Saturday, January 23, 2010

Filled Under:

ထောင်ဒဏ်ရက်ပြည့်သော်လည်း ပြန်မလွတ်သေးတဲ့ ကဗျာရာ စောဝေ

RFA ----- 22/ 1/ 2010

နိုင်ငံအပေါ် အကြည်အညိုပျက်စေမှု ပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံထားရတဲ့ ကဗျာဆရာ ကိုစောဝေဟာ ဖမ်းဆီးခံရတာ မနေ့က ၂ နှစ်တင်းတင်း ပြည့်သွားပြီး ဖြစ်သော်လည်း အခုအထိ လွတ်မလာသေးဘူးလို့ သိရပါတယ်။ ကိုစောဝေရဲ့ ဇနီးဖြစ်သူက ပြန်လွှတ်ပေးမယ် အထင်နဲ့ ခင်ပွန်းသည်ရှိတဲ့ ရမည်းသင်းထောင်ကို သွားတဲ့အခါမှာ မလွတ်သေးကြောင်း ထောင်အာဏာပိုင်တွေ ပြောလိုက်တဲ့အတွက် ထောင်ဝင်စာတာတွေ့ပြီး ပြန်လာရတဲ့အကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းစမ်းစမ်းအေးက RFA ကို အခုလို ပြောပါတယ်။

“ဘာမှမညွှန်ကြားထားဘူး။ လွှတ်ပေးဖို့ ဘယ်ရက်ကိုလွတ်မယ်လို့လည်း အသေအချာ မပြောထားဘူး။ အမိန့်အမှတ် ၅၀၅ (ခ) ဘဲလေ၊ လွှတ်ရက်တွေကို နှစ်ထဲမှာ ခံစားစေလို့လည်း ပါတယ်။ ဒါပေမဲ့ သူတို့မလွှတ်ပေးသေးဘူးပေါ့။ မလွှတ်ပေးတော့လည်း ကျမက ထောင်ဝင်စာ ပေးပြီးပြန်လာခဲ့တယ်။ ကိုစောဝေ ပြောတာက- ကဗျာဆရာတယောက်ကို သူတို့ဖမ်းထားလို့ အကျိုးရှိရင်လည်း ဆက်ဖမ်းထားလို့ ရပါတယ်လို့ ပြောတယ်လေ”

၂၀၀၈ ခုနှစ် ဇန်နာဝါရီလထုတ် အချစ်ဂျာနယ်မှာ ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး ကိုစောဝေ ရေးသားထားတဲ့ ဖေဖေါ်ဝါရီ ၁၄ ဆိုတဲ့ကဗျာမှာ ထိပ်သီးစကားလုံးတွေကို ဆင်လိုက်ရင် အာဏာရူးကြီး မူးကြီးသန်းရွှေလို့ အဓိပ္ပါယ်ကောက်ယူ ရရှိတဲ့အတွက် ဇန်နာဝါရီလ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး စစ်အစိုးရ ခေါင်းဆောင်ကို အကြည်အညိုပျက်စေတဲ့ ပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်ပါတယ်။ ထောင်ထဲမှာ ကိုစောဝေ ကျန်းမာရေး အခြေအနေ သိပ်မကောင်းတဲ့အကြောင်း၊ အစာအိမ်ရောဂါ ရှိပေမဲ့လည်း ထောင်ထဲမှာ အစားအသောက် အဆင်မပြေတဲ့အတွက် အစာမစားနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သွေးဝမ်းလည်း သွားနေတယ်လို့ ဇနီးဖြစ်သူ ဒေါ်နန်းစမ်းစမ်းအေးက ပြောဆိုပါတယ်။

အခုလို လွတ်ရက်စေ့သူကို လွှတ်မပေးတာဟာ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်တဲ့အတွက် နိုင်ငံခြား လူ့အခွင့်အရေး အဖွဲ့တွေကို တိုင်ကြားသွားမယ်လို့ အာရှလူ့အခွင့်အရေး ကောင်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို ပြောဆိုပါတယ်။

“ပထမ တရားစွဲဆို အပြစ်ပေးတုန်းကလည်း ဘာမှမဟုတ်တဲ့ အကြောင်းအရာတခုအပေါ် မူတည်ပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးနေတာဖြစ်တယ်။ လွတ်ရက်စေ့တယ်ဆိုရင် ပြန်လည် လွှတ်ပေးသင့်တယ်။ အဲဒီလို မလွှတ်ပေးရင် ကျနော်တို့က သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွ့အစည်း အသီးသီးကို တိုင်ကြားသွားမယ်။ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်အသင်း အဖွဲ့အစည်း အသီးသီးကနေပြီး ဒီကိစ္စကို မြန်မာနိုင်ငံ စစ်အစိုးရအနေနဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါလို့ ကျနော်တို့ တိုက်တွန်းသွားမယ် ဖြစ်ပါတယ်။”

ကိုစောဝေက မြန်မာနိုင်ငံအတွင်းမှာ HIV ပိုး ကူးစက်တဲ့ မိဘမဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေ ရှာပေးတဲ့ အဖြူရောင် တွေ့ဆုံပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ ပိတ်ဆို့တဲ့ကြားက စီစဉ်ခဲ့သူဖြစ်ပါတယ်။ ကိုစောဝေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဖိနှိပ်ချုပ်ခြယ်မှု အကြားက သတ္တိရှိရှိနဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖေါ် ရေးသားတဲ့ စာရေးဆရာအတွက် ပေးတဲ့ဆုကို ပြီးခဲ့တဲ့နှစ်က ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။

0 comments:

Post a Comment