Tuesday, November 29, 2011

Filled Under:

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ မြန်မာပြည်တွင်း ကျင်းပ ... Mizzama

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ မြန်မာပြည်တွင်း ကျင်းပ



ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို တိုက်ပွဲများ ဖြစ်ပွား
နေသည့် ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် သုံးခုတွင် တက်ကြွ လှုပ်ရှားသူများက နိုဝင်ဘာ ၂၅ ရက်
နေ့တွင် ပြုလုပ်ကြသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက်မှုနှင့် အစိုးရ ကိုယ်တိုင် အမျိုးသမီးများအပေါ် အကြမ်းဖက် ချိုးဖောက်နေမှုများ ပပျောက်ရေးကို ဆွေးနွေးပွဲများ ပြုလုပ်ကြပြီး၊ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ပိုစတာများကိုလည်း စစ်တပ်၊ ကျောင်း၊ ကားဂိတ်နှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြသည်။

တိုက်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ ဒုက္ခသည်စခန်း ခြောက်ခုနှင့် လိုင်ဇာမြို့ရှိ အမျိုးသမီးများနှင့် စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်တို့ကိုလည်း ပြည်တွင်းအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပြည်တွင်း တက်ကြွလှုပ်ရှားသူများကဦးဆောင်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အကြောင်း ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။
forprison
ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် သုံးခုတွင် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကျင်းပ

“ကျမတို့ဆီမှာကျတော့ အခုအရေးပေါ်ဖြစ်နေတာက စစ်ပွဲတွေဖြစ်နေတယ်။ စစ်ကြောင့်မို့လို့ ကျမတို့ အမျိုးသမီး
တွေ ဘယ်လိုမျိုး အကြမ်းဖက်ခံနေရတယ်ဆိုတာမျိုး သူတို့ရဲ့ အတွေ့အကြုံတွေကို ကျမတို့နားထောင်ပေးတယ်။ အဲဒါတွေကို အစိုးရက ဖြေရှင်းမပေးနိုင်သည့်တိုင်အောင် ကျမတို့က ဘယ်လိုမျိုး ဖြေရှင်းနိုင်မလဲ ဆိုတဲ့ဟာကို
ဆွေးနွေးဖြစ်ကြတယ်။” ဟု ဦးဆောင် လှုပ်ရှားသူ မရားရာ ကမဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အစိုးရတပ်များနှင့် ရှမ်းနှင့်ကချင် လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုအကြားတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၈၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ထိုအထဲမှ ၃၆ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအသင်းနှင့် ကချင်အမျီုးသမီး အစည်းအရုံးတို့က သတင်းထုတ်ပြန်ထားသည်။

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရပုံကို ကယားပြည်နယ် လွိုင်ကော်မြို့နှင့် မွန်ပြည်နယ်
မော်လမြိုင်မြို့ပေါ် များတွင်လည်း ဆွေးနွေးခဲ့ကြသလို ရန်ကုန်တိုင်း မင်္ဂလာဒုံ တပ်နယ်မြေ အပါအဝင် သန်လျင်၊
ရွှေပြည်သာ၊ အင်းစိန် တို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲများမှ တဆင့် မြို့တွင်းရှိ ကားမှတ်တိုင်များ၊ ကျူရှင်များ၊ စူပါမားကတ်များ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ သင်္ကေတ ဖဲကြိုးဖြူ အပါအဝင် နိုင်ငံရေး အကျဉ်းသူ/ အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ပိုစတာများကို ဖြန့်ဝေခဲ့ကြသည်။

မင်္ဂလာဒုံ တပ်နယ်မြေအတွင်း စစ်တပ်မိသားစု အမျိုးသမီးများဖွဲ့စည်းထားသည့် “သဲတပွင့်နှင့် သူငယ်ချင်းတစု ကွန်ယက်” အဖွဲ့ ဦးဆောင်သူ မချိုချို က “ဆွေးနွေးပွဲတက်လာသူ အားလုံးက အင်္ကျီအဖြူတွေပဲဝတ်ကြတယ်။ ပိုစ့်ကဒ်သွားဝေတဲ့အခါမှာလည်း အင်္ကျီအဖြူတွေပဲ ဝတ်ကြတယ်။ ဆွေးနွေးပွဲမှာတော့ တပ်ထဲက အမျိုးသမီးတွေ ထဲမှာ အမျိုးသား ၁၅ ဦးပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုကိစ္စ ကာကွယ်ကြဖို့ ဆွေးနွေးဖြစ်ကြတယ်။” ဟု သူက မဇ္ဈိမကိုပြောသည်။

အစိုးရတပ်များ အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားများအပေါ် တိုက်ပွဲဆင်ရာတွင် ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းများအပါအဝင် အကြမ်းဖက်မှုများ ကျူးလွန်နေသည်မှာ စစ်ဝါဒါကျင့်သုံးနေမှုနှင့် တိုက်ရိုက် ဆက်နွယ်နေခြင်းကြောင့်ဟုဆိုကာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် စစ်ဝါဒ စစ်ဝါဒကျင့်သုံးနေမှုများ ပပျောက်ရန်လို” ဟုသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးစသည့် ရည်မှန်းချက်များအား ဆောင်ရွက်ရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား စစ်လက်နက်သဖွယ် အသုံးပြုနေမှုကိုလည်း အလေးထား ထည့်သွင်းစဉ်းစားပါရန်နှင့် တိုင်းပြည်တွင် တိုင်းရင်းသား များ၏ နိုင်ငံရေး တန်းတူမှုအပေါ် အခြေခံသောစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးတွင်လည်း ဦးဆောင်ပါဝင်ပေးရန် တောင်ဆိုမှုကို ထုတ်ပြန်ချက်၌ ပါရှိသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ရန် ပြင်ဆင်နေသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အမျိုးသမီးအဖွဲ့အနေဖြင့် ပြုလုပ်ရန် ပျက်ကွက်သော်လည်း တိုင်းရင်းသားဒေသများအတွင်း အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေးတို့ လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ဖြစ်ကြောင်း NLD ဗဟိုအမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားခဲ့ကြသည့် မြန်မာအမျိုးသမီးအဖွဲ့များအပါအဝင် ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး များကို လေးစားဂုဏ်ယူကြောင်းနှင့် လာမည့်နှစ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သူက ဆက်ပြောသည်။

0 comments:

Post a Comment