Tuesday, November 29, 2011

Filled Under: ,

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ်ဆွေးနွေးခြင်း.....၂၉ နိုဝင်ဘာ ၂၀၁၁


Friday BBC Evening Broadcast, 25 November 2011
ကမ္ဘာ့အရေး ၊ မြန်မာ့အရေး

မေး = မောင်မောင်သန်း

သောတရှင်များခင်ဗျာ။ အခုလက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးတိုးတက်မှုတချို့ကိုကြိုဆိုပေမယ့် လူ့အခွင့်အရေးကိစ္စတွေကတော့ လုပ်စရာတွေအများကြီးရှိသေးတာကို တော်တော်များများ ထောက်ပြထားပါတယ်။ မြန်မာအစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အချိန်တိုအတွင်းလျှင်လျှင်မြန်မြန်လုပ်နေတယ်လို့ ကြေညာထားပေမယ့်လို့ လူ့အခွင့်အရေးကိစ္စတွေဘာကြောင့်အားနည်းနေသေးတာလဲ။ ဘာအဟန့်အတားတွေရှိနေလို့လဲ။ဒီအကြောင်းပြောကြဆိုကြမှာပါ။

ပြည်တွင်းကတိုင်းရင်သားစည်းလုံးညီညွှတ်ရေးပါတီပြည်သူ့လွတ်တော်အမတ်
ဦးမန်းမောင်မောင်ဥာဏ်၊ AHRCလို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်မှရှေ့နေ ဦးမင်းလွင်ဦး နဲ့ SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားကာကွယ်ရေးအသင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ယင်းဟန်ဖ တို့ပါဝင်မှာဖြစ်ပါတယ်။

မေး။ ။အခုကုလသမဂ္ဂ အစည်းအဝေးရဲ့တွေ့ရှိချက်တွေက နှစ်တိုင်းလဲ သူတို့ဒီလိုဘဲထောက်ပြနေတာလေ။ ဒီနှစ်ကောဘာများထူခြားချက်တွေရှိသလဲ။ ဦးမင်းလွင်ဦး စပြီး ပြောပြ ပါခင်ဗျာ။

ဦးမင်းလွင်ဦး။ ။ဒီနှစ်မှာ ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ဖတ်ကြည့်တဲ့ အခါမှာ အထူးသဖြင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေက ယခင်အစိုးရလက်ထက်ကလိုဘဲ ဆက်လက်ဆိုးဝါးနေဆဲဖြစ်တယ်ဆိုတာကို သူတို့ထောက်ပြထားတယ်။ အဲဒီလိုထောက်ပြတဲ့အခါမှာ (တစ်) အချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ
မလွှတ်သေးတဲ့ကိစ္စ (နှစ်)အချက်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာ စစ်တပ်ဘက်က နေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှူတွေဟာ စနစ်တကျလုပ်ဆောင်နေတဲ့ပုံစံတွေဖြစ်တယ်ဆိုတာကို ဖော်ပြထားတယ်။ နောက်ပြီးဒီလိုချိုးဖောက်မှုတွေကလည်း တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတယ်ဆိုတာကို သူတို့အထောက်အထားတွေနဲ့ပြောထားတာတွေရှိတယ်။

မေး။ ။စောစောကပြောတဲ့အထဲမှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ကိစ္စပြောတယ်၊ တဖက်ကလဲ သမ္မတ က တလောက အာဆီယံမှာ သတင်းထောက်တွေနဲ့တွေ့တော့ ဒီယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ သူတွေဆိုတာ သူလက်မခံနိုင်ဘူး ဥပဒေချိုးဖောက်တာလို့ ပြောတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေ အနေကို အခုကုလသမဂ္ဂတောင်မှ ထောက်ပြတော့ ပြည်တွင်းအစိုးရအနေနဲ့သဘောထားကွဲလွဲမနေဘူးလား။ ဦးမန်းမောင်မောင်ဥာဏ်ဘယ်လိုများဆွေးနွေးချင်လဲခင်ဗျာ။

ဦးမန်းမောင်မောင်ဥာဏ်။ ။လူ့အခွင့်အရေးဆိုတာက တော်တော်ကျယ်ပြန့်ပါတယ်။ ချက်ခြင်းလဲလုပ် လို့မရဘူး။ ချက်ခြင်းလဲပြေပျောက်အောင်လုပ်လို့မရဘူး။ လူ့သဘာဝဆိုတာတော့ ကြိုက်ရင်လဲအမျိုးမျိုး မကြိုက်ရင်လဲ တမျိုးပြောတက်တဲ့ သဘောရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကအမြင်ကတော့ နိုင်ငံတော်အနေနဲ့လဲကြိုးစားနေတယ်။ ခုနက ဦးမင်းလွင်ဦးပြောသွားတဲ့အထဲမှာ စနစ်တကျလုပ်နေတယ်ဆိုတာတော့မဟုတ်ဘူးခင်ဗျာ။ ကျွန်တော်ထင်တာတော့ တိုက်ဆိုင်မှုတွေပါ ။ အခုလည်း ငြိမ်းချမ်းရေးကိစ္စတွေဆိုရင် အတက်နိုင်ဆုံးကြိုးစားနေ ပါတယ်။ ဖြစ်တဲ့နေရာလေးတွေလဲရှိတယ်။ ဖြစ်ဖို့ကြိုးစားနေတဲ့နေရာလေးတွေလဲရှိတယ်။ ဆက်ပြီးကြိုးစားနေတဲ့နေရာလေးတွေလဲရှိတယ်။ ထောင်ထဲက ကိစ္စတွေကိုတော့ ကျွန်တော်တို့မသိဘူးခင်ဗျာ။ အစိုးရပြောသွားတာကတော့ မကြာခင်လွတ်ပေးနိုင်တယ်လို့ပြောသွားတယ်လေ။ ကျွန်တော်တို့လည်း လွှတ်ပေးမယ်လို့ထင်တာဘဲ။

မေး။ ။ ဆရာမန်းမောင်မောင် ခင်ဗျာ။ ဒီလိုပါ လွှတ်တော်အမတ်တွေက ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေတဲ့ သူတို့ ပုဒ်မ ၅(ည) တို့ ကိုတင်ပြဆွေးနွေးနေတဲ့အခါမှာ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် အရ သူတို့ကိုစဉ်းစားပေးမယ်ဆိုတာလဲ အသုတ်လိုက် လွှတ်ပေးတာတွေလဲရှိတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ဝေါဟာရ ကိုအစိုးရအနေနဲ့ လက်မခံနိုင်ဘူးဆိုတာကို ကျွန်တော်တို့ ဒီနေရာမှာထောက်ပြနေတာ။ အရင်အစိုးရနဲ့ အခုအစိုးရ ဘာထူးလို့လဲ။

ဦးမန်းမောင်မောင်ဥာဏ်။ ။ကျွန်တော့်အမြင်ကတော့ ဒီမှာ ၀ိဝါဒတွေ ကွဲနေ တာတွေရှိ တယ်။ တချို့ကတော့ နိုင်ငံရေးယုံကြဉ်ချက်ရှိတယ်ဆိုတာအမှန်ဘဲ။ ဒီ ယုံကြည်ချက်နဲ့လှူပ်ရှားလို့ အရေးယူခံရတယ်၊ တချို့ကတော့ ဒီယုံကြည်ချက်ကိုအစွဲပြုပြီးတော့ ရာဇ၀တ်မှုတွေဖြစ်သွားတဲ့အခါကျတော့ မှုခင်းတွေဖြစ်သွားပြန်ရော။ ဒီလိုမြင်ရမယ်လေ။ ဒီလိုအပိုင်းလိုက်ကိုစေလွတ်တဲ့အခါမှာ ခုနက တပိုင်းတပိုင်းဖြစ်သွားတဲ့လူတွေက သူ့အပိုင်းနဲ့သူ ဖြစ်သွားမှာဘဲလေ။ ဒါပေမယ့် ကျန်တဲ့လူတွေလဲဖြစ်မှာပါဘဲ။

မေး။ ။ ဦးမန်းမောင်မောင်ဥာဏ်ကတော့ ဒီသဘောထားကွဲလွဲနေတယ်။ ယုံကြည်ချက်ကြောင့်အမှန်လှုပ်နေတဲ့လူတွေလဲရှိတယ်။ တချို့ကျတော့လဲ ဥပဒေနဲ့ ညိတယ်လို့ပြောတယ်။ ဦးမင်းလွင်ဦး တို့လက်ခံနိုင်ပါ သလား။

ဦးမင်းလွင်ဦး။ ။ ကျွန်တော်အဲဒါကိုတော့လက်ခံလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကောင်စီကနေပြီးတော့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတယ်လို့ ဆုံးဖြတ်ထား တဲ့လူတွေရှိတယ်။ အဲဒီထဲမှာ ရှမ်းတိုင်းရင်းသာခေါင်းဆောင်ဦးခွန်ထွန်းတို့ အဖွဲ့ထဲကပါတဲ့လူတွေရှိတယ်။ ကျောင်းသားခေါင်းဆောင်ထဲက ကိုမင်းကိုနိုင်၊ ကိုကိုကြီးနောက်ပြီးလူ့အခွင့်အရေးကာကွယ်မြင့်တင့်သူ များကွန်ယက်က ဦးမြင့်အေး၊ ရွှေဝါရောင်သံဃာ့ လှူပ်ရှားမှုမှာဦးဆောင်ပါတဲ့ အရှင်ဂမ္ဘီရ တို့ကိုလွှတ်ပေး ပါဆိုပြီး တော့ လူအခွင့်အရေး ချိုးဖောက်မှူတွေနဲ့  ပတ်သက်ပြီးတော့ ပြောပြ ရှင်းပြ တောင်းဆိုနေတာ တွေဖြစ်တယ်။ရှေ့ ၃၊ ၄ နှစ်ကတည်းက တောင်းဆိုထားတဲ့တောင်းဆိုချက်တွေလည်းဖြစ်တယ်။ ဒါတွေကိုယခုတိုင်ဆက်လက်လုပ်ဆောင်မပေးဘဲ လစ်လျူရှုတဲ့အတွက်ကုလသမဂ္ဂ အထွေထွေ ညီလာခံက အခုလိုမျိုးဆုံးဖြတ်ချက်တွေချတယ်လို့ ကျွန်တော်သိရပါတယ်။

မေး။ ။ အခု ဦးမန်းမောင်မောင်ဥာဏ်ကတော့ စနစ်တကျ ချိုးဖောက်တယ် ဆိုတာကိုသူ လက်မခံဘူး တဲ့။ ဘယ်လိုများယူဆပါသလဲ။

ယင်းဟန်ဖ။ ။ဦးမန်းမောင်မောင်ဥာဏ် ပြောတာကတော့ တကယ်တမ်းကျလို့ရှင်ရင်ပြည်တွင်းအမြင်နဲ့ ပြောတာပေါ့နော်။ ပြည်တွင်းမှာဆိုတော့ အမှန်တရားကိုပြောခွင့်မရှိဘူးလေ။ ကျွန်မတို့ပြည်ပအနေနဲ့တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်ပက တွေ့တယ်လေ။ သူတို့ထွက်ပြေးလာတယ်။ ကျွန်မတို့ အနေနဲ့တွေ့တယ်။ သွားပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ်။ သူတို့အနေနဲ့လည်း တကယ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စနစ်တကျ ချိုးဖောက် နေတယ်ဆိုတာကိုပြောပြတယ်။ အစိုးရကနေချိုးဖောက်တယ်။ တကယ်ဘဲ သူတို့ကိုတိုင်လည်းခံရတယ်။ လယ်မြေသိမ်း၊ အိမ်မီးရှို့၊ အမျိုးသမီးဆိုရင်လည်း မုဒိန်းကျင့်ခံရတယ်။ မတရားဖမ်းဆီးထောင်ချမှုတွေလည်းရှိတယ်။ အဲဒါတွေဟာ ယနေ့ထိရှိနေတုံးဘဲ။ အစိုးရတွေကသာ အသစ်ပြောင်းလဲတယ်ဆိုပေမယ့် အခုထိတိုင်ဆက်လက်ချိုးဖောက်မှူတွေရှိနေတယ် ဆိုတာကို ကျွန်မတို့ ဖက်က သက်သေအထောက်အထားအပြည့်အစုံနဲ့ ရပ်တည်နိုင်ပါတယ်။

မေး။ ။ ပြည်တွင်းစစ်ပုံစံ ဖြစ်နေတော့ အစိုးရဘက်က ကျူးလွန်တယ်၊ တိုင်းရင်းသားဘက်က ကျူးလွန်တယ် ဆိုတာ ဘယ်လိုမျိုး ခွဲခြားပြီးတော့ စာရင်းကောက်ပါသလဲ။

ယင်းဟန်ဖ။ ။ ပြည်တွင်းမှာ ကျွန်မတို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့ က နေ ကျွန်မတို့နဲ့ အဆက်အသွယ်အမြဲတမ်းရှိနေတော့ Update တွေကိုသိနေတယ်။ဥပမာ- ပြီးခဲ့တဲ့ ၁၉ ရက်နေ့တုံးက Peace Talk လုပ်တုန်းက တိုင်းရင်းသားလက်နက်ကိုင်(၄) ဖွဲ့နဲ့ ဆွေးနွေးနေတဲ့ အချိန်တောင်မှဘဲ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီလိုတိုက်ပွဲဖြစ်နေပြီးတော့ နယ်စပ်မှာ Peace Talk လာလုပ်တယ်။ နိုင်ငံတော်အစိုးရကနေပြီးတော့ တကယ်ဘဲ Peace Talk လုပ်မယ်၊ Human Right Commission  တွေဖွဲ့လာတယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကူညီဖို့ အရေးယူဖို့ ဆိုတာတွေကို လုပ်လာတယ် ဆိုပေမယ့်လက်တွေ့ မှာမဟုတ်ဘူး။ အပြောနဲ့ အလုပ်နဲ့ မညီဘူး ဖြစ်နေတယ်။ ကျွန်မတို့အနေနဲ့ ကတော့ ဦးမန်းမောင်မောင်ဥာဏ်ပြောတာတွေကို လက်မခံချင်ဘူး။

မေး။ ။ဦးမန်းမောင်မောင်ဥာဏ်၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမြင်ကိုတင်ပြပါ အုန်း။

ဦးမန်းမောင်မောင်ဥာဏ်။ ။ ကျွန်တော့အမြင်ကတော့ စစ်ဆိုတာ ကလေးကစားတာ မဟုတ်ဘူးခင်ဗျာ။ သေနတ် နဲ့ တစ်ယောက်နဲ့ တစ်ယောက်ပစ်ကြတာ ။ အဲဒီလိုပစ်တဲ့အခါမှာ သေနတ်စက်ကွင်းထဲမှာဝင်တဲ့ သူဟာ လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်သေနိုင်တာဘဲ။ ဟိုဘက်ဒီဘက်ပေါ့ ။ဒါ စစ်ရဲ့သဘောတရား ပြောတာပါ။ဒါပေမယ့်ခုနက လူ့အခွင့်အရေးကိုပြန်ပြောမယ်ဆိုရင် စနစ်တကျစီစဉ်ပြီး လုပ်တယ် ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်ပါတယ်။ ခုနကပြောတဲ့တိုက်ဆိုင်မှုတွေဖြစ်ရင်ဖြစ်နိုင်တယ်။ အဲဒါကတစ်ပိုင်း။
ဒုတိယအချက်က ကျွန်တော်ဘာပြောချင်လဲဆိုတော့ ဖမ်းဆီးထားတဲ့ကိစ္စတွေ။ ဒီကိစ္စတွေဟာ ဟိုအရင်အစိုးရတုန်းက ဖမ်းဆီးထားတဲ့ ကိစ္စတွေ။ ဘယ်လိုပြစ်မှူလဲ၊ ဘယ်လိုအမှုလဲဆိုတာကို ကျွန်တော်တို့ အစိုးရသစ်က အကုန်လုံးသိမှာမဟုတ်ဘူး။ တစ်နှစ်ပြီးတစ်နှစ် စီစစ်ပြီးသူလွှတ်နေတာဘဲ။ ခင်ဗျားတို့ပြောတဲ့ မင်းကိုနိုင်တို့ဆိုတာ တနေ့လွတ်မှာပါဘဲ။

မေး။ ။ဦးမင်းလွင်ဦး အနေနဲ့ကော ခုနက အရင်အစိုးရဖမ်းတယ်၊ ဒီအစိုးရက စုံစမ်းစစ်ဆေးပြီးတော့ ရာဇ၀တ်မှုနဲ့ မညှီရင်လွတ်မယ်။ အဲဒီလိုဟာမျိုးတွေရော ဟိုယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေလက်ခံသလား။

ဦးမင်းလွင်ဦး။ ။ ဟုတ်ကဲ့ ကျွန်တော့အနေနဲ့ ဦးမန်းမောင်မောင်ဥာဏ် ပြောတဲ့ အပေါ်မှာ ဖြေရှင်းချင်ပါတယ်။ ကျွန်တော်တို့ဒီ ၂၁ ရက်နေ့ကဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မှာ စစ်ဖြစ်လို့ လူတွေသေတယ်ဆိုတာ မှန်ပါတယ်။ အကြံပြုတင်ပြချက်မှာလည်း ဒီအစီရင်ခံ စာထဲမှာရေးထားတာတွေ့ရတယ်။ အဲဒါကတော့ စစ်တပ်အဖွဲ့အစည်းတွေမှာ လူသားချင်းစာနာမှုဥပဒေကိုနားလည် အောင်သင်တန်းပေးဖို့လိုတယ် ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကို ထည့်ရေးထားတာကို ကျွန်တော်တို့တွေ့ရမှာပါ။ နောက်တစ်ခါ အကျဉ်းသား ကိစ္စတွေနဲ့ ပတ်သက်လို့ ယခင်စစ်အစိုးရလက်ထပ်က ဖြစ်တာမို့ ယခုအစိုးရသစ်က နားမလည်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားလို့ဘဲပြောပြော ယုံကြည်ချက်အကျဉ်းကျနေ သူတွေပြောပြော သူတို့ကိစ္စအတွက် ဂျနီဗာ မှာအမြဲတမ်း ယခုနိုင်ငံခြားရေးဝန်ကြီးဖြစ်နေတဲ့ ဦးဝဏမောင်လွင် ကခုခံခြေပ ပြောဆိုခဲ့တာတွေရှိတယ်။ နောက်ပြီးတော့ တရားရုံးချုပ် သံအမတ်ကြီးတွေနဲ့ စာပေးစာယူလုပ်ထားတဲ့ကိစ္စရပ်တွေရှိနေတဲ့ အတွက် ဒါတွေကို မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူးဆိုတာ ကျွန်တော့ အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။နောက်ပြီးတော့ တခါ  Mrs. Clinton ကလည်း သူတို့ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ပက်သက်လို့ ရှိရင် တိုင်းရင်းသားဒေသက ကိစ္စတွေလည်း ဘဲ ဘာကြောင့်မို့လို့ ဒီဟာတွေကို ချက်ခြင်းမဖြေရှင်းနိုင်တာ ဆိုတာကို တွန်းအားပေးသွားဖို့ရှိတယ်။ တကယ်လို့ အဲဒီကိစ္စတွေကို ပြောမယ်ဆိုရင် ယင်းဟန်ဖ တို့အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ဒီလိုကိစ္စ တွေကို ဖြေရှင်းရင်ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာ ဘယ်လိုအကြံပြုချင်ပါသလဲ။
ယင်းဟန်ဖ။ ။ကျွန်မတို့အနေနဲ့အကြံပြုချင်တာက အခုနိုင်ငံတကာ ကလည်း မြန်မာပြည်ကို အာရုံစိုက်နေတယ်။ နောက်ပြီးဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague တောင်မှ ကြေညာထားတာကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှူတွေကို အသိအမှတ် ပြုတယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတုန်း ဘဲဆိုတာကို သူကို တိုင်ဘဲကြေညာထားတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်မတို့လည်း ရပ်တန်းကရပ်ဖို့ တောင်းဆိုနေတယ်။ အစိုးရသစ်ကလည်း လူ့အခွင့်အရေးကော်မရှင်ဆိုပြီးဖွဲ့လာတယ် ဆိုပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဟာဆက်လက်ရှိနေတုန်းဘဲ။ ဘာကြောင့်လဲဆိုတော့ သူတို့လက်လှမ်းမမီနိုင်ဘူးလေ။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု သူတွေကိုယ်တိုင်လည်း နိုင်ငံတော်အုပ်ချုပ်သူတွေဖြစ်နေတော့ အရေးယူဖို့လည်း ပြည်သူလူထု ကမတိုင်ကြားနိုင်ဘူး။ အခုက နိုင်ငံတကာကို မျက်လည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှူုတွေရှိတယ် ၊ နိုင်ငံရေး အကျဉ်းသားတွေမရှိတော့ ဘူးနဲနဲဘဲ ကျန်တော့ တယ် အဲဒီလိုမျိုးလျှောက်ကြေညာထားတယ်။ ဒါပေမယ့်လဲ ကုလသမဂ္ဂ အထွေထွေအစည်းအဝေးမှာတော့ မြန်မာနိုင်ငံဟာ မြောက်ကိုးရီယားနဲ့စာရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်တော် ဆိုးဝါးနေတယ်ဆိုတာကို ရှုံ့ချထားပါတယ်လေ။
မေး။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရွှေးကောက်ပွဲမတိုင်မီနဲ့ အခုအစိုးရသစ်တက်လာတဲ့ အခါမှာ ဘယ်ဟာက ပိုကောင်းလာသလဲ၊ဆိုးလာသလဲဆိုတာ ကိုရှင်းပါအုန်း။

ယင်းဟန်ဖ။ ။ ပိုဆိုးလာပါတယ်။ အခုလက်ရှိအချိန်မှာ ဥပမာ- ရှမ်းနဲ့ ကချင်မှာ ဆိုရင် March လကတည်းက နေ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲကြောင့် ပြည်သူလူထုကလည်း လူ့အခွင့်အရေးချိုးဖောက်မှုခံရတယ်။ လူတွေတောထဲမှာခိုလုံနေရတယ်။ အခုဆိုရင် ကချင်ဒေသမှာ ပိုဖြစ်နေတယ်။ ရွာလည်းမီးရှို့ပြည်သူလူထုတွေလည်း ပြေးပုန်းနေရတယ်။ အခုချိန်ထိ လျော့သွားတာမရှိဘူး ပိုတိုးလာတယ်။

ဦးမန်းမောင်မောင်ဥာဏ်။ ။ အဲဒါတော့ကျွန်တော် လက်မခံနိုင်ဘူးခင်ဗျာ။ ဘယ်ဟာလဲ ၊ဘာကိစ္စလဲ၊ ဘယ်အရေးမှာပိုဆိုးလာတာလဲဆိုတာကို ကျွန်တော်သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုအစိုးရ က ယခင်တပ်မတော်အစိုးရထက်စာရင် တော်တော်လေး ပြောင်းလဲလာတယ် ဆိုပြီးယူဆတာဘဲခင်ဗျာ။

 မေး။ ။အခု ကျွန်တော်တို့ ပြောလာတာ ဒီမြန်မာနိုင်ငံ မှာ ဒီ ကုလသမဂ္ဂ အထွေထွေညီလာခံ ကြီးက နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်ချက်ချလို့၊ ဒီနှစ်မှာလည်း မဲခွဲတဲ့အခါမှာ တော်တော်များများ လူ့အခွင့်အရေး အခြေအနေမကောင်းဘူး၊ တော်တော်များများ လုပ်ရအုန်းမယ် ထောက်ပြထားတယ်။ တကယ်တန်းကျတော့ နိုင်ငံရေးဖြစ်စဉ်တွေက ကောင်းလာတယ်လို့တချို့ကဝေဖန်ံတယ်။ လူ့အခွင့်အရေးတွေကျတော့ ဘာမှမထူးဘူးဆိုတဲ့ သဘော ဖြစ်နေတယ်။ ဘယ်နေရာမှာ အဟန့်အတားတွေဖြစ်နေသလဲ။ ဘာတွေလုပ်ရမလဲ ဦးမင်းလွင်ဦး သုံးသပ်ပေးပါ။

ဦးမင်းလွင်ဦး။ ။ ကျွန်တော်အမြင်တာကတော့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန်းက ရပ်သွားဖို့ဆိုရင် (တစ်) အချက်ကတော့ တရားဥပဒေ စိုးမိုးမှု အဓိကကျပါတယ်။ အစီရင်ခံစာထဲမှာ သူတို့သုံးသပ်တာကလည်း - ဥပမာ အားဖြင့်ပြောရင် ကလေးစစ်သားကိစ္စ ပါ။ အခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တယ်။ လူကုန်ကူးမှုဥပဒေ ကို မြန်မာနိုင်ငံမှာ ပြဌာန်းပြီး သားဖြစ်တယ်။ ကလေးစစ်သားအဖြစ်ရောင်းစားနေတဲ့ ကိစ္စတွေမှာ တစ်ချို့အမှုတွေ မှာ ရောင်းစားသူ၊ ၀ယ်တဲ့သူ ၊ လက်ခံတဲ့သူကောမိတယ်။ မိရဲ့သားနဲ့ ဥပဒေမှာ ပါတဲ့အတိုင်း စစ်ဆေးစီရင်မှုတွေမပြုဘဲ ကလေးကိုမိဘ အုပ်ထိန်းသူထံက ခိုးယူ သွားတယ်ဆိုတဲ့ လူခိုးမှုနဲ့ဘဲ ဖမ်းဆီးအရေးယူတဲ့ ကိစ္စတွေ ဒါတွေကိုပြင်ဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ- ဥပမာ ILO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ အောင်လံမှာရှိတဲ့ လယ်ယာမြေတွေသိမ်းထားတဲ့ ကိစ္စရပ်တွေလို ILO က ၀င်ရောက်ဖြေရှင်းတဲ့ အခါမှာ ၊ အစိုးရနဲ့IOL နဲ့ သဘောတူပြီး လယ်ယာမြေတွေကို ပြန်ပြီးပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရပြီးသားဖြစ်တယ် ။ သို့သော်လည်း လက်ရှိလယ်သမားတွေက မိမိ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေကို ၀င်ရိပ်တာတော်မှ အဖမ်းခံပြီးတော့ မနေ့တနေ့ မှပြန်လွတ်လာတာတွေရှိတယ်။ အဲဒီအကျိုးကို ၀င်ရောက်ဖြေရှင်းပေးတဲ့ လူတွေလဲအဖမ်းခံရတယ်။ ပြန်လွတ်လာတဲ့ လူတွေရှိတယ် ဆိုတာကို လက်ရှိအစဉ်းအဝေးဆုံးဖြတ်ချက်ထဲမှာထောက်ပြထားတာတွေရှိတယ်။ အဲဒါက မြန်မာနိုင်ငံ ရဲ့ လူ့အခွင့်အရေးတိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး ကိုဦးဆောင်ပြီးတော့ ဦးဆောင်ဦးရွက်ပြုဖို့လိုတယ်။ ပြဌာန်းဥပဒေတွေမှာပါတဲ့ အတိုင်းစစ်ဆေးဆောင်ရွက်ဖို့လိုတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။တရားဥပဒေစိုးမိုးရေးမရှိလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ဖြစ်နေတာတဲ့။

ဦးမန်းမောင်မောင်ဥာဏ်။ ။တရားဥပဒေက မရှိလို့မဟုတ်ဘူးခင်ဗျာ။ တရားဥပဒေကိုအပြည့်အ၀ မလိုက်နာကြသေးတာ။ ကျွန်တော်တို့လွတ်တော်ထဲမှာပြောနေတာကလည်း တိုင်းပြည်ကောင်းစားရေးအတွက်ပြောနေတာဘဲ။ ဒါပေမယ့် အောက်ခြေမှာ လာဘ်ပေးလာပ်ယူမှုတွေ၊ အနိုင်ကျင့်တာတွေရှိသေးတယ် အဲဒါက ချက်ခြင်းမဖြစ်နိုင်တာ ဒီ ၄၊၅၊ ၆ လနဲ့။ လုပ်တော့လုပ်နေတာဘဲ။ ဟိုအလုပ်သမား ကိစ္စတွေက လည်းကျွန်တော်တို့ဆီမှာ ILO နဲ့ပက်သက်ပြီးတော့ data တွေဘာတွေ လုပ်နေပြီ။

မေး။ ။ ဦးမန်းမောင်မောင်ဥာဏ်တို့က လွှတ်တော်အမတ်နေရာကနေပြီးတော့ ဘယ်လိုအကြံပြုချင်သလဲ။

ဦးမန်းမောင်မောင်ဥာဏ်။ ။ဘယ်လိုအကြံပြုမလဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလည်း အနှစ်လေးငါးဆယ်လောက် တပ်မတော်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာနေလာခဲ့တယ်ဆိုတော့ သူတို့ကိုလည်း ပညာပေးတဲ့ အပိုင်းတွေလည်းလိုတာဘဲ။ ကျွန်တော်တို့လွှတ်တော် မှာပြောနေဆို နေပေမယ့်လို့ ပြောဆိုခဲ့တဲ့ဥပဒေဟာ အောက်ခြေကိုချက်ခြင်းမရောက်နိုင်ဘူးခင်ဗျာ။ ဒီလိုမျိုးနဲ့ ဌာနကို ပြောလို့မရဘူးပေါ့ခင်ဗျာ။

မေး။ ။  ယင်းဟန်ဖ ကနေပြီးတော့ သုံးသပ်ပေးပါအုန်း။

ယင်းဟန်ဖ။ ။ လူ့အခွင့်အရေးချိုးဖောက်တဲ့လူတွေကိုယ်တိုင်အုပ်ချုပ်သူတွေဖြစ်နေတယ်။ အုပ်ချုပ်တဲ့လူတွေကိုတိုင် ကလည်း ချိုးဖောက်နေတယ်ဆိုတော့ ဘယ်လိုလုပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေပြန် အရေးယူလို့ရမလဲ။ ဒါကြောင့်လည်း အဲဒါကလည်း အဟန့်အတားဖြစ်တယ်။ ပြည်တွင်းမှ လူ့အခွင့်အရေးချိုးဖောက်တာကိုရပ်တန့်ပေးဖို့ ၊ပြည်တွင်းစစ်တွေရပ်ပေးဖို့ ၊နောက်ပြီးတိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပေးဖို့ reconciliation တွေ ကိုနောက်ဆုံးအကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာတိုးတက်ပြောင်းလဲလာမယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်တို့ဒီကနေ့ဆွေးနွေးတဲ့ အကြောင်းအရာကတော့ ကုလသမဂ္ဂအထွေထွေညီလာခံကနေပြီးတော့ မြန်မာနိုင်ငံ အပါအ၀င် အီရန်၊မြောက်ကိုးရီးယားတို့မှာ လူ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ၊ ချိုးဖောက်မှုတွေ ကိုထောက်ပြသွားတယ်။ တဖက်ကလည်းဒီအပေါ်မှာ အမြင်အမျိုးမျိုးရှိတယ်။ တိုးတက်ပြောင်းလဲမှု ၊ပြုပြင်မှုတွေလုပ်နေပြီ၊ တဖက်ကလည်း ဒါတွေဟာ မလုံလောက်သေးဘူး။နိုင်ငံတကာကလည်း စောင့်ကြည့်လေ့လာနေတယ်လို့ပြောတယ်။ တကယ့်တကယ် က တော့ နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်နေတယ်ဆိုပေမယ့်လို့ ခံစားနေရတဲ့ ပြည်သူတွေအထိတော့ မရောက်သေးဘူးလို့တချို့ကထောက်ပြထားတဲ့အတိုင်းများဖြစ်နေမလားဆိုတာ အခုမြန်မာ့အရေး ကမ္ဘာ့အရေးကနေပြီးတင်ဆက်လိုက်ပါတယ်။







0 comments:

Post a Comment