနေ စတင် ဆောင်ရွက်သွားဖို့ လိုတယ်။ အာရှနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုမှာ နေ့စဉ်လိုလို ဖြစ်ပွားနေတယ်။ အထူးသဖြင့် အစိုးရ ရဲဌာနတွေမှာ။ ဒါက - ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့မှာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပေါ်နေတဲ့ အပေါ်မှာ ရလာဘ်ကောင်းတွေ ပေါ်ထွက်လာဖို့ အကောင် အထည်ဖေါ်ဖို့ ဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံအတွင်း ညှဉ်းပန်း နှိပ်စက်မှုအား ပြစ်မှု ကျူးလွန်နေတဲ့အပေါ် တရားမျှတတဲ့ ဥပဒေတွေ ပြဌာန်းဖို့ သင့်တယ်လို့” အာရှလူ့အခွင့်အရေး ကော်မရှင်၏ Online သတင်းစာ ရှင်းလင်းပွဲတွင် Mr. Basil Fernando ထပ်မံ ပြောဆိုသွားခြင်း ဖြစ်သည်။

Online သတင်းစာ ရှင်းလင်းပွဲတွင် ပါကစ္စတန် သတင်းထောက်မှ ထောက်ပြ သည်မှာ “အချို့ နိုင်ငံတွေရဲ့ ဥပဒေဟာ ပဒေသရာဇ် စနစ်နဲ့ လာဘ်စားမှု တို့ဟာ ညှဉ်းပန်း နှိပ်စက်မှုကို ဖြစ်စေတယ်။” သီရိလင်္ကာ သတင်းထောက် မှလည်း “ညှဉ်းပန်း နှိပ်စက်မှုများကို တရားရုံးများနဲ့ ဆေးရုံတွေမှာ ငွေညှစ်ဖို့ အတွက် တိုးတိုးတိတ်နဲ့ နှိပ်စက်နေတာ ဖြစ်တယ်။” လို့ ပြောဆိုသွားတယ်။

လူ့အဖွဲ့အစည်း အနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးအတွက် ညှဉ်းပန်း နှိပ်စက်မှု တိုက်ဖျက်မှုအပေါ် စိတ်ပါဝင်စားသည့် လက္ခဏာ ဆောင်ရမည့်အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုသည်။ သက်ဆိုင်ရာ အစိုးရများ အနေနှင့်လည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လူမှုရေး အသွင်လက္ခဏာဆောင်သည့် လုပ်ငန်းများ အကောင်အထည် ဖေါ်သင့်သည်။ ဒေသဆိုင်ရာ အစိုးရများမှ နိုင်ငံရေး သဏ္ဍာန်အဖြစ် ညှဉ်းပန်း နှိပ်စက်မှုများအား အပြစ်ပေး အရေးယူရန် လိုသည်။ နိုင်ငံတကာ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု သဘောတူစာချုပ်အား မြှင့်တင် အကာအကွယ်ပေးရန် လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို အပြည့်အ၀ ခွင့်ပြုပေးရမည်။ လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့အား လက်တွေ့ကျကျ ကျင့်သုံးနိုင်ရန်မှာ ညှဉ်းပန်းနှိပ်စက်မှုအား ကြောက်ရွံခြင်းမှ ကင်းဝေးနေရမည်။

ဥပဒေစိုးမိုးမှုရှိသော နိုင်ငံအချို့တွင် ညှဉ်းပန်း နှိပ်စက်မှုကိစ္စကို ဖြေရှင်းသော်လည်း တရားစီရင်ရေး ဘောင်အတွင်းမှ နိုင်ငံတကာက လက်ခံထားသော စံချိန်စံနှုန်း အတိုင်း မလွှမ်းခြုံနိုင်သေးပါ။ သို့ဖြစ်၍ ဥပဒေစိုးမိုးသော နိုင်ငံတွင်တောင်မှ ညှဉ်းပန်းနှိပ်စက်ခံရသူ သားကောင်များအား လုံခြုံမှု အာမခံ ပေးနိုင်သည့် တိုင်တန်းသည့်နေရာ မရှိသေးဟု ဆိုရမည် ဖြစ်ပါသည်။

မည်သို့ဆိုစေ ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ပေးထားခဲ့သော ၀မ်းနည်းဖွယ် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးနေ့ အဖြစ်မှ ၀မ်းမြောက်ဖွယ် ညှဉ်ပန်းနှိပ်စက်မှု တိုက်ဖျက်ရေး အောင်ပွဲနေ့သို့ အသစ်တဖန် သတ်မှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ကြပါစို့။

0 comments:

Post a Comment