Tuesday, July 28, 2009

Filled Under:

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အခြေအနေ

RFA ---- 25/ 7/2009
နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေကို ခေါ်တာလဲ။ မြန်မာနိုင်ငံမှာရော နိုင်ငံရေး အကျဉ်းသားတွေ ရှိပါသလား၊ ဆိုတဲ့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Mrs Donna Guest နဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ် မေးမြန်းထားတာကို တင်ပြပေးသွားမယ် ဖြစ်ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ထုတ် စစ်အစိုးရ အာဘော် ကြေးမုံ သတင်းစာတွေမှာ “ပြည်သူ့ဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူများ ၀ိုင်းဝန်းဖယ်ရှား” ဆိုတဲ့ခေါင်းစဉ်နဲ့ အပိုင်း ၁၊ ၂ ဆိုပြီး နှစ်ရက် ဆက်တိုက် ဖေါ်ပြထားတဲ့ ဆောင်းပါးတစောင်ကို ဖတ်ရှုလိုက်ရပါတယ်။ အဲဒီဆောင်းပါးထဲမှာ NLD ပြောခွင့်ရ ပုဂ္ဂိုလ်ပြောတဲ့
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဆိုတဲ့စကားဟာ အဓိပ္ပါယ်မဲ့ပြီး ဘယ်လိုမှ တရားနည်းလမ်းမကျ စကားဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းက ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး အကျဉ်းသားဆိုတာကို နိုင်ငံတကာမှာ ဘယ်လို သတ်မှတ်ထားပါသလဲ။ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ထောင်ချခံထားရသူတွေ ကိစ္စကို အစဉ်တစိုက် စောင့်ကြည့် ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Mrs Donna Guest ကို ကျနော် ဆက်သွယ်မေးမြန်းကြည့်ပါတယ်။ ပထမဦးဆုံး သူက -----

“ နိုင်ငံရေး အကျဉ်းသားဆိုတာ တစုံတယောက်ဟာ သူ့နိုင်ငံရေး ယုံကြည်ချက်နဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းမဖက်ဘဲ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအကျဉ်းသားတွေကို ယုံကြည်ချက်ကြောင့်အကျဉ်းသား ဖြစ်နေရသူတွေလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သတ်မှတ်ထားပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းသား ဖြစ်နေရတယ်ဆိုတာ နိုင်ငံရေး ယုံကြည်ချက်သာမကဘဲ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အခွင့်အရေး၊ လူမျိုးစု အခွင့်အရေးနဲ့ လိင်ခွဲခြား ဆက်ဆံမှုဆိုင်ရာ အခွင့်အရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်လို့ အကျဉ်းကျ နေသူတွေကိုလည်း ဆိုလိုပါတယ်” လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အနေနဲ့ ပြောဆိုနိုင်ပါသလားလို့ မေးတဲ့အခါမှာ Mrs Donna Guest က “ ရှိတာပေါ့ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၁၀၀ ကျော်ရှိတယ်လို့ AI အဖွဲ့က သိထားပါတယ်။ ဒါထက်တောင်မှ မြန်မာနိုင်ငံအခြေအနေဟာ အနှုပ်လက္ခဏာ ပြနေပြီး ယုံကြည်ချက်ကြောင့် ထောင်ချ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပိုပိုပြီး များလာနေတယ်ကို တွေ့ရတယ်” လို့ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘဲ ဥပဒေဖေါက်ဖျက်ကျူးလွန်လို့ အရေးယူခံထားရသူရှိပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး အကျဉ်းသားမဟုတ်ဘူးလို့ စစ်အစိုးရ အာဘော် သတင်းစာမှာ ရေးသား ဖေါ်ပြထားကြောင်း အဲဒီအပေါ်မှာ AI အဖွဲ့အနေနဲ့ ဘယ်လိုပြောနိုင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ Mrs Donna Guest ဆက်ပြီးတော့ -----

“ နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြောဆိုမှု၊ လွတ်လပ်စွာ ရေးသားပုံနှိပ်ထုတ်ဝေမှု၊ လွတ်လပ်စွာ အသင်းအဖွဲ့ တည်ထောင်မှုတွေကို ရာဇ၀တ်မှုလို့ စွပ်စွဲပြီး နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေပါတယ်။ အဲဒါတွေကတော့ နိုင်ငံတော်လုံခြုံရေး ထိပါးနှောင့်ယှက်သူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်ရေး ဥပဒေတို့၊ အရေးပေါ်ပုဒ်မတို့ စတဲ့ ပုဒ်မ မျိုးစုံတွေ ပါဝင်ပါတယ်။ အဲဒီ ဥပဒေပုဒ်မတွေကို ဖျက်သိမ်းသင့်ပြီးလို့ အပြည်ပြည် ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အနေနဲ့ ပြောလိုပါတယ်။ အဲဒီအပြင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကမ္ဘာ့အဆင့်မှီ ဥပဒေ ပုဒ်မတွေနဲ့လည်း ဆောင်ရွက်သင့်ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံက မလိုက်နာဘူး” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဥပဒေရှုထောင့်က အမြင်ကို သိရအောင် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာက ဟိုအရင်က အင်္ဂလိပ် လက်ထက်ကနေ ရှိလာတဲ့ ကိစ္စပါ။ ပြီးတော့ တော်လှန်ရေး ကောင်စီလက်ထက်မှာလည်း နိုင်ငံရေး အကျဉ်းသားတွေ တော်တော်များများရှိပါတယ်။ န ၀ တ ၁၉၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ပထမဦးဆုံး ဖမ်းတဲ့ကိစ္စတွေက နိုင်ငံရေး ပုဒ်မ တပ်ပြီးတော့ ဖမ်းတာ ဖြစ်တယ်။ အဲဒီလို ဖမ်းတဲ့အခါမှာ နိုင်ငံတကာက ဖိအားပေး ပြောတဲ့အခါမှာ နိုင်ငံရေး ပုဒ်မတွေတပ်ပြီး ဖမ်းထားတဲ့အတွက် သူတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတာကို ငြင်းလို့မရအောင် ဖြစ်လာတယ်။

ဒါကြောင့် နောက်ပိုင်းတွေမှာ ဒီလိုမျိုး နိုင်ငံရေး ခံယူချက်ကြောင့် ဖမ်းဆီးခြင်း ခံရသူတွေကို သူတို့က ယခင်နိုင်ငံရေး ပုဒ်မတွေနဲ့ အရေးယူတာ မဟုတ်တော့ဘဲနဲ့ ရာဇ၀တ်ဥပဒေ၊ အထူးဥပဒေတွေနဲ့ အရေးယူလာ တာကို တွေ့ရတယ်။ အဲလို အရေးယူလိုက်ခြင်းအားဖြင့် ဘာဖြစ်လာသလဲဆိုတော့ နိုင်ငံတကာကနေ ပြောလာတဲ့အခါမှာ သူတို့အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရာဇ၀တ် အကျဉ်းသားတွေဘဲရှိတယ်။ နိုင်ငံရေး ပုဒ်မတွေနဲ့ အရေးယူထားတာ မရှိဘူး ဆိုပြီးတော့ ဆင်ခြေပေးထားတယ် ဆိုတာကို ကျနော်တို့ အထူးသဖြင့် တွေ့ရှိလာရတယ်။

ဒါပေမဲ့လည်း ငြင်းလို့မရတဲ့ အချက်အလက်တွေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသား အုပ်စုတွေ၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့ ဦးအေးမြင့်တို့ ကိစ္စတွေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးညီပု၊ ဒေါက်တာ တင်မင်းထွဋ် ဒါတွေကို နိုင်ငံရေး ဥပဒေ၊ နိုင်ငံရေး ပုဒ်မတွေနဲ့ဘဲ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံရတယ်ဆိုတာကို ထင်ရှားတဲ့ ဥပမာ အနေနဲ့ ကျနော်တို့အနေနဲ့ ပြနိုင်တယ်။ ထို့အတူဘဲ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး ခံယူချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အခုအချိန်အထိ ၂၀၀၀ ကျော် ရှိနေပါတယ် ခင်ဗျား။

အခုတင်ပြခဲ့တ့ အရာတွေက နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုပါသလဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ရှိ/ မရှိ ဆိုတာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အဖွဲ့က အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး Mrs Donna Guest နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့ ဦးမင်းလွင်ဦးတို့၏ ပြောဆိုချက် ဖြစ်ပါတယ်။

0 comments:

Post a Comment