Saturday, December 26, 2009

Filled Under:

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အရေးယူဖို့ အကြောင်းအရာ မပေါ်ပေါက်

BBC----- 22/ 12/ 2009
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် အမှုကို ပြင်ဆင်ပေးဖို့ သူ့ရဲ့ရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ဆက်လက်ကြားနာဖို့ န အ ဖ တရားရုံးက လက်ခံလိုက်ပါပြီ။ ဒီအမှုမှာ မြန်မာ စစ်အစိုးရကိုယ်တိုင် ဖျက်သိမ်းထားတဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ အပြစ်ပေး ထားတာဟာ တရားနည်းလမ်းကျ မကျ အငြင်းပွားနေကြာတာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို အငြင်းပွားစရာ ဖြစ်နေရတာလဲ။

AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းပြီးတော့ သူက အခုလို ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စွဲဆိုထားတဲ့ အမှုဟာ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အရေးယူထားတဲ့ အမှုဖြစ်တယ်။ အဲတော့ ဒီဥပဒေကို န အ ဖ အစိုးရက နေပြီးတော့ ပြန်လည် ပယ်ဖျက်ခြင်း မရှိသေးဘူး ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ သို့သော်လည်း ဒီဥပဒေမှာ ပါတဲ့ ပြဌာန်းချက် တွေအရ အရေးယူမယ် ဆိုလို့ရှိရင် ဒီဥပဒေရဲ့ အဓိကပြစ်မှု ကျူးလွန်တဲ့ အခြေခံအကြောင်း အချက်အလက်တွေက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်မှာ မူတည်ပြီး ပေါ်ပေါက်လာတဲ့ အချက်အလက်ဖြစ်တယ်။

အဲတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းသွားပြီးဆိုတာကို တိုင်းတရားရုံး ကနေပြီး လက်ခံ အတည်ပြု ဆုံးဖြတ်ထားတာ ရှိပါတယ်။ အဲဒီလို ရပ်ဆိုင်းသွားပြီး ဆိုလို့ရှိရင် ဒီဥပဒေအရ အကောင်အထည် ဖေါ်မဲ့ အဖွဲ့အစည်း အရပ်ရပ်တွေကလည်း အားလုံး ရပ်ဆိုင်းသွားတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ၁၉၅၇ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ အက်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ နဂိုကတည်းကပင် အရေးယူဖို့ အကြောင်းအရာ လုံးဝမပေါ်ပေါက်ဘူး ဆိုတာကို ကျနော်တို့ အတိအလင်း ပြောနိုင်ပြောနိုင်ပါတယ်။

မေး ------ ဟုတ်ကဲ့ မြန်မာအစိုးရ ပြောနေတာကတော့ ၁၉၇၅ ခုနှစ် ဥပဒေဟာ အဲဒီဥပဒေကို ရုပ်သိမ်းပါတယ် ဆိုတဲ့ ပြဌာန်းချက် ဥပဒေ တရပ်ရပ် မရှိသေးဘူး။ ဒီအပြင် ၁၉၉၀ တုန်းက ဒီဥပဒေအပေါ်မှာ ပြင်ဆင်ချက်တောင် ထွက်ခဲ့သေးတယ် လို့ ပြောထားတာမျိုး မရှိဘူးလားခင်ဗျား။

ဦးမင်းလွင်ဦး ------- ပြစ်မှုတရပ် ကျူးလွန်တယ် ဆိုလို့ရှိရင် ပြစ်မှုကျူးလွန်တဲ့ အင်္ဂါရပ်တွေ အတည်ပြု ပြဌာန်းထားတာ လိုပါတယ်။ အဲတော့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အက်ဥပဒေမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကန့်သတ်တယ်။ အဲဒီလို ကန့်သတ်တဲ့ဟာ ပြစ်မှုကျူးလွန်တဲ့ အင်္ဂါရပ်တွေ ဖြစ်တယ်။ အဲတော့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေကကို ရပ်ဆိုင်လိုက်ပြီးဆိုလို့ရှိရင် အဲဒီကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေအရ ဥပဒေကို မရှိတော့ဘူးလို့ ဥပဒေအရ အတိအလင်း ပြောနိုင်ပါတယ်။

မေး ----- အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ ရှေ့နေတွေက ဒီအမှုကို လျှော့ပေါ့ပေးဖို့ သဘောလား။ ဒါမှမဟုတ်ရင် ဒီအမှုဟာ လုံးဝ မှားယွင်းတယ် ဆိုပြီးတော့ တရားရုံးနဲ့ ငြင်းခုန်တဲ့ သဘောလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ ဒီအမှုမှာ တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ် လို့ ရှင်းရှင်းလင်းလင်း ပြောရမယ် ဆိုလို့ရှိရင် တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်က ဥပဒေနဲ့အညီ ဆုံးဖြတ်ထားတာ မဟုတ်ဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်တွေက မှားယွင်းတယ်။ ဒါကြောင့် တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင် ပေးဖို့အတွက် တရားရုံးချုပ်မှာ ကျနော်တို့ ပြင်ဆင်မှု တင်သွင်းထားတာ ဖြစ်ပါတယ်။ အယူခံမှု တင်သွင်းထားတာ မဟုတ်ပါဘူး ခင်ဗျား။

မေး ------ အခု ပြင်ဆင်ချက် တင်သွင်းမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ ကမ္ဘာသိ ကျော်ကြားတဲ့အမှု ဖြစ်တယ်။ သူ့ကို စီရင်ချက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်လို့ စီရင်ချက် ချပြီးတာနဲ့ တပြိုင်နက် အိမ်ချုပ် ၁၈ လ အနေနဲ့ ချက်ချင်းဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်နဲ့ ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ရှိတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦး ပြောသလို ပြင်ဆင်ချက်ကို တရားရုံးက စဉ်းစားမှာ လက်ခံလိုက်တာဟာ မြန်မာနိုင်ငံမှာ အရင်က ဖြစ်ဖူးသလား။

ဦးမင်းလွင်ဦး ------ ကျနော်တို့ ဒီလိုမျိုးအတွေ့အကြုံ တခါမှ မတွေ့ဖူးပါဘူး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုက နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အမှုလည်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က လွတ်လပ် မှန်ကန် မျှတတဲ့ တရား စီရင်ရေးစနစ် ဖြစ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ဆုံးဖြတ်ချက်က တရားရုံးတွေမှာ နောင်အခါမှာ လိုက်နာဆောင်ရွက် ဆုံးဖြတ်ရမဲ့ စီရင်ထုံးတခု ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ရောက်နေတယ် ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

0 comments:

Post a Comment