Saturday, January 16, 2010

Filled Under:

န အ ဖ စစ်အစိုးရရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေသစ်

VOA ----- 13/ 1/ 2010

မြန်မာစစ်အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေသစ်တရပ်ကို ဒီနှစ်ထဲမှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သတင်းထဲမှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဥပဒေ ရေးရာ အခဲခတ်တွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အသစ် ထုတ်ပြန်သွား မဲ့ ဥပဒေအပေါ်မှာ သံသယတွေနဲ့ ရှုမြင်နေကြပါတယ်။

မြန်မာတိုင်းဂျာနယ်မှာ “အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ မူကြမ်း ရေးဆွဲထား ပြီး ဖြစ်တဲ့အတွက် အတည်ပြုဖို့ အဆင့်သာ ရှိတယ်”လို့ နိုင်ငံဖြတ်ကျော် မှုခင်း ဌာနမှူး ရဲမှူးကြီး စိန်အေးကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။ အကြမ်းဖက်မှုမှာ ငွေကြေးသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ထောက်ပတာတွေ ပါလာရင် အရေးယူနိုင်တဲ့ အဆင့်တွေကို ထည့်သွင်း ရေးဆွဲထားတယ် ဆိုတာနဲ့ ဒါဟာ ပြည်သူလူထု လုံခြုံရေးအတွက် အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက “အရင်က မြန်မာနိုင်ငံ ကျင့်သုံးခဲ့တဲ့ ဥပဒေကတော့ မတရားအသင်း အက်ဥပဒေ တွေ ရှိတယ်။ နောက်ပြီး ဖေါက်ခွဲရေးကိစ္စနဲ့ ပတ်သက်ပြီး လက်နက်ဥဒေ ရှိတယ်။ ပေါက်ကွဲစေတတ်သော လက်နက် ခဲယမ်းမီးကျောက် ဥပဒေရှိတယ်။ နောက် အရေးပေါ် စီမံမှု အက်ဥပဒေ ရှိတယ်။ ဒီဟာတွေက မြန်မာပြည်မှာ မငြိမ်မသက် ဖြစ်လာတဲ့အချိန်မှာ ဖမ်းဆီးအရေးယူ ဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေ ဖြစ်တယ်။ ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေက ကျနော်ပြောခဲ့တဲ့ ဥပဒေ ၃ ခု အပေါ်မှာ မူတည်ပြီးတော့ အရေးယူခဲ့တာကို ကျနော်တို့ တွေ့ရတယ်။ အခု နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဆိုလို့ရှိရင် ယခင်ပြဌာန်းထားတဲ့ ဥပဒေ ၃ ခုကို တခုထဲ အနေနဲ့ ပေါင်း ပြဌာန်းမှာလား။ ဒါမှမဟုတ်ရင် လိုအပ်ချက်တွေ ခေတ်နဲ့အညီ ပြဌာန်းမှာလား ဒါတွေကိုတော့ ကျနော်တို့ မသိရသေးဘူး။”

ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ ဖမ်းမိတဲ့အခါတိုင်း ဆန့်ကျင်ဘက် အဖွဲ့ အစည်းက လုပ်တယ်လို့ စစ်အစိုးရက စွပ်စွဲလေ့ ရှိပါတယ်။ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရသူတွေကိုလည်း ခုခံမှု မရှိဘဲနဲ့ အပြစ်ပေး လေ့ရှိတယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“ဒါတွေကို အရေးယူဖို့အတွက် ဒီဥပဒေ ပြဌာန်းမယ်ဆိုရင် တော်တော်ကြီး လွဲမှား နေတဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ဗုံးခွဲတဲ့ ကိစ္စတွေက တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက လုပ်ဆောင် တာ မဟုတ်ဘဲနဲ့ န အ ဖ ကိုယ်တိုင်က ပြည်သူလူထု ထိန့်လန့် ကြောက်လန့် အောင်၊ ပြည်သူလူထုက စစ်တပ်ကို ယုံကြည်လာအောင် ဆိုပြီး သူတို့အနေနဲ့ သမင်ဖန်တီးပြီး ဖေါက်ခွဲရေးကိစ္စတွေ ဖြစ်တာကို ကျနော်တို့ သိရတယ်။ အဲဒီကိစ္စတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတွေကို စစ်ဆေးစီရင်တဲ့ အခါမှာလည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ဘဲနဲ့ နှိပ်စက်ညှဉ်းပန်းပြီး ရရှိလာတဲ့ သက်သေ ထွက်ချက်တွေကို ဖျောက်ချက်အဖြစ် သုံးပြီး အပြစ်ပေးနေတာကို ကျနော်တို့ တွေ့ရတယ်။”

ABSDF, KNU အပါအ၀င် နယ်စပ်အခြေစိုက် အဖွဲ့အစည်းအချို့ကို အကြမ်းဖက် အဖွဲ့ အစည်းတွေ ဖြစ်တယ်လို့ စစ်အစိုးရက သတ်မှတ်ထားပါတယ်။ ABSDF ဥက္ကဌ ကိုသံခဲက “အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တွေဟာ တကယ်တန်းအားဖြင့် အကြမ်းဖက် အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ကျနော်တို့ အပါအ၀င် ဒီအဖွဲ့အစည်းတွေ အားလုံးဟာ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါတွေက န အ ဖ အစိုးရ ကနေပြီး တဖက်သတ် စွပ်စွဲနေတာ၊ ဥပဒေနဲ့ ခိုင်မာအောင် လုပ်နေတာ ဖြစ်တယ်။ တပြိုင်နက်တည်းမှာ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို အားပေး ထောက်ခံတဲ့ သူတွေကို ကြောက်သွားအောင် မတရားတဲ့ ဥပဒေတွေကို ဆင့်ကဲဆင့်ကဲ ပြဌာန်းတာ ဖြစ်တယ်။”

ဒါကတော့ အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ပြည်သူလူထုကို အကာအကွယ် ပေးသွားနိုင်မယ် မဟုတ်ကြောင်း အတိုက်အခံတွေက ပြောဆိုသွားကြပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အဓိပ္ပါယ် ဖွင့်ဆိုရာမှာလည်း နိုင်ငံအလိုက် ကွဲပြားမှု ရှိတယ်လို့ သိရပါတယ်ခင်ဗျား။

0 comments:

Post a Comment