Thursday, November 10, 2011

Filled Under:

အုပ်စုသုံးစု ကြေငြာချက် ထုတ်ပြန်ကမ်းလှမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး (၂)

ညီညီချမ်း

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် အပြောင်းအလဲသတင်း အတော်တော်များများ ကြားလာရတယ်။ အထူးသဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့က ကြားရတဲ့ မြစ်ဆုံဆည် မတည်ဆောက်ဘဲ ရပ်ဆိုင်းလိုက်တဲ့ကိစ္စ၊ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်တဲ့ကိစ္စ အစရှိတဲ့ သတင်းကောင်းများ ဖြစ်တယ်။

ထိုအသံများ ကြားရတော့ လွှတ်တော်တခုလုံး လက်ခုတ်တီး ကောင်းချီးသြဘာ ပေးကြတယ်။ နိုင်ငံသား ပြည်သူများ ဝမ်းမြောက်ဝမ်းသာ ကြတယ်။ ထိုသူများ အထဲတွင် စာရေးသူလည်း ပါဝင်ခဲ့တယ်။

သို့သော် တပါတ်လောက် အကြာမှာတော့ မဝမ်းမြောက်နိုင်ကြတော့။ အကြောင်းမှာ အကျဉ်းသား ၆၃၀၀ ကျော် လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာတဲ့အတွက် ဝေဖန်မှု အမျိုးမျိုးနဲ့ အားမရကြောင်း ပြောဆိုသံများ ကြားရတယ်။ အလားတူ မြစ်ဆုံဆည် ရပ်ဆိုင်းမဲ့ကိစ္စ အပေါ်တွင်လည်း ဒေသခံများ သံသယနဲ့ စောင့်ကြည့်နေရတယ်။ “အကျဉ်းသားများ ထပ်မံလွှတ်ပေးကောင်း လွှတ်ပေးမယ်။ မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ကောင်းရပ်မယ်” အစရှိတဲ့ မရှင်းလင်းတဲ့ သုံးသပ်ချက်တွေနဲ့ ပြောဆိုခဲ့ကြတယ်။

သို့ရာတွင် သိသာထင်ရှားတဲ့ အရာတခုကတော့ ထာဝရငြိမ်းချမ်းရေးကိစ္စ ဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး  ပစ်ခတ်သံများ သိတ်ဆိတ်ရမဲ့အစား ဆန့်ကျင်ဘက်အဖြစ် ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာ အမြှောက်သံ သေနတ်များ ပိုမိုကျယ်လောင်စွာ ကြားလာရတယ်။ ပစ်ခတ်သူ အချင်းချင်းနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူများ သတ်ဖြတ်ခံရ၊ အဓမ္မပြုကျင့်ခံရ၊ ရပ်ရွာပြောင်းရွှေ့ခံရ စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေ ပိုမိုဆိုးရွား လာတာကို တွေ့ရတယ်။  

သာဓကများကို ဖေါ်ရလျှင် တရုတ်- မြန်မာအခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော်ရဲ့ သုံးသပ်ချက်အရ ဇွန်လ ၉ ရက်ကစပြီး အစိုးရဘက်မှ တပ်ရင်းပေါင်း ၃၀ ကျော် ၄၀ ရင်းနဲ့ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက် တပ်အကြား တိုက်ပွဲဖြစ်ပွားရာမှာ KIO ဘက်မှ ၁၄၀ ၀န်းကျင်ခန့် ထိခိုက်သေကျေ ဒဏ်ရာရရှိပြီး အစိုးရဘက်မှ ၈၀၀ ကျော် သေကျေ ဒဏ်ရာရရှိခဲ့တယ်။ နှစ်ဖက်တပ်များရဲ့ ထိခိုက်သေဆုံးမှုမှာ ၁၀၀၀ ခန့်လောက်ရှိသွားပြီ။ ဒါ့အပြင် ကချင်ပြည်သူ ၃၀၀၀၀ ကျော်လည်း ပြည်တွင်း ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရတယ်။ ထိုမျှမက ဒေသခံ အမျိုးသမီး ၆၀ ကျော် အဓမ္မပြုကျင့်၊ အသတ်ခံရတယ်လို့လည်း ကချင်အမျိုးသမီးအဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြထားတယ်။

အထက်ပါ ထိန့်လန့် ကြောက်မက်ဖွယ် ဖြစ်ရပ်များကား အစိုးရဲ့ ကြေငြာသံများနဲ့ ဆန့်ကျင် ကွဲပြားနေတာကို တွေ့ရတယ်။  အစိုးရသစ်က ဒီမိုကရေစီလမ်းစဉ်သို့ ချီတက်နေပြီလို့ ကြွေးကြော်နေတဲ့အတွက် ဒီမိုကရေစီကျင့်စဉ်နဲ့ လူ့အခွင့်အရေးကို လေးစား၊ တည်ငြိမ်ရေးကို လိုလားတဲ့ နိုင်ငံတွေရဲ့ လူသားတွေအပေါ်  တန်ဘိုးထားကြပုံကို လေ့လာသင့်တယ်။ အဆိုပါ နိုင်ငံတွေမှာ သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံလာရင် ထိခိုက်သေကြေမှု နည်းအောင်၊ မလွဲမရှောင်သာ ထိခိုက်သေကျေမှုနဲ့ ကြုံလာရင် အစိုးရက ကယ်ဆယ် ပေးတယ်။ မသန်မစွမ်း မသွားလာနိုင်သူများကို စက်ခလုတ်ဘီးများ ပေးပြီး ပတ်ဝန်းကျင်ကို သွားလာနိုင်ရန် အကူအညီပေးတယ်။ သက်ကြီးရွယ်အိုများကို  ပြုစုစောင့်ရှောက်ရာ ဌာနတွင် ထားပြီး လူတွေရဲ့ အသက်ကို တန်ဘိုးထား စောင့်ရှောက်ကြတယ်။  

သို့သော် လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားကတော့ အစိုးရသစ်အနေနဲ့ ထိုသို့ကူညီကယ်ဆယ် ရမဲ့အစား KIO ကို တိုက်ခိုက်နေတယ်။ ထိုသို့ တိုက်ခိုက်ရာတွင် အစိုးရစစ်တပ်မှ ဓါတုလက်နက်တွေနဲ့ ပစ်ခတ်နေပြီးလို့တောင် BBC သတင်းကတဆင့် ကြားသိရတယ်။ တိုက်ပွဲကြောင့် နှစ်ဘက်တပ်သား အမြောက်အများ သေဆုံးနေတာတွေဟာ အစိုးရမှ နိုင်ငံသားများကို သတ်ဖြတ်နေတာနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်သို့ ချီတက်စ ဖြစ်တဲ့အတွက် အခြားဒီမိုကရေစီ နိုင်ငံများနည်းတူ လူမှု ကူညီကယ်ဆယ်ရေး အစီအစဉ်များကို နောက်မှာထား၊ နိုင်ငံသားများကို မသတ်မိအောင်တော့ အစိုးရအနေနဲ့ သက်သေပြဖို့ လိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ မှန်ကန်တဲ့ လမ်းကြောင်းဘက်သို့ မတွေ့ရသေးတဲ့အတွက် မြန်မာ့အရေးဆိုင်ရာ ပါလီမာန်အမတ်များအဖွဲ့ (AIPMC) က ဤကဲ့သို့ အကြံပြု တိုက်တွန်းသွားသေးတယ်။ AIPMC က အခြေခံကျတဲ့ အပြောင်းအလဲဟာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် သာမက တိုင်းရင်းသား ခေါင်းဆောင်တွေပါ ပါဝင်ခွင့်ပြုမှ တနိုင်ငံလုံး တွေ့ဆုံနွေးပွဲလို့ မှတ်ယူကြောင်း ထောက်ပြသွားတယ်။

တဖန် အပြောင်းအလဲနဲ့ ပတ်သက်ပြီး သမ္မတ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံမေးမြန်းခန်တခုးမှာ “ပြုပြင်ပြောင်းလဲရေးကို လုပ်နေတဲ့ အခြေအနေမှာ တိုးတက်မှုလည်း လိုအပ်တယ်။ တည်ငြိမ်မှုလည်း လိုအပ်တယ်။ တိုးတက်တည်ငြိမ်မှုကို စနစ်တကျ ချုပ်ကိုင်ထားဖို့ ဆိုတာ လွတ်လပ်မှုလည်း လိုအပ်တယ်။ ဒီသုံးခုကို မျှမျှတတ ချိန်ညှိပြီးသွားရမယ်။” လို့ ပြောသွားတယ်။

ဒါပေမဲ့ ယ္ခုဖြစ်ရှိနေတဲ့ အပြောင်းအလဲက တိုးတက်မှု၊ တည်ငြိမ်မှုနဲ့ လွတ်လပ်မှုတို့ကို ထိန်းညှိနေတဲ့ အနေအထားလည်း မရှိဘူး။ တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေးနဲ့ တနိုင်ငံလုံး အတိုင်းအတာ နိုင်ငံရေး တွေ့ဆုံဆွေးနွေး လမ်းကြောင်းအတွက်လည်း အစိုးရသစ်က ဖွင့်ပေးထားတဲ့ အနေအထား မတွေ့ရသေးဘူး။

ဒါဆိုရင် အစိုးရသစ် ထုတ်ပြန်ကမ်းလှမ်းနေတဲ့ ငြိမ်းချမ်းရေးဟာ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွန်မော် အဓိပ္ပါယ် ဖွင့်ဆိုသွားတဲ့အတိုင်း တိုက်ပွဲတွေ မရှိရင် ငြိမ်းချမ်းသွားပြီလား။ လက်နက်တွေကို နိုင်ငံတော်ကို အပ်လိုက်ရင် ပြီးသွားပြီလို့ ဆိုတဲ့ငြိမ်းချမ်းရေး စံချိန်စံညွှန်းလား။ တနည်းဆိုရသော် န ဝ တ/ န အ ဖ လက်ထက်မှာကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖဲ့ထုတ်ပြီး နောက်ဆုံးမှာ နှိမ်နင်းသွားမဲ့ ငြိမ်းချမ်းလား စတဲ့လားပေါင်းများစွာနဲ့ ရင်တမမ ထိန့်လန့်နေရတဲ့ အနေအထားပါ။

ထိုသို့မဟုတ်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Reach lecture မှာ ပြောကြားသွားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အပြောင်းအလဲမျိုးနဲ့ ယခုအချိန်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့ ငြိမ်းချမ်းရေး ပုံစံနဲ့ အပြောင်းအလဲတွေကို ဖေါ်ဆောင်သွားမှာလား စသဖြင့် သံသယနဲ့ စောင့်ကြည့်နေရကြောင်းပါ ခင်ဗျား။

10/ 11/ 2011

0 comments:

Post a Comment