Wednesday, August 25, 2010

Filled Under:

နှိပ်စက်ညှင်းပန်းခြင်းဆိုင်ရာ အမှုတွဲ အသေးစိတ် တင်ပြရန်ရှိ

(၂၃.၈.၂၀၁၀ VOA)
ဒီနှစ်သင်္ကြန်ရန်ကုန် ကန်တော်ကြီးရှေ့မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး လူသတ်မှု ၊လူသေစေမှု၊ တရားမဝင်အသင်း အဖွဲ့တွေနဲ့ဆက်သွယ်မှု၊ နယ်စပ်ဖြတ်ကျော်မှုစတဲ့ ပုဒ်မတွေနဲ့စွဲချက်တင်ခံထားရတဲ့ ကိုဖြိုးဝေအောင်ကို သြဂုတ်လ၂၃ရက်နေ့က ရုံးထုတ်ချိန်မှာ သာမန်အကျဉ်းသားတွေလို သူ့ကိုစွဲဆိုထားတဲ့ ထွက်ချက်တွေကို လုံခြုံရေးအရဆိုပြီး တရားရုံးကကူးယူခွင့်မပြုကြောင်း သူ့ရဲ့ရှေ့နေ ဖြစ်သူဦးကျော်ဟိုးက အခုလို ပြောပြပါတယ်။

ဦးကျော်ဟိုး….အမှုတွဲကို ကူးတဲ့အခါကျတော့ ပြီးခဲ့တဲ့ရုံးချိန်းမှာက ကျနော်တို့တရားရုံးကို လျှောက်တယ်။ အမှုတွဲကူးခွင့် အပြည့်အစုံမရဘူး၊ ရဲကတင်တဲ့စာရွက်စာတမ်း၁၄မျိုးရယ်၊ နောက်ပြီးတော့ ဖြိုးဝေအောင် ကိုဖမ်းပြီးတော့ ၂၄နာရီအတွင်းမှာ ရမန်ယူပါတယ်ဆိုတဲ့ရမန်စာရွက်ရယ်၊ နောက်ပြီးတော့ တရားရုံးချုပ်ကညွှန်ကြားလို့ မြောက်ပိုင်းခရိုင်တရားရုံးမှာစစ်တယ်ဆိုတဲ့ ညွှန်ကြားချက်ပေါ့၊

အားလုံးပေါင်း ၁၄မျိုးကိုကူးခွင့်မရလို့ဆိုပြီး ပြီးခဲ့တဲ့ရုံးချိန်းမှာ တင်ပြတဲ့အခါကျတော့ ဒီရုံးချိန်းမှာဒီနေ့မှာ အမိန့်ချတယ်။ ကျနော်တို့ကူးခွင့်မပြုနိုင်ဘူးတဲ့၊ ရဲတွေတင်တဲ့ စာရွက်စာတမ်း၁၄မျိုးဟာတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ဖြစ်တယ်ဆိုပြီးတော့ ကူးခွင့်မပြုဘူး၊ကျန်တဲ့စာရွက်စာတမ်း၂ခုကိုလည်းပဲ ကူးခွင့်မပြုဘူး။

အခုလိုအမှုတွဲတွေကို ကူးယူခွင့်မပေးတဲ့အတွက် အမှုသည်အနေနဲ့ သူမဟုတ်မှန်ကြောင်း ပြန်လည်ခြေပဖို့အတွက် အခွင့်အရေးတွေဆုံးရှုံးခဲ့ရသလို သူ့ရဲ့ရှေ့နေအနေနဲ့လည်း လျှောက်လဲချက်ပေးဖို့ခက်ခဲခဲ့ တယ်လို့ဆိုပါတယ်။

ဦးကျော်ဟိုး..ကူးခွင့်မပြုတဲ့အခါကျတော့ အမှုသည်မှာ အခွင့်အရေးဆုံးရှုံးတာပေါ့ ၊ဘာလို့လဲဆိုတော့ အမှုသည်က စွပ်စွဲတဲ့စာရွက်စာတမ်းတွေကို ကူးယူပြီးတော့ ကြည့်ရှုလေ့လာပြီးမှလုပ့်မှာကိုး၊ ဒါကထုခြေခွင့်မရတဲ့သဘော ၊ကြိုတင်ပြင်ဆင်ချိန်မပေးတဲ့ သဘောဖြစ်တယ်။ နောက်တခုက ရဲကစုံစမ်းစစ်ဆေးတဲ့ အချိန်မှာ လျှို့ဝှက်စာရွက် စာတမ်းဖြစ်ချင်လည်းဖြစ်မယ်၊ ဒါပေမဲ့တရားရုံးကိုတင်တဲ့ အခါဒါကPublic document ဖြစ်သွားပြီ ၊ ဖြစ်သွားတော့ အမှုနဲ့ဆိုင်တဲ့ လူကကူးခွင့်ရှိရမှာပေါ့၊ အမှုသည်အနေနဲ့ ခုခံခြေပတဲ့အခါမှာ ကသိကအောင့်ဖြစ်တာပေါ့ ၊အခွင့်အရေး ပြည့်ပြည့်ဝဝမရဘူးလို့ဘဲ ယူဆတယ်။

တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် တရားသူကြီးဟာ ဥပဒေကိုလိုက်နာခြင်းမရှိတာ ထင်ရှားတယ်ဆိုပြီး ရှေ့နေဦးကျော်ဟိုးက ပြောပြပါတယ်။

ဦးကျော်ဟိုး…ဥပဒေကြောင်းအရပြောရရင် ဥပဒေကိုသူတို့မလိုက်နာတာ ဖြစ်တယ်။ မိတ္တူကူးခြင်း နည်းဥပဒေမှာက အမှုတွဲမှာပါတဲ့ စာရွက်စာတမ်းတွေကို ဘယ်အချိန်မှာမဆို၊ ဘာကြောင့်ဘဲဖြစ်ဖြစ် အမှုသည်က ကူးခွင့်ရှိတယ်ဆိုတာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်တယ်။ တခြားအမှုတွေမှာ ကူးခွင့်ရပြီးတော့ ၊ဒီအမှုမှာမရဘူး ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ ဘက်လိုက်မှုလို့ပြောလို့ရတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်ခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ၊အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကော်မရှင်ရဲ့ အစည်းအဝေးမှာ တင်ပြသွားဖို့ရှိတဲ့အကြောင်း ရှေ့နေကြီးဦးမင်းလွင်ကအခုလိုပြောပြပါတယ်။

ဦးမင်းလွင်ဦး….ကိုဖြိုးဝေအောင်ပြီးတော့ ကိုညီညီထွန်းနောက်ပြီး ကိုသန်းမြင့်အောင်တို့ အမှုတွေနဲ့ပတ်သက် ပြီးတော့လည်း လာမဲ့ကုလသမဂ္ဂကော်မရှင် အစည်းအဝေးမှာ ဒီကိစ္စကိုအကျယ်တဝင့် ဆွေးနွေးနိုင်ဖို့အတွက်နှိပ်စက်ညှင်းပန်းခြင်း ဆိုင်ရာအထူးကိုယ်စားလှယ်၊ လွတ်လပ်သော တရားသူုကြီးများနဲ့ ရှေ့နေများအဖွဲ့အထူး ကိုယ်စားလှယ်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်စတဲ့ အဖွဲ့တွေကိုအမှုတွဲအသေးစိတ်တွေနဲ့ ဖြစ်ပျက်ပုံတွေကိုတင်ပြဖို့ရှိပါတယ်။ ဒီအကြောင်းကိုဗုဓဟူးနေ့မှာပေးပို့သွားဖို့ရည်ရွယ်ထားပါတယ်။ကိုဖြိုးဝေအောင်ဟာ နှိပ်စက်ညှင်းပန်းခံရပြီး အခုဆို့ရင် တိုက်ပိတ်ခံရမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

သူဟာ ရန်ကုန်မဟာသင်္ကြန်ကာလက လူဆယ်ဦးသေဆုံးပြီးလူ ၁၆၀ ကျော်ဒါဏ်ရာရရှိခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူလည်းဖြစ်ပါတယ်။ သူ့အနေနဲ့မဟုတ်မှန်ကြောင်း သက်သေပြနိုင်မဲ့ လူတွေကိုလည်း အာဏာပိုင်တွေဘက်က တရားလိုသက်သေတွေလုပ်ပြီး ကြိုတင်ထွက်ချက်များ ရယူထားခဲ့တာကြောင့် သူ့အနေနဲ့ သက်သေပြခွင့်တွေ မရခဲ့သလို အခုလိုအမှုတွဲကို ကူးယူဖတ်ရှုခွင့်မရတာတွေကြောင့် ဥပဒေကြောင်းအရ ခြေပခွင့်အခွင့်အရေးတွေလည်း ဆုံးရှုံးခဲ့ရတယ်ဆိုပြီး မိသားစုကပြောပါတယ်။

0 comments:

Post a Comment