Tuesday, November 29, 2011

Filled Under: , ,

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်၊ သုံးသပ်ရေးကော်မရှင်


 ရှေ့နေဦးမင်းလွင်ဦး
 အာရှလူ့အခွင့်အရေးကော်မရှင်

Commission for Legal Affairs and Special Cases
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်၊ သုံးသပ်ရေးကော်မရှင်

အရပ်သားအမည်ခံ အစိုးရသစ် ရဲ့ လက်ထက်မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေကိုဖွဲ့စည်းထားရှိပြီး တဲ့နောက်ပြည်သူ့လွှတ်တော်ကနေပြီး ကော်မရှင်အဖွဲ့ ၁၉ ဖွဲ့ကိုဖွဲ့စည်းထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပ တဲ့ပြည်သူ့လွှတ်တော်ရဲ့ ၄၈ ရက် မြောက်နေ့မှာပြည်သူ့လွှတ်တော်ဥက္ကဌက သြဂုတ်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းခဲ့တဲ့ တည်ဆဲဥပဒေ များအားစိစစ်သုံးသပ်ရေးကော်မရှင် ရဲ့အမည်ကို ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာ၊ဆန်းစစ်၊သုံးသပ်ရေးကော်မရှင်အဖြစ် အမည်ပြောင်းဖို့နဲ့ တနှစ်သက်တမ်း အဖြစ် တာဝန် ပေးမဲ့သူများကိုလည်းရွေးချယ်ခန့်အပ်ဖို့ တင်ပြလာတာကိုတွေ့ရပါတယ်။ အမည်ပြောင်းပေမဲ့အနှစ်သာရမပြောင်းဘူးဆိုရင်တော့ဘာမှပြောစရာမလိုပါ။ နဂိုမူလ အမည်က တည်ဆဲဥပဒေများအားစိစစ်သုံးသပ်ရေးကော်မရှင်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လက်ရှိလိုက်နာကျင့်သုံးနေတဲ့ဥပဒေတွေကိုစိစစ်သုံးသပ်ပြီး၊ ပြင်ဆင်သင့်၊ဖြည့်စွက်သင့်၊ ခေတ်ကာလနဲ့မညီညွတ်တော့ရင် ဖျက်သိမ်းသင့် ရင်ဖျက်သိမ်းဖို့ပြည်သူ့လွှတ်တော်ကို အကြံပြုတင်ပြရမှာဖြစ်ပါတယ်။ အမည်ပြောင်းတဲ့နေရာမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ၊ဆန်းစစ်၊ သုံးသပ်ရေး ကော်မရှင်အဖြစ်ပြောင်းလဲလိုက်တဲ့အတွက် တည်ဆဲ ဥပဒေများသာမကပဲ အသစ်ပြဌာန်းမဲ့ ဥပဒေများကိုပါ စိစစ်သုံးသပ်ရမဲ့ကော်မရှင်အဖြစ် လုပ်ပိုင်ခွင့်တွေပြောင်းလဲသွားတာကိုတွေ့ရမှာပါ။ အထူးကိစ္စရပ်များဆိုတဲ့စကားရပ် နဲ့ပတ် သက်လို့တော့ ဘယ်လိုကိစ္စရပ်များဖြစ်တယ် ဆိုတာကို အနက်အဓိပါယ်ရှင်းပြထားတာ မတွေ့ရပါဘူး။ ဒီလိုပြောင်းလဲဖွဲ့စည်းတဲ့နေရာမှာ ဘယ်သူတွေတာဝန်ယူမလဲဆိုတာကလဲ စိတ်ဝင်စား စရာကောင်းပါတယ်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌဖြစ်သူ ဦးနန္ဒကျော်စွာ ကဥက္ကဌဖြစ်ပြီး ဒုဥက္ကဌများအဖြစ် အမ်းမဲဆန္ဒနယ်က ဦးသိန်းဆွေ၊နဲ့မြိတ်မဲဆန္ဒနယ်မှ ယုဇန ဦးဌေးမြင့်တို့က တာဝန်ယူကြမှာဖြစ်တယ်။ကျန်တဲ့အဖွဲ့ဝင်တွေထဲမှာ အငြိမ်းစားယူထားတဲ့ သံအမတ်၊နိုင်ငံခြားရေးဌာနကညွန်ချုပ်၊တရားလွှတ်တော်ညွန်ကြားရေးမှူးချုပ်နဲ့ညွန်ကြားရေးမှူး၊ အငြိမ်းစားပါမောက္ခများနဲ့လက်ရှိပါမောက္ခများ၊ ကာကွယ်ရေးဦးစီးဌာန စစ်ဥပဒေချုပ်ရုံး၊ အငြိမ်းစားရှေ့နေချုပ်ရုံးညွန်ကြားရေးမှူးနဲ့ အငြိမ်းစားတိုင်းဒေသကြီးဥပဒေအရာရှိတို့ပါဝင် ပြီးနိုင်ငံရေးပါတီများမှ လွတ်လပ်တဲ့သူများလို့ဆိုနိုင်တဲ့ တရားလွှတ်တော်ချုပ် ရှေ့နေဦးမြင့် လွင် နဲ့ တရားလွှတ်တော်ချုပ်ရှေ့နေဦးသန်းမောင်တို့ ၂ ဦးသာပါဝင်တာကိုတွေ့ရပါတယ်။ ဥပဒေကျွမ်းကျင်သူများပါဝင်လာတာတွေ့ရပေမဲ့ လွတ်လပ်စွာဆောင်ရွက်နိုင်မဲ့သူများလို့ တော့မဆိုနိုင်ပါဘူး။ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့တာဝန်များကိုဖေါ်ပြရာမှာ ကော်မရှင်ဟာ အထူး ကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍လေ့လာ ဆန်းစစ် သုံးသပ်ပြီး လွှတ်တော်ဥက္ကဌ မှတဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရမယ် လို့ဖေါ်ပြထား ပါတယ်၊
ကော်မရှင်အဖွဲ့ဝင် များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများပါပြဌာန်းချက်များကိုမဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်ရှိတယ်လို့ ဆိုထားတဲ့အတွက် အကန့်အသတ်နဲ့သာဆောင်ရွက်နိုင်မယ် ဆိုတာ ပြောစရာမလိုပါဘူး။
နိုင်ငံတကာအစိုးရများရဲ့လွှတ်တော်တွေမှာလဲ ယခုလိုမျိုး ဥပဒေများကို လေ့လာ သုံးသပ်ဖို့ ဥပဒေပညာရှင်များပါဝင်တဲ့ကော်မရှင်တွေ၊ဒါမှမဟုတ် အဖွဲ့တွေ ကိုဖွဲ့စည်း လုပ်ဆောင်တာ တွေကိုတွေ့ရမှာဖြစ်တယ်။ ဒီလိုဖွဲ့စည်းလိုက်တဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ပြည်သူတွေ အတွက် အကျိုးရှိမဲ့၊ ပြည်သူတွေရဲ့အခွင့်အရေးတွေကို အကာအကွယ်ပေးမဲ့ ဥပဒေများ ပြဌာန်းနိုင်အောင် လေ့လာ၊ သုံးသပ်၊ ဆန်းစစ်ပြီး ခေတ်နဲ့ အညီပြင်ဆင်သင့်တာ ကိုပြင်ဆင် နိုင်အောင် ပြည်သူ့လွှတ်တော်၊ အစိုးရအာဏာပိုင်အဖွဲ့ အစည်းနဲ့ ဥပဒေပြုရေး ကဏ္ဍတွေကို တဖက်တလမ်းက ထောက်ပံ့ကူညီပေးရတာဖြစ်တယ်။
အစိုးရသစ်လက်ထက်မှာပြဌာန်းခဲ့တဲ့ ဥပဒေတွေ၊ ဥပဒေအဖြစ်ပြဌာန်းပေးဖို့မူကြမ်းတင်သွင်း တာတွေကိုလေ့လာကြည့်ရင် လယ်ယာမြေဥပဒေမူကြမ်းကို ကြံ့ဖွံ့အတွင်းရေးမှူးလုပ်ခဲ့တဲ့ ဦးဌေးဦး၊ လွတ်လပ်စွာစီတန်းလှည့်လည်ဆန္ဒဖေါ်ထုတ်ရေးဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီး လုပ်ခဲ့တဲ့ဗိုလ်ချုပ်မောင်ဦးစတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းရဲ့အမတ်မင်းများကသာ ဦးဆောင် တင်သွင်းနေပြီးပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကလဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မကန့်ကွက်နိုင်အောင် ထိုင်၊ထ ဗြောင်မဲပေးစံနစ်ကိုကျင့်သုံးတာ၊ ဆွေးနွေး တိုင်ပင်ညှိနှိုင်းဖို့ လုံလောက်တဲ့အချိန်မပေးတာ အကြံပြုတင်ပြချက်တွေဟာ လက်ရှိအစိုးရ အတွက်အကျိုးထိခိုက်စေမဲ့ကိစ္စရပ်ဖြစ်နေရင် ပြန်လည်ရုပ်သိမ်းခိုင်းတာစသဖြင့် နည်းမျိုစုံနဲ့ပိတ်ပင်ဟန့်တားထားတာကိုတွေ့ရပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဌ ကလည်း ၁၆-၁၁-၂၀၁၁ ရက်ပြည်သူ့လွှတ်တော် ၄၈ ရက် မြောက် အစည်းအဝေးမှာ ဥပဒေရေးရာနှင့် အထူးကိစ္စများလေ့လာဆန်းစစ်သုံးသပ်ရေး ဖွဲ့ စည်းခဲ့သည်မှာ အလွန်သင့်မြတ်သည်ကိုတွေ့ရကြောင်း၊ အမျိုးသားလွှတ်တော်၌လည်း ဥပဒေ ပညာရှင်များပါဝင်သော အကြံပေးအဖွဲ့ဖွဲ့စည်းရန်ယခင်ကပင်စဉ်းစားထားပါကြောင်း ပညာရှင်များအတွက်ပုံသေလစာနဲ့အဆောင်အယောင်များ အတွက်ပါ ဥပဒေတရပ် ပြဌာန်း ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ စဉ်းစားနေ၍ နှောင့်နှေးနေတာဖြစ်ကြောင်း ထိုသို့ သောကော်မရှင်များထံမှ မှန်ကန်သောဥပဒေရေးရာအယူအဆများနဲ့အကြံဥာဏ်များ ရယူနိုင် သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှသဘောထားမှတ်ချက်ယူရန် လိုအပ် ခြင်း ရှိချင်မှရှိတော့မှာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က မှတ်ချက် ပေးထားတာကိုတွေ့ရပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်သူ့လွှတ်တော်က နေအတည်ပြုပေးလိုက်တဲ့ဥပဒေကို အမျိုးသားလွှတ်တော်က ထပ်မံဖြည့်စွက်ချက် တွေနဲ့ ဥပဒေအစိတ်အပိုင်းအဖြစ်အတည်ပြု ပြီးဥပဒေရေးဆွဲရေးကော်မတီက ဥပဒေအဖြစ်ပြဌာန်းနိုင်ဖို့ရေးဆွဲတဲ့ လုပ်ငန်းရပ်တွေကို လုပ်ဆောင်ရာမှာယခုအမည်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်၊ သုံးသပ်ရေးကော်မရှင်ရဲ့ အခန်းကဏ္ဍက ပိုမိုအဓိက ကျတဲ့နေရာ ကပါဝင် လာတာကိုတွေ့ရပါတယ်။ ပြည်သူတွေကိုအကျိုးပြုမဲ့ဥပဒေတွေကိုအလွယ်တကူမပြဌာန်းနိုင်အောင်စီမံဆောင်ရွက်တာ
လား ဒါမှမဟုတ် အာဏာပိုင်များနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများလွတ်လပ်စွာလုပ်ကိုင်ဆောင် ရွက်နိုင်ဖို့ ဥပဒေတွေပြင်ဆင်ပြဌာန်းပေးဖို့ဆောင်ရွက်မှာလားဆိုတာကိုတော့ စောင့်ကြည့် ရမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ

0 comments:

Post a Comment