Sunday, December 27, 2009

Filled Under:

မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်မှုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ရှုံ့ချ

BBC ---- 25/ 12/ 2009 သတင်း
ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖေါက် မှုကို ပြင်းပြင်းထန်ထင် ရှုံ့ချထားတဲ့ ဆုံးဖြတ်ချက် တရပ်ကို သဘောတူချမှတ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါမ၀င် မြန်မာနိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းထားပြီးတော့ လာမဲ့နှစ် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ Non-binding လို့ခေါ်တဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ စည်းနှောင်ထားမှု မရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက လူ့အခွင့် အရေး ချိုးဖေါက်မှုကို အလေးထား ဖေါ်ပြပြီး ဆုံးဖြတ်ချက် ချခဲ့တာဟာ ဘယ်လောက်များ ထူးခြားပါသလဲ။ အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေး ကူညီလုပ်ကိုင်ပေးနေသူ ရှေ့နေဦးမင်းလွင်ဦးကို မေးကြည့်တော့ သူက အခုလို ဖြေပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက နေပြီး မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်၊ ပြင်းပြင်းထန်ထန် ရှိနေတယ်ဆိုတာကို ဖေါ်ပြလိုက်တဲ့အတွက် ပထမအချက်အနေနဲ့ ကျနော်တို့က ကြိုဆိုတယ်လို ပြောချင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေက တော်တော်များများ ရှိနေတာကို ကျနော်တို့ တွေ့ရတယ်။ အဲလိုရှိတဲ့ အတွင်းမှာ ကလေးစစ်သား စုဆောင်းတဲ့ကိစ္စ၊ နောက်ပြီး တောင်သူလယ်သမား တွေကိစ္စ၊ အဓိကပြောချင်တာက တောင်သူလယ်သမားတွေ ကိစ္စကို ကျနော်တို့ ပြောချင်တယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ ဖမ်းဆီးပြီးတော့ ရဲတွေရယ်၊ အာဏာပိုင်တွေရယ်၊ တရားစွဲ အဖွဲ့အစည်းက နေပြီးတော့ အဓမ္မ လုပ်ဆောင်နေတဲ့ ကိစ္စ ဒါတွေကို ကုလသမဂ္ဂ အထွေထွေညီလာခံက နေပြီးတော့ ရှုံ့ချလိုက်တာကို ကျနော်တို့ အများကြီး ကြိုဆိုပါတယ်။ ကောင်းတဲ့အလားအလာ ဖြစ်တယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

မေး ------ ဦးမင်းလွင်ဦး ပြောသွားတဲ့အထဲမှာ တောင်သူလယ်သမားတွေရဲ့ အခြေအနေ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဘယ်လို အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေပါသလဲ ခင်ဗျား။

“ မြန်မာနိုင်ငံအတွင်းမှာ တောင်သူလယ်သမားတွေက ကိုယ့်လယ်ယာမြေကို ကိုယ်သဘာအတိုင်း ထွန်ယက်စိုက်ပျိုးနိုင်တဲ့ အခွင့်အရေး မရှိဘူး။ နောက်ပြီးတော့ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေတွေ၊ နောက်ပြီးတော့ မြေလွတ်မြေရိုင်း ပြန်လည်နေရာ ချထားရေး ဗဟိုကော်မတီကနေပြီးတော့ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေမှာ တောင်သူလယ်သမားတွေက ဥပဒေကို နားမလည်တဲ့အတွက် သူတို့ရဲ့ အခွင့်အရေးကို သူတို့အနေနဲ့ တင်ပြပြောဆိုနိုင်ခြင်း မရှိဘူး။ သူတို့အနေနဲ့ လယ်ယာမြေ သိမ်းတဲ့ကိစ္စတွေမှာ ခေါင်းငုံ့ခံနေရတယ် ကျနော်တို့ သိနေရတယ်။ ဒါတွေက မှားယွင်းတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။”

မေး ----- နောက်တခုက အထွေထွေညီလာခံက ချမှတ်တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖေါက်မှု အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ရှုံချထားပါတယ်။ စနစ်တကျ ချိုးဖေါက်တယ် ဆိုတာက ဘာကိုဆိုလိုတယ်လို့ သိရပါသလဲ ခင်ဗျား။

“စနစ်တကျ ချိုးဖေါက်တယ် ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံမှာ (၁) အချက် အာဏာပိုင် အဖွဲ့အစည်းကနေပြီး လယ်ယာမြေသိမ်းတဲ့ ကိစ္စတွေရှိတယ်။ နောက်ပြီးတော့ ကလေးစစ်သားတွေကို အသက်မပြည့်ဘဲနဲ့ စုဆောင်းတဲ့ ကိစ္စတွေရှိတယ်။ အဲတော့ အဲဒီလို ကိစ္စတွေမှာက နိုင်ငံတကာ ပြဌာန်းထားတဲ့ ဥပဒေအရဆိုရင် ဒါတွေက လုပ်နိုင်တာ မဟုတ်ဘူး။ အဲဒီမှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းက နေပြီးတော့ ပြဌာန်းထားတဲ့ ဥပဒေ ရှိသလိုလိုနဲ့ သူတို့က စနစ်တကျ ချိုးဖေါက်နေတာ ဖြစ်တယ်။”

“အဲတော့ ကျူးလွန်ခံရတဲ့ ကျနော်တို့ တောင်သူလယ်သမားတွေ၊ ပြည်သူတွေ၊ နောက်ပြီးတော့ ကလေးတွေကိုယ်တိုင်ကလည်း ဒီဟာက တရားဝင်နေတယ်လို့ ထင်နေတာဖြစ်တယ်။ အဲတော့ အဲဒါတွေကို ကျနော်တို့ သိအောင်ပြောပြဖို့ လိုတယ်။ အဲတော့ အဲဒီလိုမျိုး ကိစ္စရပ်တွေက နောက်လည်းမဖြစ်သင့်ဘူး၊ အခုလည်း မဖြစ်သင့်ဘူး၊ ရေရှည်မှာက ဒီကိစ္စရပ်တွေက တရားမ၀င် ဖြစ်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မာနိုင်ငံအတွင်းမှာ ပညာပေးသွားဖို့ လိုတယ်ဆိုတာကို ကျနော်ပြောလိုပါတယ်။”

မေး ----- ကုလသမဂ္ဂမှ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အခုလို စည်းနှောင်မှု မရှိဘူးဆိုပေမဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြတ်ပြတ်သားသား ရှုံ့ချခဲ့တယ် ဆိုတော့ ဒါဟာ ရှေ့မှာ ဘယ်လိုအလားအလာများ ရှိလာနိုင်မှာလဲခင်ဗျား။

“အလားအလာ အများကြီးရှိပါတယ်။ အခုဟာက စည်းနှောင်မှု မရှိပေမဲ့ ကျနော်တို့ နိုင်ငံမှာက ကိုယ့်အခွင့်အရေးကို သိလို့ ပြောလာတဲ့ အချိန်မှာ ဒီဟာက နိုင်ငံ တကာမှာ ပိုပြီးပြန့်နှံ့လာမယ်။ အဲဒီလို ပြန့်နှံ့လာတဲ့ အချိုန်မှာ အခုလို စည်းနှောင်မှု မရှိပေမဲ့လည်း နောင်တချိန်မှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အာဏာပိုင်တွေက နေပြီးတော့ ချိုးဖေါက်နေတယ် ဆိုတာကို သိသိသာသာ သိလာမယ် ဆိုလို့ရှိရင် ကျနော်တို့အတွက် အများကြီး အထောက်အကူ ပြုတယ်။ နောက်ပြီးတော့ နိုင်ငံတကာကလည်း ဒီလိုမျိုး ချိုးဖေါက်မှုကို ဆက်လက် မလုပ်နိုင်ဖို့ အတွက် အစိုးရကို ဖိအားပေးမှာ ဖြစ်တယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

0 comments:

Post a Comment