Sunday, November 20, 2011

Filled Under:

NLD ပါတီ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်

NLD ပါတီ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်

2011-11-18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဒီကနေ့ နံနက် ၁၀ နာရီမှာ ပြုလုပ်တဲ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။
RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများနှင့် တွေ့ရပုံ။ နိုဝင်ဘာလ ၁၈ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်။
ဒီအစည်းအဝေးကို အင်န်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့၊ ဗဟို လူငယ်လုပ်ငန်း ဖေါ်ဆောင်ရေး အဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ်က ဗဟိုဦးစီး အဖွဲ့ဝင်တွေ အပြင် အင်န်အယ်လ်ဒီ ပါတီရဲ့  ညီနောင် ပါတီဖြစ်တဲ့ ဒီမိုကရေစီ ပါတီက ဗဟိုဦးစီး အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၆ ဦးရှိတဲ့အနက် ၁၀၆ ဦး တက်ရောက်တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ သဘာပတိ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့် အမှာစကား ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါတယ်။ "ဒီမိုကရေစီ နည်းအရ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာ မည်ကာမတ္တ လက်ခံတာကို ပြောတာမဟုတ်ပါဘူး။ တကယ်ဘဲ လက်ခံတယ်ဆိုရင် စိတ်ရော ကိုယ်ပါ လုပ်ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် မချခင်မှာ ကိုယ့်ရဲ့ အမြင်ကို တင်ပြချင်သလို တင်ပြလို့ ရတယ်။ ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင် အဲဒီ ချမှတ်တဲ့ ဆုံးဖြတ်ချက် အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီး လုပ်ပေးရမှာဟာ ဒါဟာ ဒီမိုကရေစီ တာဝန် ဖြစ်တယ်ဆိုတာ ကျမ အားလုံးကို နားလည်စေချင်ပါတယ်။" နာမကျန်းဖြစ်နေလို့ အစည်းအဝေး မတက်ရောက်နို်င်တဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့သဝဏ်လွှာကိုလည်း အခမ်းအနားမှူးက ဖတ်ကြားပါတယ်။ အဲဒီိနောက် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက သမ္မတ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပြင်ဆင်ချက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြတယ်လို့ သိရပါတယ်၊၊ ဆက်လက်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုဦးစီး အဖွဲ့ဝင် တစ်ဦးစီ ဆွေးနွေးကြပြီး ဗဟို အမျိုးသမီးလုပ်ငန်း အဖွဲ့၊ ဗဟို လူငယ်လုပ်ငန်း ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ဒီမိုကရေစီ ပါတီက ဦးစိုးဝင်းတို့ကလည်း ဆွေးနွေးကြပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင် အားလုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တညီတညွတ်တည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒီိနောက် ဆွေးနွေးချက်တွေကို အခြေခံပြီး ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အကြောင်း တရားဝင် ကြေညာချက်ကို ဗဟိုအလုပ် အမှုဆောင် အဖွဲ့က အထူးကြေညာချက် ၁/၁၁/၁၁ နဲ့ ထုတ်ပြန်လိုက်ပါတယ်။ အင်န်အယ်လ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ကို အစိုးရကလည်း ကြိုဆိုကြောင်း ဒီကနေ့ ဘာလီမြို့မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာ အစိုးရအဖွဲ့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဦးကျော်ဆန်းကို အာရ်အက်ဖ်အေ သတင်းဌာနနဲ့ အတူ ကျိုတိုနဲ့ ယူရီယူမီ သတင်းဌာနတို့က သီးသန့် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မေးမြန်းခဲ့သူ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

0 comments:

Post a Comment