Thursday, January 07, 2010

Filled Under:

ဘီဘီစီ၂၀၀၉ ခုနှစ်၊ နှစ်ချုပ် မြန်မာ့နိုင်ငံရေး သုံးသပ်ချက်

BBC ----- 1/ 1/ 2010
သောတရှင်များခင်ဗျား။ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးကြီးတဲ့ သတင်းအချို့ကို ပြန်ကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆိုပြီးတော့ ပြစ်ဒဏ် ချမှတ်လိုက်အခါမှာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တုန်လှုပ်သွားစေခံပါတယ်။ နောက်တခါ ပြည်တွင်းမှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် လမ်းစတွေ ပေါ်လာနေတာတွေလည်း စိတ်ဝင်စားစရာ ကောင်းသလို တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ အစိုးရအကြားမှာ တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေဆဲဘဲ ဖြစ်ပါတယ်။ တဖက်ကလည်း အမေရိကန် အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံ အပေါ်မှာ ချဉ်းကပ်တဲ့ပုံတွေ ၂၀၀၉ ခုနှစ်အတွင်းမှာ ပြောင်းလဲလာခဲ့ပါတယ်။ ဒီအကြောင်း တွေကိုတော့ နှစ်ချုပ် မြန်မာသတင်း သုံးသပ်ချက် အစီအစဉ်မှာ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

သောတရှင်များခင်ဗျား။ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ချုပ် သက်တမ်း စေ့ခါနီးတဲ့ မေလအကုန်ပိုင်းမှာဘဲ သူမကို ပြန်လွှတ်ပေးမှာလား၊ ဒါမှမဟုတ် သက်တမ်း တိုးမှာလား၊ လူအများ စောင့်ကြည့်နေခဲ့ ကြပါတယ်။ အဲဒီအချိန်မှာဘဲ မမျှော်လင့်ဘဲ အမေရိကန် နိုင်ငံသား ဂွန်ဝေလျံ ယက်တောဟာ မေလဆန်းတုန်းက အင်းလျားကန်ကို ဖြတ်ကူးပြီးတော့ ခြံထဲကို တိတ်တစိတ် ၀င်ရောက်ခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ် ကန့်သတ်ထားတဲ့ စည်းကမ်းကို ဖေါက်ဖျက် ကျူးလွန်တယ် ဆိုပြီးတော့ မေလ ၁၈ ရက်နေ့တုန်းက အစိုးရက ရုံးတင် တရားစွဲခဲ့ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက BBC ကို အဲဒီအချိန်က အခုလို ပြောသွားပါတယ်။

ဦးဥာဏ်ဝင်း ----- ကျနော်တို့ အယူအဆအရ ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ State Protection Act အရ ၆ နှစ် ပြည့်ခါနီးမှာ၊ နိုင်ငံတကာ Pressure အရ၊ ဥပဒေအရ ဒီအချက်အလက်တွေကို စေ့စေ့စပ်စပ် ပြည့်ပြည့်စုံစုံ ကြားနာ ပြောကြားဖို့ ဆန္ဒ မရှိဘူး။ အဲတော့ State Protection Act ကနေပြီးတော့ အခု ရာဇ၀တ်မှုတခု အနေနဲ့ ရှာဖွေပြီး တင်လိုက်တာ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ထက် အကြောင်းပြချက် ရှာပြီးတော့ ထပ်မံ ချုပ်နှောင်ဖို့ ကြိုးစားနေတာ ဒီသဘော ဖြစ်နိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးမောင်မောင်သန်း ----- သြဂုတ်လ ၁၀ ရက်နေ့မှာတော့ နေအိမ်အကျယ်ချုပ် စည်းကမ်းချိုးဖေါက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။ မြန်မာအစိုးရက ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ အပြစ်ဒဏ်အဖြစ် လျှော့ချပြီး၊ ကျန်တ၀က်ကို နေအိမ်မှာဘဲ ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပမှာ ဝေဖန်မှု အမျိုးမျိုး ပေါ်ပေါက် ခဲ့ပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ဒီအမှုအပေါ်မှာ ဥပဒေရေးရာ ရှုထောင့်ကနေ အခုလို သုံးသပ်သွားပါတယ်။

ဦးမင်းလွင်ဦး ----- နိုင်ငံခြားသား ၀င်ရောက်လာတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ခွဲခွဲခြားခြား စီမံဆောင်ရွက် တာလား။ ဒါမှမဟုတ် နိုင်ငံခြားသား ကနေပြီးတော့ သဘောရိုးနဲ့ ၀င်ရောက်လာသလား။ ဒါကိုတော့ ကျနော်တို့ ထွေထွေထူးထူး မပြောလိုဘူး။ ကျနော်တို့ ပြောချင်တာက တရားစီရင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လွဲလွဲမှားမှားနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ကျနော်တို့ ပြောချင် တယ်။ ဘာကြောင့်လည်း ဆိုလို့ရှိရင် ၁၅ ရက်၊ ၅ လ၊ ၂၀၀၉ ခုနှစ်မှာ ဒု-ရဲမှူးကြီး ဇော်မင်းအောင် ကနေပြီးတော့ တရားလိုအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စပြီး တရားစွဲခဲ့တာ ဖြစ်တယ်။ အဲဒီလို တရားစွဲတဲ့အခါမှာ သက်သေအဖြစ် တရားလို ဘက်က နေပြီးတော့ သက်သေ ၁၂ ဦး တင်ပြခဲ့တာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို သက်သေ ၁၂ ဦးကို စစ်ဆေးပြီးတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူနိုင်လောက်တဲ့ အချက်အလက်တွေ မပေါ်ပေါက်ဘူးဆိုတာ မှတ်တမ်းမှတ်ရာတွေ၊ တရားရုံး အထောက်အထား တွေအရ ကျနော်တို့ တွေ့ရတယ်။

ဒီအခါမှာ တရားလိုဘက်ကနေ ဘယ်လိုဖန်တီးသလဲဆိုတော့ နောက်ဆုံးသက်သေ အဖြစ်နဲ့ ရဲမှူးဝင်းနိုင်ထွန်းကို တခါ ထပ်ခဲ့တယ်။ အကြောင်းပြ တာကတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အက်ဥပဒေအရ အရေးယူတဲ့ ကိစ္စမှာ သက်သေစာရင်း တင်ပြတဲ့အခါမှာ ကွန်ပြူတာ ရိုက်တဲ့အခါမှာ မှားယွင်း သွားတဲ့အတွက် သက်သေ ကျန်ခဲ့ပါတယ်လို့ ရဲမှူးဝင်းနိုင်ထွန်းကို နောက်ဆုံး သက်သေ အနေနဲ့ သူတို့တင်ပြ စစ်ဆေးခဲ့တယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခံ အကျိုးဆောင်တွေ ကနေပြီးတော့ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။

တရားရုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အခုလိုမျိုး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးတဲ့ ကိစ္စရပ်တွေကလည်း နောက်ဆုံး သက်သေအဖြစ် တင်ပြ ထားတဲ့ ရဲမှူးဝင်းနိုင်ထွန်းရဲ့ သက်သေထွက်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ သုံးသပ် ဆုံးဖြတ်ထားတယ် ဆိုတာကို တွေ့ရတဲ့အတွက် ဒါက ဒေါ်အောင်ဆန်းစုကြည် အတွက်ကို တမင်သက်သက် ရည်ရွယ်ပြီးတော့ ထိန်းသိမ်းထားနိုင်ဖို့ အတွက် တမင်စီမံ ဆောင်ရွက်တယ် ဆိုတာကို သက်သေ အထောက်အထား တရားရုံး စာရွက်စာတမ်း အထောက်အထား တွေအရ ပြောရခြင်း ဖြစ်ပါတယ်။

ဦးမောင်မောင်သန်း ------ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ အဲဒီအမှုကို အယူခံပြီးတော့ ပါဝင်နေဆဲ ဖြစ်ပါတယ်။ အခုတခါ မြန်မာအစိုရနဲ့ အမျိုးသား ဒီအမိုကရေစီ အဖွဲ့ချုပ်တို့အကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လင်းလာတဲ့ ကိစ္စဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ယူဆနိုင်တဲ့ သတင်းလည်း ဖြစ်ပါတယ်။

အမေရိကန်က နေပြီးတော့ မြန်မာပြည်အပေါ်မှာ သူတို့ကျင့်သုံးတဲ့ မူဝါဒ ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ စာရေးပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူ တာတွေကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့အကြောင်း လေ့လာစုံစမ်းခွင့် တောင်းခဲ့ပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံပြီး မြန်မာနိုင်ငံ အတွက် အကျိုးရှိမဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ကိုလည်း စာရေးသားခဲ့ပါတယ်။ ဒီဖြစ်ထွန်းမှုကို ကြည့်မယ်ဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေကို ဦးတည်နိုင်မလား။ နောက်တခါ အဓိပ္ပါယ်ရှိမဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အလားအလာ အပေါ် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဦးအောင်နိုင်ဦး ကလည်း အခုလို သုံးသပ်သွားပါတယ်။

ဦးအောင်နိုင်ဦး ----- အခုလက်ရှိ အနေအထားက ဒေါ်အောင်ဆန်းစုကြည် လည်း NLD ခေါင်းဆောင်အချို့နဲ့ တွေ့ခွင့်ရတယ်။ NLD မှာလည်း ခေါင်းဆောင်တွေကို စနစ်တကျ ပြန်ပြီးဖွဲ့စည်းမယ် ဆိုနဲ့အနေအထား မျိုးတွေ ရှိလာတယ်။ ပြီးတော့ အချို့ ဒေသတွေမှာလည်း အစည်းအဝေးတွေ လုပ်ခွင့်ရလာတယ်။ နေရာတိုင်း မဟုတ်ဘူး။ အနေအထားကတော့ အရင်ကလောက် ဆိုးတဲ့ အနေအထားလို့ ပြောလို့မရဘူးပေါ့လေ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာကတော့ ဖြစ်နိုင်တဲ့ အနေအထား ကျနော့အနေနဲ့ မမြင်ဘူးခင်ဗျား။

အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ပြောတဲ့ကိစ္စမှာ ဆိုလို့ရှိရင် ဘယ်လို အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်မှာလဲ။ အခု NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်ပြင်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပါ။ စတဲ့ ဒီလိုအချက်တွေကို တွေ့ဆုံဆွေးနွေးမှာ ဆွေးနွေးမဲ့ ပုံစံမျိုးနဲ့ စဉ်းစားမယ် ဆိုလို့ရှိရင်တော့ စစ်အစိုးရက ဒါမျိုးတွေကို လက်ခံမဲ့ အနေအထား မရှိဘူးလို့ ကျနော့အနေနဲ့ နားလည်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဆွေးနွေးမယ် ဆိုရင်တော့လည်း တစုံတရာ ပြေလည်ကောင်း ပြေလည်နိုင်တဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာ ပိတ်ဆို့ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ကျနော်တို့နိုင်ငံရဲ့ အဓိက ပြဿနာ မဟုတ်ဘူးခင်ဗျား။ ဒါကြောင့်မို့လို့ စစ်အစိုးရ အနေနဲ့ကတော့ ဒါကို အဓိက ပြဿနာ တရပ်အဖြစ်နဲ့ ကိုင်တွယ်လိမ့်မယ်လို့ ကျနော့အနေနဲ့ မထင်ဘူး။

ဦးမောင်မောင်သန်း ----- ဒါကတော့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ NLD နှင့် အစိုးရအကြား ဆက်သွယ်တဲ့ လမ်းကြောင်းတွေ ပိုပြီး ကောင်းလာတဲ့ သတင်းဘဲ ဖြစ်ပါတယ်။ တဘက်ကလည်း မြန်မာအစိုးရဟာ ၂၀၁၀ ဟာ သူတို့ရဲ့ လမ်းပြမြေပုံကို အကောင်အထည် ဖေါ်ဖို့အတွက် တိုင်းရင်းသား အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားတပ် အသွင်ကူးပြောင်းရေးတို့ကို ၂၀၀၉ ခုနှစ်အတွင်းမှာ ဖိအားပေး ဆောင်ရွက်ခဲ့ပါတယ်။ သြဂုတ်လ တတိယ အပါတ်ထဲမှာတော့ အစိုးရရဲ့ ပေါ်လစီကို လက်ခံတဲ့ ကိုးကန့်အဖွဲ့မှ ပိုင်စိုးချိန်နဲ့ အဖွဲ့ဟာ အစိုးရရဲ့ မူဝါဒကို လက်မခံတဲ့ ဖုန်ကျားရှင်ကို ဥက္ကဌ ရာထူးကနေပြီးတော့ ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက် နယ်စပ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတော့ မြန်မာဒုက္ခသည်ပေါင်း ၃ သောင်းကျော် တရုတ်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။

မြန်မာ့အရေးကို အမြဲတမ်း အားပေးထောက်ခံခဲ့တဲ့ တရုတ်ဟာ နယ်ခြား တည်ငြိမ်ရေးနဲ့ သူ့ရဲ့ အမျိုးသားတွေကို လျှော်ကြေးပေးဖို့အတွက် အဲဒီအချိန်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီတော့ မြန်မာအစိုးရရဲ့ အစီအစဉ်အရ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ ဘယ်အခြေအနေအထိ လုပ်နိုင်ခဲ့ပါသလဲ။ ရှမ်းသံတော်ဆင့် သတင်းစဉ်မှာ အယ်ဒီတာ ဦးခွန်းဆိုင်းက အပစ်ခတ်ရပ်ဆဲရေး အဖွဲ့တွေရဲ့ နောက်ဆုံးအခြေအနေကို အခုလို ပြောပြပါတယ်။

ဦးခွန်ဆိုင်း ----- အပစ်အခတ်ရပ်ဆဲရေး အဖွဲ့တွေအနေနဲ့ သူတို့လက်ခံထားတာ အားလုံးက ၁၇ ဖွဲ့ရှိတယ်။ အဲဒီ ၁၇ ဖွဲ့ထားမှာ အခု ၅ ဖွဲ့က မရှိတော့ဘူး။ တချို့ကလည်း တောပြန်ခို၊ တချို့ကလည်း အဖြိုဖျက်ခံရနဲ့ ၁၂ ဖွဲ့ဘဲ ကျတော့တယ်။ ဒီ ၁၂ ဖွဲ့ထဲမှာ ၆ ဖွဲ့ကတော့ လုံးလုံးလျားလျား လက်ခံသွားပြီးပေါ့ဗျား။ ဧပြီလ ၂၇၊ ၂၈ တုန်းက ဗိုလ်ချုပ်ကြီးရဲမြင့် တင်ပြတဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံလိုက်တယ်ပေါ့ဗျား။ အခု ၆ ဖွဲ့ကျန်တယ်။ ဒီ ၆ ဖွဲ့က အစတုန်းက လုံးဝ လက်မခံဘူးလို့ ပြောတယ်။ သို့သော်လည်း တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေမှုလို့ ယုံကြည်ရပါတယ်။ ဒါကြောင့်မို့လို့ အဖွဲ့တိုင်းလိုလို KIO ၊ ၀ တို့ကအစ နယ်ခြားစောင့်တပ်ကို မူအရ သူတို့လက်ခံတယ်။ သို့သော်လည်း လက်တွေ့ နည်းအရ အကောင်အထည်ဖေါ်တဲ့ အခါကျတော့ သူတို့ရဲ့လိုလားချက်က သူတို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေ မရသမျှ ကာလပတ်လုံး နယ်ခြားစောင့်တပ်၊ တပ်ရင်းဖွဲ့တဲ့နေရာမှာ န အ ဖ အရာရှိတွေ ပါဝင်ဖို့ မသင့်သေးဘူး။ န အ ဖ အရာရှိတွေ ပါနေမယ် ဆိုလို့ရှိရင် တပ်ရင်းအထက်မှာရှိတဲ့ ဗဟိုချုပ်ကိုင်မှု အဖွဲ့မှာပါဝင်ဖို့လိုတယ် ဆိုတဲ့အချက်ကို အဖွဲ့တိုင်းလိုလို လက်ခံထားပါတယ်။

ဦးမောင်မောင်သန်း ----- တဖက်ကလည်း အစိုးရအနေနဲ့ ဆက်လက် ဖိအားပေးရင် ဘယ်လိုပြဿနာ ဖြစ်နိုင်သလဲဆိုတော့ မြန်မာ့အရေး လေ့လာ အကဲခတ်နေတဲ့ ဦးဝင်းမင်းက အခုလို ဆက်ပြီးရှင်းပြပါတယ်။

ဦးဝင်းမင်း ------ အပစ်ခတ်ရပ်စဲရေး အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး၊ အဲဒီနှစ်ခုကို ကြည့်မယ်ဆိုရင် အချို့အင်အား သေးငယ်တဲ့ အဖွဲ့တွေမှာတော့ မြန်မာအစိုးရအနေနဲ့ အင်အားသုံး ဖိအားပေး၊ ကိုးကန့်လိုမျိုး ၀င်တိုက်ပြီးတော့ လိုချင်တာကို ရအောင်ယူနိုင်သော်လည်း တကယ်တန်း အင်အားကြီးတဲ့ ၀၊ ကချင် အဖွဲ့မျိုးတွေ ဆိုလို့ရှိရင်တော့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ၀င်ဖို့ဖြစ်ဖြစ် အောင်မြင်မှု မရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ညှိဖို့အတွက် ဆန္ဒရှိရင် ညှိလို့ရတဲ့ အဖြေတွေ အများကြီးရှိပါတယ်။ အခုဖြစ်နေတာကို ကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တစုံတရာ ညှိလိုစိတ် ရှိသောလည်း မြန်မာအစိုးရ ဘက်မှာက ညှိလိုစိတ် အားနည်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး တစုံတရာ ဖွဲ့စည်းပုံမှာ မပေးနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘယ်လိုမျိုး ရှေ့မှာ အလားအလာ ရှိလာနိုင်မယ်ဆိုတဲ့ မြန်မာအစိုးရဘက်က ပေနိုင်ဖို့ တစုံတရာ လိုအပ်မှာ ဖြစ်ပါတယ်။ အဲလို မပေးနိုင်ရင် ညှိနှိုင်းဖို့ တစုံတရာ ခက်မယ်ထင်တယ်။ ဒါပေမဲ့ တိုက်ရိုက်စစ်ပွဲတွေ ဖြစ်မယ်ဆိုတော့လည်း အဆုံးသတ်လို့ မရသေးဘူးပေါ့လေ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်အထိ အခုလိုဘဲ တစုံတရာ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားမျိုး ဖြစ်ဖို့ ပိုများပါတယ်။

ဦးမောင်မောင်သန်း ----- ဒါကတော့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့နှင့် အစိုးရအကြား ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ အခုဆက်လက်ပြီး၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကြည့်မယ် ဆိုလို့ရှိရင်တော့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဘားရက်အိုဘားမား တက်လာပြီး နိုင်ငံအားလုံးနဲ့ ပြေလည်အောင် ဆက်ဆံလိုတဲ့ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ အမေရိကန် နိုင်ငံရဲ့ မူဝါဒကိုလည်း ပြန်လည် သုံးသပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှု အရေးယူတာဟာ မအောင်မြင်သလို ထိတွေ့ဆက်ဆံမှုဟာလည်း ခရီးမရောက်တဲ့အတွက် ဒီနည်းလမ်း ၂ ခုလုံးကို ပေါင်းပြီး ကျင့်သုံးတဲ့ နည်းလမ်းအသစ်ကို ချမှတ်ခဲ့ပါတယ်။ ဒီတော့ အမေရိကန်ရဲ့ မူဝါဒအသစ်နဲ့ ပတ်သက်ပြီးလို့ အမေရိကန်မှာ ရှိတဲ့ ဂျိမ်းမေဆန်တက္ကသိုလ်က နည်းပြဆရာ ဦးမင်းဇော်ဦးက အခုလို ပြောပြပါတယ်။

ဦးမင်းဇော်ဦး ----- အခုအခြေအနေမှာ အမေရိကန်က ဗမာပြည်ဘက်က နိုင်ငံရေး အပြောင်းအလဲ လုပ်မယ်ဆိုရင် ဘယ်လို ပုံစံနဲ့လုပ်လုပ်၊ အခြေခံ ဒီမိုကရေစီ အချက်အလက်တွေ ပါနိုင်တယ်။ NLD နဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး Process ဖြစ်မယ်ဆိုရင်၊ အမေရိကန် အနေနဲ့ လက်ခံဆွေးနွေးမယ် ဆိုတဲ့ သဘောထားတွေ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ်မှာ လက်ရှိအခြေအနေမှာ ဗမာပြည် အစိုးရ ဘက်ကနေပြီး နောက်လာမဲ့ ၂၀၁၀ မှာ နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ဆက်သွားမှာလဲ ဆိုတဲ့ အခြေအနေတွေ အပေါ် မူတည်ပြီးတော့ ဆက်ဆံရေး တိုးမြင့်လာနိုင်တဲ့ အခြေအနေမျိုး ရှိသလို အခုလိုမျိုး ရှေ့ဆက်တက်လို့မရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဗမာဘက်ကလည်း တုန့်ပြန်လာတဲ့ အလားအလာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဗမာပြည်နဲ့ ပတ်သက်ပြီးတော့ တိုင်းတာတဲ့ ပေတံမှာ သူ့ရဲ့အချက်အလက်တွေ၊ အကြောင်းအရာတွေ ရှိပါတယ်။ ဥပမာ -----
၁။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်ကို ချုပ်ထားတရွေ့ နိုင်ငံတကာက ဗမာပြည်ကို ဆက်ဆံတဲ့ သဘောတရားတွေဟာ အထိုက်အလျှောက် တင်းမာနေဦးမယ် ဖြစ်တယ်။

၂။ နောက်တခုက ၂၀၁၀ election, ဒါကလည်း သိပ်အရေးကြီးပါတယ်။ ၂၀၁၀ election ကို န အ ဖ ဘယ်လို လုပ်သလဲဆိုတဲ့ လုပ်တဲ့ပုံစံ အပေါ်မှာ မူတည်ပြီး နိုင်ငံတကာရဲ့ သဘောထားက ပြောင်းလဲလာနိုင်ပါတယ်။ ဒီနေ့အဆင့်မှာ စစ်တပ်က institution ကို ဆန့်ကျင်တဲ့ အဆင့်ကနေပြီးတော့ နိုင်ငံတကာကို ဒါက တထစ်လျော့ပြီးတော့ Constitution နဲ့သွားတဲ့ အပြောင်းအလဲမျိုး လုပ်လာလို့ရှိရင် လုပ်လာတဲ့ အပြောင်းအလဲဟာ အတိုက်အခံတွေကိုလည်း ပါဝင်ခွင့်ပေးမယ်၊ election ကိုလည်း လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့်ရမယ်။ မဲမလိမ်ဘူး၊ လူထုကလည်း လွတ်လွတ်လပ်လပ်နဲ့ မဲထည့်ခွင့် အလားအလာ ရှိမယ်ဆိုရင် လုပ်လာလို့ရှိရင် နိုင်ငံတကာက လက်ရှိ Constitution အောက်က ပြောင်းလဲတဲ့ အပြောင်းအလဲ ဖြစ်လာရင်တောင် အထိုက်အလျှောက်နဲ့ လက်ခံမဲ့ သဘောထားတွေ ရှိပါတယ်။ ဒါ အမေရိကန်ရဲ့ သဘောထားကလည်း ဒီလိုဖြစ်လာတယ်။

ဦးမောင်မောင်သန်း ------ တချိန်ထဲမှာဘဲ အမေရိကန် အစိုးရရဲ့ မူဝါဒသစ်ကြောင့် ဒေသတွင်းနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေ ပြောင်းလဲပါသလား။ မြန်မာအပေါ်မှာ သြဇာကြီးတယ်လို့ အများက သုံးသပ်နေတဲ့ တရုတ်- မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံမှာရှိတဲ့ ပါမောက္ခ ဒေါက်တာအေးချမ်းက အခုလို ရှင်းပြပါတယ်။

ဒေါက်တာအေးချမ်း ------ စီးပွားရေးအရ အရှေ့တောင်အာရှင်မှာ စီးပွားရေး အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်ဖို့ ဂွင်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနေအထားကို ကျနော်တို့ မကြည့်လို့မရဘူး။ မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ဘာကြောင့်လည်း ဆိုလိုရှိရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကြားမှာ ရှိတယ်။ အရှေ့တောင်အာရှဟာ တိုးတက်လာတဲ့ တတိယ ဈေးကွက်ဖြစ်တယ်။ ဒီဈေးကွက် ၃ ခုရဲ့ အလယ်ဗဟိုမှာ မြန်မာနိုင်ငံရှိနေတယ်။ အိန္ဒိယနဲ့ တရုတ် ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာလဲ ရှိတယ်။ အရှေ့တောင်အာရှ ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာလဲ ရှိတယ်။

နောက်တခုက အိန္ဒိယ သမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ကို စီးဝင်တဲ့ ပထ၀ီ အနေအနားအရ အချက်အချာကျတဲ့ နေရာမှာ ရှိတယ်။ ဒီနေ့ အရှေ့တောင် အာရှဟာ တရုတ်အတွက် အဆင်အပြေဆုံး နိုင်ငံ ဖြစ်နေပါတယ်။ ဗီယက်နမ်နဲ့ အခုအထိ ရင်ကြားမစေ့နိုင်သေးဘူး။ အာဆီယံဆိုတဲ့ တခြားနိုင်ငံနဲ့လည်း တရုတ်နဲ့ နီးကပ်တဲ့ ဆက်သွယ်မှု မရှိဘူး။ နိုင်ငံတကာကို ကြည့်တဲ့အခါမှာ အမေရိကန်၊ ဂျပန်၊ တရုတ်တို့အတွက် အလွန် အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေတဲ့အတွက် ရှေ့အလားအလာမှာ မြန်မာနိုင်ငံအနေနဲ့လည်း ပြောင်းလဲလာမဲ့ အခြေအနေ ရှိတယ်လို့ ကျနော်မြင်တယ်။

ဦးမောင်မောင်သန်း ------ မြန်မာ - ကုလသမဂ္ဂ ဆက်ဆံရေးကို ကြည့်မယ်ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာပြည်ကို သွားရောက် ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတဲ့အတွက် စိတ်ပျက်မိကြောင်း ခရီးစဉ် အဆုံးမှာ ပြောကြားခဲ့ပါတယ်။ အဲတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်သွားပါတယ်။

ဒေါက်တာသောင်းထွန်း ------ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို သုံးသပ်တဲ့အခါမှာ အရေးကြီးတဲ့ ကိစ္စ ၃ ခု တွေ့ရတယ်။ ပထမ တခုက မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ဆောင်ရွက်ဖို့အတွက် အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဗမာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကိစ္စပါ။

ဒုတိယ နောက်တခုကကတော့ အမေရိကန် အစိုးရအနေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်မှာ ရလာဒ်တစုံတရာ ထွက်မလာတဲ့အခါမှာ န အ ဖ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးပြီးတော့ အဖြေရှာဖို့ ကြိုးပမ်းလာတဲ့ ကိစ္စတခုပါ။

တတိယ တခုက မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီယားနိုင်ငံ ဆက်ဆံရေး အထူးသဖြင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံမှာ စစ်ရေးအတွက် အသုံးပြုတဲ့ ဥမင်လှိုခေါင်းတွေ ဖေါက်တဲ့ စီမံချက်တွေဟာ လှို့ဝှက်တဲ့ စီမံချက်တွေ ထွက်ပေါ် လာတဲ့အခါမှာ မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံ စစ်ရေးဆိုင်ရာ ပူးပေါင်းမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန် အပါအ၀င် နိုင်ငံတကာက နေပြီးတော့ ပိုပြီးစိုးရိမ်မကင်း ဖြစ်လာကြတယ်။

အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ချဉ်းကပ်မှုဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကဏ္ဍတွေ မဟုတ်တော့ဘဲနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ အထူးသဖြင့် နယူးကလီးယား ဆိုင်ရာကိစ္စတွေ မပြန့်ပွားဖို့လည်း ပါဝင်ပတ်သက်လာတာကို ကျနော်တို့ တွေ့ရပါတယ်။

ဦးမောင်မောင်သန်း ------ ဒါကတော့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းအခြေအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြောင်းတွေ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရကတော့ ၂၀၁၀ မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို လုပ်ဖို့ ကမ္ဘာကို အသိပေးထားပေမဲ့လည်း ယနေ့တိုင် လိုအပ်တဲ့ ဥပဒေတွေ ထွက်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။ ဒီတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ၀ါရင့် နိုင်ငံရေးသမား ဦးသုဝေကို မေးကြည့်တဲ့အခါမှာ ၂၀၁၀ ကျလို့ရှိရင် ဒီမိုကရေစီ ဘက်တော်သားတွေကို လူထုက ထောက်ခံဖို့ လိုမယ်လို့ အခုလို ပြောပါတယ်။

ဦးသုဝေ ----- အဲဒီလို ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပလိုက်တာနဲ့ စစ်အစိုးရ အုပ်ချုပ်ရေးစနစ် မရှိတော့ဘဲနဲ့ အရပ်သားအုပ်ချုပ်မှုစနစ် ဖြစ်လာမယ် ပေါ့နော်။ အဲဒါက တိုးတက်မှုတခုလို့ ယူဆရပါတယ်။ ဒီမိုကရေစီ အင်အားစုအား အားပေးမယ် ဆိုရင်ဖြင့် အားကောင်းတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ ဖြစ်လာမယ် ပေါ့နော်။ အဲဒီအရပ်သား အစိုးရဟာ ရွေးကောက်ပွဲ လုပ်လိုက်တယ် ဆိုကတည်းက စစ်အစိုးရဟာ ရှေ့ကို ချီတက်တာ မဟုတ်တော့ဘဲနဲ့ ဒါဟာ သူတို့က နောက်ဆုတ် ပေးပါတယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ သူတို့ ဆုတ်သွားတဲ့ နေရာမှာ အရပ်သားအစိုးရ နေရယူရင်းနဲ့ ကောင်းတဲ့အလားကို ကျနော်မြင်တာပါ။

ဦးမောင်မောင်သန်း ----- NLD ပါတီမှ ဦးဝင်းတင်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဟာ စစ်မှန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ အခုလို ထောက်ပြ ဝေဖန်သွားပါတယ်။

ဦးဝင်တင် ----- ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အဖြေ ဖြစ်တယ်လို့ ကျနော်မယူဆဘူး။ ဒါအပြင့် ၂၀၀၈ အခြေခံ ဥဒေအပေါ် ဒီအတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ဘဲနဲ့ ကျင်းပမယ်ဆိုရင် ၂၀၁၀ မြန်မာပြည် အခြေအနေဟာ လမ်းစကောင်းစရာ အကြောင်းမရှိဘူ်း။

ဦးမောင်မောင်သန်း ----- သောတရှင်များခင်ဗျား။ ၂၀၀၉ ခုနှစ် တနှစ်လုံးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ နိုင်ငံတကာက တောင်းဆိုသလောက် လိုက်လျောတာ မတွေ့ရသလို မြန်မာအစိုးရက သူချမှတ်တဲ့ လမ်းစဉ်အတိုင်း မဖြစ်မနေ ဆက်လက်အကောင်အထည် ဖေါ်မယ်ဆိုတဲ့အတွက် ဒီ ၂၀၁၀ ခုနှစ်ဟာ မြန်မာ့ အနာဂတ်အတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေကို မျှော်လင့်နိုင်တဲ့ ကာလလို့ ပြောလို့ရတဲ့အကြောင်း တနှစ်အတွင်း အရေးကြီးတဲ့ မြန်မာသတင်း သုံးသပ်ချက် အစီအစဉ်ကို ရပ်နားလိုက်ပါတယ်။ သောတရှင် အားလုံး နှစ်သစ်မှာ ကျန်းမာချမ်းသာ၍ ဥပဒ်ရန်ဘေး ကင်းစင် ဝေးနိုင်ကြပါစေခင်ဗျား။

0 comments:

Post a Comment