Saturday, August 27, 2011

Filled Under:

လူ့အခွင့်အရေး စံချိန်စံနှုန်း အားနည်းမှုနဲ့ ပတ်သက်ပြီး ALRC မှ ၁၈ ကြိမ်မြောက် ကုလသမဂ္ဂ အစည်းအဝေးသို့တင်ပြ

BBC--- 26/ 8/ 2011

ဦးမင်းလွင်ဦး --- အစိုးရသစ် အုပ်ချုပ်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတာက လက်ရှိ ပြဌာန်းချက်တွေကို မျက်ကွယ် ပြုပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ရှိနေသေးတယ်။ နောက်ပြီးတော့ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့အချက်တွေကလည်း သိသိသာသာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ပြောင်းလဲချက်တွေ မဟုတ်ပဲနဲ့ ဟန်ပြပြောင်းလဲချက် လောက်သာ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြပြောဆိုထားတာ ဖြစ်တယ်။

မေး --- အခု ၅ လလောက် အချိန်အတွင်းမှာ သိသာတဲ့ ပြောင်းလဲချက်တွေ မဟုတ်ဘူးဆိုရင် အဲလိုပြောတာက ခိုင်မာမှုရှိသလား။

ဦးမင်းလွင်ဦး --- အစိုးရသစ် တက်လာပြီးတဲ့နောက် စစ်ဆေးစီရင် ဆုံးဖြတ်တဲ့မှုခင်းတွေ ရှိတယ်။ ဥပမာ ဆိုလို့ရှိရင် ပြစ်မှုဆိုင်ရာ အမှုတွေမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင် အမှုရှိတယ်။ ကာမက လယ်သမားတွေ ဖြစ်ပျက်ခဲ့တဲ့ အမှုတွေ ရှိတယ်။ ဒီအမှုတွေကို စစ်ဆေးစီရင်တဲ့ အခါမှာ ယခင်အမှုတွေ စစ်ဆေးစီရင်သလိုပဲ စစ်ဆေးစီရင်နေဆဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရှိရတယ်။

မေး --- လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကို မြန်မာပြည်သွားခွင့် ပြုတာတို့၊ ILO ကလည်း လယ်ယာမြေသိမ်းတဲ့ကိစ္စတွေ ကိုင်တွယ်ပေးနေတယ်။ ဒါတွေဟာလဲ တိုးတက်မှုလို့ တချို့ကပြောတယ်။ ဦးမင်းလွင်တို့ကရော အဲဒါကို ကြိုဆိုလား။

ဦးမင်းလွင်ဦး --- မစ္စတာ ကင်တားနား သွားခွင့်ရတဲ့ကိစ္စကိုတော့ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ လက်ရှိ ကြုံတွေ့နေရတာက မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမား အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ကို အခု အချိန်အထိ ILO ကလည်း မစွမ်းဆောင်နိုင်သေးဘူး။ အစိုးရက ဖွဲ့စည်းခွင့် ပြုမယ်လို့ ပြောထားပေမဲ့ အခုအချိန်အထိ အကောင်အထည် ဖေါ်လာတာ မရှိသေးဘူး ဆိုတာကို ကျနော်တို့တွေ့ရတယ်။  တောင်သူလယ်သမား ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း ထိုနည်းအတိုင်းပဲ၊ လယ်ယာမြေသိမ်းယူမှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်။ စစ်တပ်အာဏာပိုင်တွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ လယ်ယာမြေတွေ သိမ်းနေတာက အခုအချိန်အထိ ဆက်တိုက်ရှိတယ်။ ဒါတွေကို လုံးဝအကာအကွယ် မပေးနိုင်သေးဘူးဆိုတာက ထင်ထင်ရှားရှားပဲ ဖြစ်နေတယ်။

မေး --- ဒီအစီရင်ခံစာကို ပြန်ကြည့်တဲ့အခါမှာ နိဂုံးချုပ်ပြောသွားတာက မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ပြဿနာကို အကောင်အထည်ဖေါ်ဖို့ထက် လွဲမှားစွာ နားလည်တယ်လို့ အဆုံးသတ်ထားတယ်လို့ တွေ့ရတယ်။ အဲဒါဘာကို အဓိကဘာကို ထောက်ပြထားသလဲ။ ဘယ်သူ့ကို အကြံပြုထားသလဲ။

ဦးမင်းလွင်ဦး --- အုပ်ချုပ်နေတဲ့ အစိုးရသစ်ကိုလည်း ကျနော်တို့ အကြံပြုတာပါ။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လုပ်ငန်းရပ်တွေကို ပြန်လည်ပြင်ဆင်ဖို့  အကောင်အထည်ဖေါ်ဖို့ လုပ်တဲ့အခါမှာ အချို့ကိစ္စရပ်တွေက သိသိသာသာ လွဲမှားနေတယ်။ ဒါတွေကို ပြန်လည်စဉ်းစားသင့်တယ် ဆိုတာကို ကျနော်တို့အနေနဲ့ အကြံပြုတာပါ။ တိတိကျကျ ပြောရမယ်ဆိုရင် အချို့ဆုံးဖြတ်ချက်တွေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ရှိတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ထိုနည်းတူစွာပဲ တကယ်တတ်ကျွမ်း နားလည်တဲ့ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့် ရှိသလို မလုပ်နိုင်ပဲနဲ့ အထက်ကနေပြီး အာဏာပိုင်တွေရဲ့ အလိုကျ လိုက်ပါ ဆောင်ရွက်ပေးနေရတယ်။ ဒါတွေကို အစိုးရသစ်အနေနဲ့ သေသေချာချာ နားလည်အောင် လုပ်ပြီးတော့ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်တယ်။

0 comments:

Post a Comment