Friday, March 11, 2011

Filled Under:

အထူးရံပုံငွေ နဲ့ ဥပဒေပြုရေးကဏ္ဍ

နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လိုအပ်တယ်လို့ဖေါ်ပြပြီး အကန့် အသတ်မရှိသံုးနိုင်တဲ့ အထူးရံပုံငွေ ဥပဒေအမှတ် ၁၀/၂၀၁၁ ကို ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့စွဲနဲ့နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးထုတ်ပြန် ခဲ့ပါတယ်။်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုပြဌာန်းပြီး၊ ရွေးကောက်ပွဲတွေပြုလုပ် ပြီးစီး လို့ ပြည်သူ့လွှတ်တော်ကို ကျင်းပနေပါပြီ။ နအဖ အနေနဲ့လမ်းပြမြေပုံ ၇ ချက်အရ ဖေါ်ဆောင်ရမဲ့အချက်တွေထဲက နောက်ဆုံးအချက်ကို အကောင်အထည်ဖေါ်နေတာ ဖြစ်တယ်။ ၂၀၀ဂ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့အစိုးရတရပ်ကသာ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက်လိုအပ်တဲ့ စီမံအုပ်ချုပ်မှုတွေ၊ ဥပဒေပြုမှုတွေကို လုပ်ဆောင် ရမှာဖြစ်တယ်။ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားအရ အာဏာဟာပြည်သူတွေထံကဆင်းသက် ရမှာ ဖြစ်တယ်။

ပြည်သူတွေကရွေးချယ်တင်မြှောက်တဲ့ပြည်သူ့ကိုယ်စားလှယ်များကသာ လိုအပ်တဲ့ ဥပဒေပြု အာဏာကို ကျင့်သုံးပိုင်ခွင့်ရှိတာ ဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေ တဲ့ အခြေ အနေတွေကိုကြည့်မယ်ဆိုရင် ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ် စားလှယ်များက ဥပဒေပြုနိုင်ခြင်းမရှိပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရေးဆွဲပြဌာန်းတဲ့ ဥပဒေကို တရားဝင်အောင် အကောင်အထည်ဖေါ်ပေးနေရတဲ့ အခြေအနေဖြစ်နေတာမို့ ဒီမိုကရေစီ သဘောတရားနဲ့ ဆန့်ကျင်နေတာကိုတွေ့ရမှာဖြစ်တယ်။

ယခင်နအဖ စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ယခုအသစ်ဖွဲ့စည်းတဲ့ အစိုးရမှာ ဆက်လက် တာဝန်ယူဖို့ နေရာ အသီးသီးရယူထားပြီးပါပြီ။ နအဖစစ်အစိုးရအဖွဲ့ထဲ မှာ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနဲ့ မောင်အေးတို့ ၂ ယောက်ပဲကျန် ရစ်ခဲ့တာပါ။ ဇန်န၀ါရီလ ၂၇ ရက်နေ့စွဲ နဲ့ဥပဒေပြဌာန်းချိန်မှာ ပြည်သူ့လွှတ်တော်ကျင်းပ နေပါပြီင်္။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသစ်ဖွဲ့စည်းထားတဲ့အစိုးရကသာ အနာဂါတ် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ဥပဒေများ ကိုရေးဆွဲပြဌာန်းရမှာဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံတော်ဘဏ္ဍာကို ပြည်သူ့လွှတ်တော်ကသာခွင့်ပြုခွဲဝေပေးရမှာဖြစ်တဲ့ အတွက် ယခုပြဌာန်းလိုက်တဲ့ အထူးရံပုံငွေ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တယ်လို့ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်က ၀န်ကြီးဌာန အသီးသီးသုံးစွဲဖို့ငွေခွဲဝေပေးရတဲ့ ဘတ်ဂျက်၊ ဘဏ္ဍာရေး ခန့်မှန်းခြေကို နှစ်စဉ် ကြိုတင်ပြီး ဆွေးနွေးဝေဖန်ပြီးတဲ့နောက် အတည်ပြု ခွင့်ပြု ဖို့ပြည်သူ့ လွှတ်တော်ရဲ့အရေးကြီး တဲ့လုပ်ငန်းရပ်တခုဖြစ်တယ်။ ပြည်သူတွေကထမ်းဆောင်တဲ့အခွန်ငွေတွေနဲ့ တိုင်းပြည်က ထွက်ရှိတဲ့သယံဇာတ အရင်း အမြစ်တွေ ရောင်းချရရှိတဲ့ဝင်ငွေတွေကို ပြည်သူ့အကျိုးအတွက်ခွဲဝေသုံးစွဲရမှာ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အရေးထားဆွေးနွေး တိုင်ပင်ဆုံးဖြတ်ရတာ ဖြစ်တယ်။

ခုဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ပြဌာန်း လိုက်တဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးအတွက် အရေးကြီးလိုအပ်တဲ့ အသုံးစရိတ် ဆိုင်ရာ အထူးရန်ပုံငွေဥပဒေဟာ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပြည်သူ့ဘဏ္ဍာကို အကန့် အသတ်မရှိ၊ အစစ်အဆေးမရှိသုံးစွဲ နိုင်ဖို့ ခွင့်ပြုထားတဲ့သဘော သက်ရောက်နေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က တင်ပြတဲ့ငွေ ကိုသမ္မတက ခွင့်ပြုပေးရမှာဖြစ်ပြီး၊ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းကမှမေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလိုလို့ ပြဌာန်း ထား တဲ့အတွက်ပြည်သူ့ဘဏ္ဍာကို ကာကွယ်ရေး ဦးစီးချုပ်က စိတ်ထင်သလို အသုံးပြုနိုင်မှာ ဖြစ်တယ်။

အစိုးရအဖွဲ့ရဲ့လုပ်ကိုင်ဆောင်ရွက်မှုကို ပြည်သူတို့ကိုယ်စားပြည်သူ့လွှတ်တော်က ကြပ်မတ် ရမှာ ဖြစ်ပေမဲ့ အထူးရံပုံငွေဥပဒေ ပြဌာန်းချက်အရ ပြည်သူ့လွှတ်တော်ကဘာမှ ၀င်ရောက် စွက်ဖက်ခြင်းမပြုနိုင်ပါဘူး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့သမ္မတ ၂ ဦးသဘောတူရင် ပြည်သူ့ ဘဏ္ဍာကို လိုသလိုထုတ်ယူအသုံးပြုနိုင်တာဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဌာန်းချက်တွေကိုလွှမ်းမိုးပြီးပြဌာန်းထားတဲ့သဘောဖြစ်နေပါတယ်။

နိုင်ငံတော်သမ္မတနဲ့လွှတ်တော် အရပ်ရပ်အတွက် ချီးမြှင့်ငွေ၊စရိတ် နဲ့ အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ဟာလဲ ပြည်သူ့လွှတ်တော်မှာ ပြည်သူတွေ့ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များကသာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြဌာန်းရမှာ ဖြစ်တယ်။ ခုလိုဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်မှတ်နဲ့ရေးထိုး ထုတ်ပြန်တာဟာ အထူးရံပုံငွေဥပဒေကို အာဏာသက်ဝင်စေဖို့ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ အပါအ၀င် ၀န်ကြီးတွေအားလုံး ကို တရားဝင်လာဘ်ပေးလာဘ်ယူ လုပ်လိုက်တာပဲလို့ဆိုနိုင် ပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်တဲ့ အစိုးရသစ်ဟာ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက အတည်ပြုပြဌာန်းတဲ့ ဥပဒေတွေကို လိုက်နာအကောင်အထည်ဖေါ်ပေးရမဲ့ သဘောသက်ရောက်နေတာကို ယခုလိုလုပ်ရပ်တွေက ထင်ထင်ရှားရှားဖေါ်ပြနေတာပါ။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာအခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသစ် ဖွဲ့စည်းတဲ့အစိုးရအဖွဲ့မှာ ထိပ်ပိုင်းကအရေးပါတဲ့ နေရာ တွေကို စစ်တပ်ကအသွင်ပြောင်းလာသူတွေကရယူထားတာကိုမြင်တွေ့ ရပါတယ်။ အခုလို ဥပဒေတွေပြဌာန်းမဲ့ကိစ္စကိုကြိုတင်သိရှိ ပြင်ဆင်ထားတယ်ဆိုရင်တော့ ယခု ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ်ရဲ့လုပ်ပိုင်ခွင့်၊အာဏာကိုသိမ်းယူနိုင်ဖို့နအဖက ကြိုတင်ကြံစည် ပြီးအာဏာသိမ်း ဖို့ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ပြောရမှာဖြစ်တယ်။

ဥပဒေပြုရေးဟာ ပြည်သူ့လွှတ်တော်ရဲ့အသက် သွေးကြောဖြစ်တယ်။ ပြည်သူတွေကိုအကျိုးပြု စေမဲ့ဥပဒေတွေပြဌာန်းရမှာဖြစ်ပြီး၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ အုပ်ချုပ်ရေးဆိုင်ရာအစိုးရအဖွဲ့က စီမံအုပ်ချုပ်ရမှာဖြစ်တယ်။ တရားမျှတမှုတွေကို ဆန့်ကျင်တဲ့လုပ်ဆောင်မှုတွေပေါ်ပေါက်လာရင် တရားစီရင်ရေးကဏ္ဍက ဥပဒေပြဌာန်းချက်တွေနဲ့အညီ စစ်ဆေးစီရင်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေချမှတ်ပေးရမှာဖြစ် တယ်။ ဒါကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတို့ဟာ သီးခြားစီလွတ်လပ် စွာ ဆောင်ရွက်နိုင်ဖို့လိုပြီး အပြန်အလှန်စောင့်ကြည့် ထိန်းညှိကြမှသာ စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။
အာရှလူ့အခွင့်အရေး ကော်မရှင်မှရှေ့နေ ဦးမင်းလွင်ဦး အာအက်ဖ်အေသို့ရေးသားပေးပို့သော ဆောင်းပါးဖြစ်သည်။

0 comments:

Post a Comment