Wednesday, January 06, 2010

Filled Under:

ကြံ့ခိုင်ဖွံ့ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းသည် လူမှုရေးအသင်းလား၊ ဥပဒေကို ကျော်လွန်ဖေါက်ဖျက်နေတဲ့ န အ ဖ လက်ကိုင်ဒုတ်လား

BBC ---- 30/ 12/ 2009
(လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်)
သောတရှင်များခင်ဗျား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယက အဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကြီးဟာ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးဟာ သူတို့ ကြေငြာထားတဲ့အတိုင်း အများအကျိုးပြု လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလား။ ဒါမှမဟုတ် ဥပဒေကို ကျော်လွန် ဖေါက်ဖျက်တဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်း ဖြစ်လာနေပြီလား ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြမယ် ဖြစ်ပါတယ်။

သောတရှင်များနဲ့အတူ ခေတ်သစ် သိပံ္ပနိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားများ အဖွဲ့ရဲ့ ဗဟိုကော်မီတီဝင် ဦးငြိမ်းမောင်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမင်းလွင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ် ပြည်ထောင်စု မြန်မာနိုင်ငံအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကိုရဲထွန်းနဲ့ တရုတ်-မြန်မာနယ်စပ်က ကိုဖိုးကျော်တို့က သောတရှင်များနဲ့အတူ အဓိက ပါဝင်ဆွေးနွေးထားပါတယ်။ သူတို့ ပါဝင်ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

မေး ----- မကြာခင် အချိန်တုန်းကဘဲ ကြံ့ခိုင်ရေး အသင်းကြီးဟာ ကြည့်မြင်တိုင် နယ်ဘက်မှာ နိုင်ငံရေး အဖွဲ့အစည်း တခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ် ပြည်ထောင်စု မြန်မာနိုင်ငံအဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတာကို ကြားသိရပါတယ်။ အဲဒီဖြစ်စဉ်တွေကို သိနိုင်ရန် အဲဒီအဖွဲ့က ဒုတိယခေါင်းဆောင် ကိုရဲထွန်းကို ကျနော်ဆက်သွယ် ထားပါတယ်။ ကိုရဲထွန်း အဲဒီတုန်းက ဖြစ်ပျက်ပုံလေးကို နည်းနည်းလောက် ပြောပြပေးပါ ခင်ဗျား။

ကိုရဲထွန်း ------ ၁၉ ရက်နေ့မှာ ဖြစ်တာပါ။ ထုံးစံအတိုင်းပေါ့ အမျိုးသားရေး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ၁ နာရီမှာ လုပ်ဖို့ ပြင်ဆင်ထားတဲ့အချိန်။ အဲဒီအချိန်မှာ ဒုတိယ ဦးစီးမှူးပါတယ်။ နောက်ပြီး ကြံ့ခိုင်ရေး အဖွဲ့ဝင်အချို့ ပါတယ်ပေါ့ဗျား။ ရယက တွေပါတယ်။ သူတို့က လာပြီးတော့ တိုင်းမှူးက ခွင့်ပြုချက်မပေးဘူး။ ကြည့်မြင်တိုင် တဖက်ကမ်းမှာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းကမှ နိုင်ငံရေး လုပ်ခွင့် မပေးဘူး။ အဲဒါကြောင့် အခုလုပ်နေတဲ့ဟာကို ရပ်ဖို့ပေါ့ဗျား။ လာပြီးတားတယ်။

မေး ----- ဟုတ်ကဲ့ကိုရဲထွန်း။ နိုင်ငံရေး အဖွဲ့အစည်းတွေ လုပ်ခွင့်မပေးဘူး ဆိုတော့လေ၊ ကိုရဲထွန်းတို့ကလည်း အစိုးရနဲ့ ခွင့်ပြုချက်ယူပြီး ညှိနှိုင်းပြီးမှာ သွားတာမဟုတ်ဘူးလား ခင်ဗျား။ သူတို့က ခွင့်မပေးဘူး ဆိုတာက ပါဖြစ်လို့လဲ။

ကိုရဲထွန်း ----- အဲဒီမှာ စကားလုံးတွေက ရှုပ်ကုန်တယ်ပေါ့ဗျာ။ ကျနော်တို့က နိုင်ငံရေးပါတီလည်း မဟုတ်ဘူး။ နောက်ပြီးတော့ ကျနော်တို့ လုပ်နေတာက အမျိုးသားလှုပ်ရှားမှု ဖြစ်တယ်ဗျာ။ အမျိုးသား လှုပ်ရှားမှုတရပ် လုပ်တယ်ဆိုတော့ သက်ဆိုင်ရာ နယ်မြေမှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အသိပေး အကြောင်းကြား တယ်ဗျာ။ ဒါတွေဒါတွေလုပ်မယ်။ ပြောမယ်ဆိုရင် ကျနော်တို့ လုပ်မဲ့ကိစ္စက အမျိုးသားရေးကိစ္စတွေ ဖြစ်တယ်။ ပြည်သူလူထု အနေနဲ့ အသွင်ကူးပြောင်းရေး ကာလမှာ သိသင့်သိထိုက်တာကို ကျနော်တို့က ဒုက္ခ၊ သုက္ခ ခံပြီးတော့ သိတာတွေနဲ့ အနှစ် ၂၀ အတွေ့အကြုံတွေကို ပြောပြတယ်။ သမိုင်းကြောင်းတွေကို ရှင်းပြတယ်။ လက်ရှိ ဘယ်အခြေအနေ ရောက်နေတယ်။ နောင်သွားမယ်ဆိုရင် ပြည်သူလူထု အနေနဲ့ ဘယ်လို စိတ်ထားတွေ ထားသင့်တယ်။ ဘယ်လို အသိအမြင်တွေ ရှိသင့်တယ် ဆိုတာကို ကျနော်တို့က ဒုက္ခ၊ သုက္ခ ခံပြီးတော့ ရှင်းပြတာဗျား။ တနိုင်ငံလုံးမှာ တတ်နိုင်သလောက် ကျနော်တို့ လုပ်နေပါတယ်။

မေး ------ ဟုတ်ကဲ့၊ အဲဒီအခြေအနေက နေပြီးတော့ ခဲနဲ့ပေါက် ဒုတ်နဲ့ရိုက်တဲ့ အခြေအနေအထိ ဘယ်လိုဖြစ်သွားတာလဲ ခင်ဗျာ။

ကိုရဲထွန်း ------ အဲဒီမှာပေါ့ဗျား။ နဂိုကတည်းက ကျနော်တို့ ကြားနေတာက ကြာပြီးပေါ့။ ၂ လလောက်က ကျနော်တို့ လှုပ်ရှားနေတဲ့ အချိန်မှာ အသံတွေ ကြားပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ ကြံ့ခိုင်ရေးနဲ့ ရယက ကလွဲရင် ဒီဘက်ကမ်းကို ဘယ်သူ့မှ မလာနဲ့ ဘယ်သူ့ကိုမှ လက်မခံဘူး ဆိုတဲ့အသံတွေ ရှိပါတယ်။ အတည်ပြုလို့ မရပါဘူး။

မေး ----- ကိုရဲထွန်းတို့ ကြည့်မြင်တိုင် မြို့နယ်ကို သွားရောက်ခဲ့စဉ်မှာ ရိုက်နှက်တာတွေ၊ ခဲနဲ့ပေါက်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ တရုတ်-မြန်မာနယ်စပ်က ကိုဖိုးကျော်ကို မေးကြည့် ချင်ပါတယ်ခင်ဗျား။ အခုလို ရိုက်နှက်တဲ့ကိစ္စမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးဟာ ဥပဒေတွေ ကျူးလွန်ဖေါက်ဖျက်တယ် ပြောဆိုတာနဲ့ ပတ်သက်ပြီး ကိုဖိုးကျော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ကိုဖိုးကျော် ------ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ရဲ့ မူလရည်ရွယ်ချက်က လူမှုရေး လုပ်ငန်းများ ကူညီဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ၂၀၀၃ ဒီပဲယင်း လူသတ်ပွဲမတိုင်မီနဲ့ ဒီပဲယင်း လူသတ်ပွဲ နောက်ပိုင်းတွေကို ကြည့်ရင် ဒီမိုကရေစီ လိုလားထောက်ခံသူတွေနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို ကြည့်ရင် ပိုပြီးထင်ရှားပါတယ်။ လက်ကိုင်ဒုတ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပြောင်ပြောင် တင်းတင်းဘဲ နှောင့်ယှက် ဖျက်ဆီးခဲ့တယ်။ အထက်မြန်မာပြည် ခရီးစဉ်မှာ မိုးကောင်းမြို့အ၀င်မှာ ကြံ့ခိုင်ရေးက တားဆီးနှောင့်ယှက်၊ မြစ်ကြီးနားမြို့ အ၀င်မှာ ဆိုရင် ဓါးတွေ၊ ဘာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ကို နှောင့်ယှက်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်းတင်းတင်း လုပ်ခဲ့တယ်။ ဒီအချက်တွေက ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်နော်။ ငြင်းလို့မရတဲ့ အချက်တွေ ဖြစ်တယ်။ သူတို့ရဲ့ မူလရည်ရွယ်ချက်နဲ့ လုံးဝကွဲလွဲနေတာကို အားလုံး သိနိုင်ပါတယ်။ ကျနော်ထပ်ပြောဖို့ မလိုတော့ဘူး။

မေး ----- ကိုရဲထွန်းရေ ခဲနဲ့ပေါက်တာတွေ၊ ရိုက်နှက်တဲ့ အခြေအနေတွေကို ပြန်ပြောပါဦး ခင်ဗျာ။

ကိုရဲထွန်း ----- ဟုတ်ကဲ့ခင်ဗျား။ ကျနော်က ရှင်းပြပါတယ်။ ဒီကိစ္စဟာ တိုင်းမှူးက နေပြီးတော့ တားတာ မဖြစ်နိုင်ဘူးလို့၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းမှူး တားမယ် ဆိုရင် ကျနော်တို့ကို ကြိုတင်လှမ်းပြီးတော့ အကြောင်းကြားမယ်ပေါ့ဗျာ။ အခုကိစ္စက စနစ်တကျနဲ့ ဖိတ်စာတွေလည်းပို့။ ကြိုတင်ပြင်မှုတွေ ပြုပြီးတော့မှ လုပ်တာ။ နောက်ပြီးတော့ ဒီမှာတင်မက လှိုင်တို့၊ တောင်ဥက္ကလာတို့ ရန်ကုန်တိုင်း အတွင်းလည်း မရမ်းကုန်းတို့ ဘာတို့ လုပ်ထားပြီးသား။ ဒီလိုဘဲ ကျနော်တို့အဖွဲ့ ဥက္ကဌကိုယ်တိုင် နယ်တွေမှာ ၂၃ ရက်နေ့ ရွှေတောင်ကစပြီး ဆက်တိုက် သွားလိုက်တာ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ချင်းပြည်နယ်အထိ သွားပြီးတော့ လုပ်နေတယ်။

ကျနော်တို့ကို တားဆီးပြီးမရှိဘူးဗျာလို့။ အခုကိစ္စက အထွေထွေအုပ်ချုပ်ရေး ဌာနကို မြို့နယ်အုပ်ချုပ်ရေးမှူး ပြောပါတယ်။ အဲတော့ ၀န်ထမ်း တယောက် အနေနဲ့ ပြောရတာ အားနာပါတယ်ဗျာ။ ကျနော်တို့ အမျိုးသားလှုပ်ရှားမှုမှာ ၀န်ထမ်း တယောက် အနေနဲ့ တားတယ်ဆိုတာကတော့ မသင့်တော်ဘူးဗျားလို့၊ မရှင်းလင်းဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြေပြေလည်လည် ဖြေရှင်းလို့ရပါတယ်၊ အခမ်းအနားကိုလည်း တက်ရောက်လို့ ရပါတယ်လို့ ကျနော်ကပြောတော့၊ မဟုတ်ဘူးတဲ့၊ မရက ဥက္ကဌကိုယ်တိုင် ရပ်ကွက်မှာ ရောက်နေတယ်တဲ့။ သူက တားဆီးခိုင်းလို့ လာတားတာပါတဲ့။ အဲဒါဆိုရင် ကျနော်က မရကနဲ့ တွေ့ချင်တယ်ဗျား၊ တွေ့ပေးပါလို့၊ နောက်ပြီးတော့ အခမ်းးအနားကို သူတက်ချင်လည်း တက်ဖို့ဖိတ်ခေါ်ပါတယ်လို့၊ သူ့ကိုလည်း စောစောကတည်းက တရားဝင် အကြောင်းကြား ထားပါတယ်လို့။ နောက်ပြီးတော့ တိုင်းမှူးကို ပို့တဲ့စာမိတ္တူကိုလည်း သူတို့ကို ပို့ထားတယ်လို့ ပြောပါတယ်။

မေး ----- ကိုရဲထွန်းတို့ကို လာရောက် တိုက်ခိုက်တာက ကြံခိုင်ဖွံ့ဖြိုးရေးအသင်းက အဓိကလား။ ဒါမှမဟုတ် မရက ကနေ အဓိကလား ခင်ဗျာ။

ကိုရဲထွန်း ----- ပြောမယ်ဆိုရင် မယကလို့ ပြောလို့မရဘူး။ နောက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးလို့ ဆိုလို့ရှိရင် မြို့နယ် အတွင်းရေးမှူး ကိုယ်တိုင် ပါတယ်ဗျာ။ ဦးဆောင်မှုအပိုင်းမှာ သူတို့ပါတယ်ဗျာ။ ပြောမယ်ဆိုရင်ဗျာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အရာရှိတဦးလဲ ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ခေါင်းဆောင်လဲ ပါတယ်။ သူတို့ဟာ ကျနော်တို့ကို ဥပဒေဘောင်နဲ့အညီ တားဆီးခြင်း မပြုဘဲနဲ့ ကျနော်တို့ လှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွဲတဲ့ ပုံစံနဲ့ လုပ်သွားတာပဲ။ ဒါပေမဲ့ ကျနော် စောစောက စကားနဲ့ ပြောရမယ် ဆိုလို့ရှိရင် ကြံ့ခိုင်ရေး အသင်းကြီး အနေနဲ့ ကျနော်တို့ရဲ့ လုပ်ရပ်ကို ဖြိုခွဲဖို့ အမိန့်ပေး စေခိုင်းတယ်လို့ ကျနော်မယူဆပါဘူး။ ဒါဟာ အာဏာပိုင် တိုင်းအေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ကျနော် မယူဆပါဘူး။ ဒါပေမဲ့ ဒီအထဲမှာ မြို့နယ်အဆင့်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပါနေပါတယ်။ သူတို့ဟာ ဆိုလို့ရှိရင် သူတို့ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ဌာနတွေကို အသုံးချပြီးတော့ ဒီကိစ္စမှာ လာဖြိုခွဲတယ်လို့ ကျနော်တို့က ဒီအတိုင်း မှတ်တမ်းတင်ပါတယ်။

မေး ----- ဦးငြိမ်းမောင်ခင်ဗျား။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ဒီလို တိုက်ခိုက် နှောင့်ယှက်မှုတွေ ရှိလာနေပြီဆိုတော့ ကြံ့ခိုင်ဖွံြု့ဖိုးရေး အဖွဲ့ဟာ သူတို့ ကြေငြာထားတဲ့ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်း ဦးတည်ချက်ကနေ ရွှေ့ရှားလာပြီးတော့ အကြမ်းဖက် တိုက်ခိုက်တဲ့ ဥပဒေဖေါက်ဖျက် ကျူးလွန်တဲ့ အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလာပြီးလို့ ယူဆပါသလား၊ ဦးငြိမ်းမောင် အနေနဲ့ ပြောပါအုံးခင်ဗျား။

ဦးငြိမ်းမောင် ------ စောစောက ကိုရဲထွန်း ဆွေးနွေးချက်ကို ကျနော်ကြားပါတယ်။ ကျနော်က ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သားစု အထွေထွေအတွင်းရေးမှူးရဲ့ ကိုယ်စား ကျနော်ဆွေးနွေးပါ့မယ်။ စောစောက ကိုရဲထွန်း ပြောတဲ့အထဲမှာ ကိုရဲထွန်းနဲ့ ပြည်ခိုင်ဖြိုးက ဖြစ်တယ်လို့ အတိအကျ မဟုတ်ပါဘူး။ နောက် ကိုရဲထွန်းအနေနဲ့လည်း ပြည့်ခိုင်ဖြိုး အဖွဲ့အစည်းနဲ့ နိုင်ငံအနှံ့ကို လှည့်လည်ပြီးတော့ အမျိုးသားရေး ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ကျနော်သိပါတယ်။ သူကိုယ်တိုင်လည်း သိတယ်။ ဒီအသင်းကြီးဟာ နိုင်ငံတော် အစိုးရရဲ့ လက်ကိုင်ဒုတ် မဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်တဲ့ အဖွဲ့အစည်းဆိုတာ ကိုရဲထွန်းလည်း သိပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း ဆိုတာက သူ့မှာရည်ရွယ်ချက် (၅)ချက်၊ ကတိသစ္စာ (၄) ချက်နဲ့ ကျင့်ဝတ် (၁၁) ပါးနဲ့ တာဝန်ဝတ္တရား (၁၄)ချက်ကို အပြည့်အ၀ ခံယူပြီးတော့ ဆောင်ရွက်တဲ့ အဖွဲ့အစည်းပါ။

ကနေ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အေးချမ်း တည်ငြိမ်ရေးကိုလည်း ဆောင်ရွက် နေပါတယ်။ နောက်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးတွေ၊ နာဂစ်ကိစ္စတွေကိုလည်း ဆောင်ရွက်တယ်။ နောက်တခါ ကျနော်တို့က လမ်းပြမေပုံ ၇ ဆင့် အောင်မြင်ရေး အတွက်လည်း ဒီအသင်းက ရှေ့ဆောင်ဦးရွက် ပြုပြီးတော့ လုပ်နေတယ်ဆိုတာ တမျိုးသားလုံး သိပါတယ်။ ဒီအသင်းအဖွဲ့ကြီး ရှိနေခြင်းကြောင့် မြန်မာနိုင်ငံဟာ တည်ငြိမ် အေးချမ်းပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့ ဦးငြိမ်းမောင်ခင်ဗျား။ ဒါဆိုလို့ရှိရင် အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်တဲ့ အဖွဲ့အစည်း နိုင်ငံတော် အေးချမ်းသာယာရေးကို ဆောင်ရွက်တဲ့ အဖွဲ့အစည်း ဆိုလို့ရှိရင် ကျနော်တို့ ဒီပဲရင်း အရေးအခင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ရိုက်နှက်ခဲ့တဲ့ စွပ်စွဲချက်မျိုး၊ နောက်ဟသာင်္ရမှာ HRDP အဖွဲ့ကို ရိုက်နှက်ခဲ့တဲ့ စွပ်စွဲချက်မျိုး မကြာခဏ အကြမ်းဖက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ရော ဦးငြိမ်းမောင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ဦးငြိမ်းမောင် ----- အဲဒီဟာက အသင်းအဖွဲ့ အနေနဲ့ မဟုတ်ပါဘူးခင်ဗျား။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ အသင်းအဖွဲ့မှာ အဲလိုမူဝါဒမရှိပါဘူး။

မေး ------ ဦးငြိမ်းမောင်ခင်ဗျား၊ သက်ဆိုင်ရာ အောက်ခြေက လုပ်တာတွေကို အဖွဲ့ထိပ်ပိုင်းက တာဝန်ရှိသူတွေ အရေးမယူကြဘူးလား ခင်ဗျား။

ဦးငြိမ်းမောင် ------ တာဝန်ရှိသူတွေကလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါတယ်။ ဒါဟာ နိုင်ငံတော်ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့် တာဝန်ရှိတဲ့အလျှောက် အရေးယူ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့က အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်တဲ့အခါမှာ ဒေသဆိုင်ရာ အာဏာပိုင် အားလုံးနဲ့ အတွင်းဘက်ငြိမ်းချမ်းရေး ကျနော်တို့မှာ ဘာမှ ဒီလိုဟာမျိုး မရှိခဲ့ပါဘူး။ တခါတရံမှာ တချို့ဒေသတွေ ကျတော့လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့ရဲ့ ဆောင်ရွက်ချက်မကို မသိနားမလည်တဲ့အတွက် တခါတရံကျတော့ အခက်အခဲတွေ ရှိပါတယ်။

အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်လို့ မသိနားမလည်တဲ့သူတွေနဲ့ တခါတရံ ကြုံတတ်ပါတယ်။ ဒါမျိုးကျတော့ တခါတရံ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ အဲဒါက ပြည်ခိုင်ဖြိုးရဲ့ မူဝါဒ မဟုတ်ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေလည်း သူတို့တာဝန်အရ ဆောင်ရွက်ရတဲ့ သဘောပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းစွာနဲ့ ပါတီဖြစ်ပေါ်ရေးအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ သူတို့မှာလည်း ဒီတာဝန်ကို ထမ်းဆောင်နေကြတဲ့ သဘော ရှိပါတယ်။

မေး ----- ဦးငြိမ်းမောင် ပြောတာနဲ့ ပတ်သက်ပြီး ကိုရဲထွန်းကို ကျနော်ပြန်မေး ချင်ပါတယ် ခင်ဗျား။ အောက်ခြေက လူတွေက အခုလို လုပ်တဲ့ကိစ္စတွေအပေါ် အထက်လူကြီးတွေက အရေးယူ ဆောင်ရွက်ပေးတယ်လို့ ဦးငြိမ်းမောင်က ပြောတယ်လေ။ ကိုရဲထွန်းတို့ ကိစ္စအပေါ်မှာရော အရေးယူ ဆောင်ရွက်ပေးတာ ရှိနေပြီလားခင်ဗျား။

ကိုရဲထွန်း ------ ကျနော်တို့က ထုံးစံအတိုင်းပဲ အမှုဖွဲ့တယ်ဗျား။ အမှုဖွင့်ပြီးတော့ ရဲက ကျနော်တို့အဖွဲ့က သက်သေ ၂၆ ယောက် ရှိပါတယ်။ ၂၂/၂၃ ရက်နေ့ ၀န်းကျင်မှာ စစ်ပြီးသွားပါပြီ။ ဒါပေမဲ့ လတ်သလောကတော့ လျင်လျင်မြန်မြန် ပေါ့ဗျား။ အကြမ်းဖက်တဲ့ ကိစ္စမှာ အကောင်အထည်ဖေါ်မှုမှာတော့ သူတို့မှာလည်း ပြင်ဆင်နေရတဲ့အတွက် နှေးနေတယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကိုင်တွယ်ဖြေရှင်းရမဲ့ ကိစ္စတခု ဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခုဆိုရင်လည်း ကျနော်တို့ကို ဆက်သွယ်မေးမြန်းတဲ့ အချို့ဟာတွေ ရှိပါတယ်။

မေး ------ အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဦးမင်းလွင်ဦးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဦးမင်းလွင်ဦး ခင်ဗျား၊ အခုလို ဖြစ်ပျက်နေတာတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အနေနဲ့  မူလရည်ရွယ်ချက်ကနေပြီး တိမ်းဆောင်းနေတဲ့ သဘောမျိုး ရှိနေပြီလား။ နောက်လူ့အခွင့်အရေး ကျူးလွန်ဖေါက်ဖျက်တဲ့ လက္ခာဏာမျိုး တွေ့ရပါသလား။ ဦးမင်းလွင်ဦးရဲ့ အမြင်ကို ပြောပါဦးခင်ဗျား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား။ ကျနော့အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်အတွင်းမှာ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနဲ့ ပတ်သက်လို့ ပထမဦးဆုံး ဖွဲ့စည်းပုံကို ကျနော်တို့ ကြည့်ဖို့လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်တဲ့အခါမှာ နာယက အဖွဲ့ရှိတယ်။ အထွေထွေ အတွင်းရေးမှူးရှိတယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးရှိတယ်။ နောက်ပြည်နယ်နဲ့တိုင်း အဆင့်အလိုက် ဖွဲ့စည်းထားတာတွေ ရှိတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုတာ ရှိပေမဲ့လည်း ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း၊ နောက်ပြီးတော့ ရှမ်းပြည်နယ် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အဲလို ဖြစ်နေတဲ့အတွက် ပြည်နယ်နဲ့တိုင်းမှာ ၁၇ ခုရှိတယ်။ နောက် ခရိုင်မှာ ၆၆ ခု ဖွဲ့ထားတယ်။ မြို့နယ်မှာ ၃၂၀ ဖွဲ့ထားတာကို ကျနော်တို့ တွေ့ရတယ်။ ရပ်ကွက်နဲ့ ကျေးရွာအဆင့်တွေမှာ အားလုံးပေါင်း ၁၅၄၂၁ ဖွဲ့ ဖွဲ့စည်းထားတာကို ကျနော်တို့ တွေ့ရတယ်။

အဲဒီလို ဖွဲ့စည်းတဲ့အထဲမှာ အစောက ဦးငြိမ်းမောင်တို့ ကိုရဲထွန်းတို့ ပြောသွားတဲ့ အချက်တွေထဲမှာ ကျနော့အနေနဲ့ ထောက်ပြချင်တာက ရှေ့လုပ်ငန်းစဉ် တွေထဲမှာ ကျနော်တို့က လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည် ဖေါ်ဖို့အတွက် အဓိကထားတာ တွေ့ရတယ်။ ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်၉ ရဲ့ နောက်ဆုံးအဆင့်မှာ ဘာတွေ့ရသလဲ ဆိုတော့ နာယကကြီး မိန့်ကြားတဲ့ သြ၀ါဒတွေကို လုပ်ငန်းလမ်းညွှန် အဖြစ် လိုက်နာကျင့်သုံးရမယ် ဆိုတဲ့အချက်ကိုလည်း ကျနော်တို့ တွေ့ရတယ်။

ဒါကြောင့် ကျနော့အနေနဲ့ ပြောချင်တာက ကြံ့ခိုင်ဖွံ့ရေးအသင်းဟာ လူမှုရေးအဖွဲ့ အနေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲ ဆိုလို့ရှိရင် အခြေခံ အချက်အလက်တွေ ရှိပါတယ်။ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တဲ့ ဒု-ဥက္ကဌ ဦတင်ဦး၊ ဦးကြည်မောင်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ လုံခြုံရေးတာဝန်ယူတဲ့ ကြားကနေပြီးတာ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။

ထိုနည်းတူစွာပဲ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း မဖြစ်ခင်မှာ စည်းရုံးရေး ခရီးစဉ်အဖြစ် စတင်ခဲ့တဲ့ မတ်လ ၉ ရက်နေ့ကနေပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါ နှောင့်ယှက်ခဲ့တာကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် ကောလင်းမြို့ကို ရောက်တဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်ကနေပြီးတော့ ဒေါ်ဆောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ ဆန္ဒပြတယ်။ နောက်ပြီးတော့ အထက်က ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်တယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေကြောင့် ကျနော်တို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဟာ လူမှုရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတာ မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြောချင်တယ်။

မေး ----- ဦးမင်းလွင်ဦးခင်ဗျား။ ဒီပဲယင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ အင်မတန်ကြီးကျယ်ခဲ့တဲ့ လူသတ်မှုကြီး လူအမြောက်အမြား သေကြေပျက်စီးခဲ့တဲ့ အဖြစ်အပျက်ကြီး ပေါ့နော်။ ဒါကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လုပ်တယ်လို့ အတည်ပြုနိုင်ပါ့မှာလား ခင်ဗျား။ ဒီကိစ္စအပေါ်မှာ လောလောဆယ်မှာ စုံစမ်းစစ်ဆေးရေး တွေက မရှိတော့လေ။

ဦးမင်းလွင်ဦး ----- ကျနော်တို့ အနေနဲ့ အတိအကျ ပြောနိုင်တာကတော့ ကော်လင်းခရီးစဉ်မှာ မြစ်ကြီးနားမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ စည်းရုံးရေး အဖွဲ့ဝင်တွေကို ကြံ့ခိုင်ရေး အဖွဲ့ဝင်ကနေပြီးတော့ စုရုံးပြီး ဆန္ဒပြတယ်။ ဒါကို ကျနော်တို့ အတိအကျ သိရတယ်။ နောက်ပြီးတော့ ဒီပဲယင်းမှာ ကျတော့က ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကြီးက အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း ဖြစ်တဲ့အတွက် အဲဒီလို အကြမ်းဖက်ရိုက်နှက် နိုင်ဖို့အတွက် စွမ်းအားရှင် အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ် ဆိုတာကို ကျနော်တို့ သိရတယ်။ အဲဒီအဖွဲ့ဝင်တွေက အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ကိစ္စရပ်တွေက ကျနော်တို့ ထင်ထင်ရှားရှား တွေ့ရတာတွေ တော်တော်များများ ရှိပါတယ်။

အဲတော့ ကျနော့အနေနဲ့ ဘာကြောင့် ဒီလိုမျိုး ပြောရသလဲ ဆိုလို့ရှိရင် ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဆက်လက် အုံကြွမှုတွေဖြစ်တယ်။ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြတဲ့ ပြပွဲတွေ ဖြစ်တယ်။ အထူးသဖြင့် ကိုထင်ကျော်တို့ရဲ့ ဆန္ဒပြတဲ့ ကိစ္စဖြစ်တယ်။

မေး ----- ဟုတ်ကဲ့။ ဦးမင်းလွင်ဦးခင်ဗျား။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့အကြောင်း နောက်ပိုင်းမှာ အချိန်ရလို့ရှိရင် ဦးမင်းလွင်ကို ပြန်ခေါ်ဦးမယ်ခင်ဗျား။ လောလောဆယ် သောတရှင်များမှ ပို့ပေးသော အီးမေးများကို ဦးကိုကိုအောင်မှ ဖတ်ပြပေးမှာ ဖြစ်ပါတယ်။

မလှအေး---- ထိုင်းမြန်မာနယ်စပ် ရေးထားတဲ့ စာမှာတော့ ကြံ့ဖွံ့အဖွဲ့အစည်းဟာ န အ ဖ ရဲ့ လက်ကိုင်ဒုတ် ပါဘဲတဲ့။ ဘာကြောင့်လည်း ဆိုတော့ ၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်ကို လုပ်ကြံတုန်းက သိသာပါတယ်။ ကြံ့ဖွံ့အဖွဲ့ကို န အ ဖ က လက်ကိုင်ဒုတ်အဖြစ် သုံးတယ်။ ပြည်သူအကြားမှာ အချင်းချင်း ရန်တိုက်တဲ့ အလုပ်ကို ခိုင်းတယ်။ န အ ဖ ကို ဆန့်ကျင် တော်လှန်သူတွေကို သတင်းရယူတယ်။ န အ ဖ အစိုးရက သူတို့ကို ထမင်းကျွေးထားတယ်လို့ ဆိုထားပါတယ်။

နောက်ထပ် စာတစောင်မှာတော့ သေချာပါတယ်။ လက်ကိုင်ဒုတ်မကဘူး။ လက်ကိုင်သေနတ် ဖြစ်တယ်လို့ ရေးထားပါတယ်။ အားလုံးရောယှက် နေသူများ၊ အခွင့်အရေးသမား၊ ဂိုဏ်းစတားများ၊ ကပြားများ၊ မှတ်ပုံတင်လိုချင်သူများ၊ ၀န်ထမ်းများအပေါ် လက်စားချေလိုသူများ ပါပါတယ်။ အရေးကြုံရင် ချကျွေးဖို့ မွေးထားပါတယ်။ ချကျွေးတာတွေ များပါပြီ။ အထူးသဖြင့် ဗမာတရုတ်များ သင်ခန်းစာ ယူသင့်တယ်လို့ ရေးထားပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကို ကြည့်ပါ။ ဦးအေးလွင်ကိုကြည့်ပါတဲ့။

သောတရှင်တချို့ရဲ့ အသံဖိုင် ပေးပို့ထားပါတယ်။ အဲဒီအသံဝှိုင်ကို ဖွင့်ပြမယ်။ နားဆင်ကြပါ။

အမည်မဖေါ်လိုတဲ့ သောတရှင် ----- ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကြီးဟာ အစိုးရက စနစ်တကျ ဖန်တီးထားတဲ့ ပြည်သူလူထုကို နှိပ်စက်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အခွင့်ထူးခံ အကြမ်းဖက် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ တိုင်းအဆင့်တွေမှာ ပညာရေး ၀န်ထမ်းတွေဖြစ်တဲ့ ဆရာဆရာမတွေကို နေရာပေးထားတယ်။ စာတလုံမျှမသင်၊ ကျောင်းကို တခေါက်မှ မသွားဘဲနဲ့ ကျောင်းလခတွေထုတ်၊ နောက်ပြီး မြို့နယ်အတွင်းမှာ ထောက်ခံခြင်း ၀င်ငွေကောင်းတဲ့ အလုပ်တွေကိုလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို လုပ်ကိုင်ခွင့်ပေးထားပြီး အဲဒီကနေ ရတဲ့ငွေတွေကိုလည်း အများအကျိုး လုပ်တာကနည်းနည်း၊ သူတို့အိတ်ထဲထည့်တာက များများနဲ့ ကိုယ်ကျိုးရှာနေကြသလို ပြဿနာ တစုံတရာ တက်လာရင်လည်း သူတို့ကို အနိုင်ပေးရခြင်း၊ မဖြစ်မနေ ဖမ်းဆီးမှုမျိုး ကြုံရတောင်မှာ ကြံ့ဖွံ့အဖွဲ့ဝင် ဆိုလို့ရှိရင် လက်ထိပ်ခတ်လို့ မရဘူး။ အစိုးရနဲ့ သဘောထား ကွဲလွဲသူ မည်သူ့ကိုမဆို ရိုက်နှက်သတ်ဖြတ်ရပြီး ဖြစ်ပါတယ်။ မကြာခင်က ရန်ကုန်မှာ ပါတီစည်းရုံးရေးဆင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်း ရိုက်နှက်ခံရတာ လူတိုင်းသိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ ဒီပဲယင်းမှာ ရိုက်နှက်သတ်ဖြတ် ခံရစဉ်က ဒီပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီးက အမာခံဖြစ်ပါတယ်။

မေး ----- နော်ဝေနိုင်ငံမှ ဦးကံအေးက အကြောင်း အမျိုးမျိုးကြောင့် ကြံ့ဖွံ့အဖွဲ့မှာ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်ခင်ဗျား။ အဲတော့ ဦးက်ံအေးရဲ့ အမြင်ကိုလည်း ပြောပြပါခင်ဗျား။

ဦကံအေး ----- ဟုတ်ပါတယ်ခင်ဗျား။ ကျနော်ကတော့ ပြောချင်ပါတယ်။ ကြံ့ခိုင်ရေးအသင်းမှာ ကျနော်ကိုယ်တိုင် ဘာမှ မသိဘဲနဲ့ ကျနော်သွတ်သွင်း ခံရတယ်လေ။ သိတဲ့နေ့ကစပြီး တာဝန်လည်း မထမ်းပါဘူး။ ဒါပေမဲ့ အကုန်လုံး သိသွားတယ်ဆိုတော့ နယ်လှည့်ပြီး ပြန်လာတဲ့အချိန်မှာ စာရင်းသွင်းထား ပြီးပြီလေ။ စာရင်းသွင်းထားတယ် ဆိုတော့ ကျနော်ကပြောတယ်၊ ဘာဖြစ်လို့ သွင်းတာလဲ၊ ကျနော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျနော် NLD အဖွဲ့က လူတွေပါ။

မေး ----- ဦးကံအေး၊ ဦးကံအေးက ဘာမသိဘဲနဲ့ သွတ်သွင်းခံရသလဲ။ ၀န်ထမ်းလား။

ဦးကံအေး ------ ကျနော်ဝန်ထမ်းပါခင်ဗျား။ အဲဒီအချိန်မှာ ပြန်လာတော့ ကျနော့ကို သွတ်သွင်းထားပြီးပြီ။ အထက်က အမိန့်ပေးလို့ သွင်းထားပါတယ်။ မလုပ်ချင်ရင်ထွက်ပါတဲ့။ အဲဒီကနေ ကျနော်က အလုပ်ကနေ ထွက်လိုက်ပါတယ်။

မေး ----- ဦးကံအေး ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ နောက်ဆုံးအခြေအနေကိုရော၊ လူမှုရေးအဖွဲ့လို့ မြင်သလား။ ဥပဒေကို ကျူးလွန်ဖေါက်ဖျက်တဲ့ အဖွဲ့လို မြင်သလား။

ဦးကံအေး ----- ကျနော် ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျား။ အဖွဲ့အစည်းက ဘာနဲ့တည်ထောင်ထားသလဲ ဆိုတော့ အတွေးအခေါ် အမြော်အမြင် ဗဟုသုတ မရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ စိတ်ဓါတ်အရ အာဏာရူးပြီး နေရာရအောင် နေတဲ့အကောင်တွေနဲ့ တရိစ္ဆာန်စိတ်ရှိတဲ့ သူတွေနဲ့ သူတို့ သွတ်သွင်းထား တယ်လေ။ အမျှော်အမြင် မရှိတဲ့လူတွေကိုဘဲ လူမိုက်မွေးတယ်။ လူရမ်းကားတွေဘဲ ရှိပါတယ်။ ဒီကြံ့ဖွံ့က စိတ်ဓါတ်ပါပါနဲ့ လုပ်တာက (၁၀) ယောက်မှာ (၁) ယောက်ဘဲ ရှိပါတယ်။ (၉) ယောက်က မရှိဘူး။

မေး ----- ကျန်သမျှအချိန်လေးမှာ ဦးညွန့်လှရဲ့ အမြင်ကိုလည်း ပြောပြပါဦး။

ဦးညွန့်လှ ----- ဒီကနေဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ သွားနေတဲ့လမ်းကြောင်းကတော့ သူတို့စစ်အာဏာ တည်မြဲရေးနဲ့ ပြည်သူတွေကို အကြောက်တရားအောက်မှာ လွှမ်းမိုးနေဖို့ဘဲ ဖြစ်တယ်ဗျား။ ကျနော်ဒီလိုဘဲ မြင်တယ်။ အဲဒါကြောင့် အကြောက်တရား လွှမ်းမိုးနိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ ကြံ့ဖွံ့ အသင်းကနေပြီးတော့ လူမိုက်ရမ်းကားတွေ မွေးပြီးတော့ ပြဿနာ ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်။ တကယ်တန်း ပြဿနာ ဖြစ်လာတဲ့အခါမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဟာ န အ ဖ ရဲ့ ထိုးကျွေးခံရမဲ့ တစားခံဘဲ ဖြစ်တယ်ဆိုတာကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းသားတွေ သိဖို့လိုပါတယ်။ အဲတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ ဘာလဲဆိုတော့၊ ဘယ်ကမှ ပေါ်လာတာ မဟုတ်ဘူး။ မိမိရပ်ကွက်၊ မြို့နယ် တိုင်းပြည်အတွင်းကနေ ပေါ်လာတဲ့သူတွေ အိမ်အားနီးချင်းတွေ၊ အဲတော့ အိမ်နားနီးချင်းတွေ အိမ်ကြက်ချင်း တိုက်ခိုင်းတယ်လို့ ထင်ပါတယ်။

0 comments:

Post a Comment