Tuesday, December 06, 2011

Filled Under:

ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် မရရှိသေး....Irrawaddy .. 6 December 2011

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ထိုး အတည်ပြု ပြဌာန်းလိုက်သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် မရရှိသေးကြောင်း ဆန္ဒပြရန် စီစဉ် သူများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရန် ရန်ကုန်မြို့ အိုးအိမ် ဦးစီးဌာနရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လယ်သမားများ။ ဆန္ဒပြသူ ၅၀ ခန့်ထဲမှ ဦးဆောင်သူ ရှေ့နေ ကိုဖိုးဖြူ နှင့် တချို့ ယာယီထိန်းသိမ်း စစ်ဆေးခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၅ ဖြစ်သော အဆိုပါ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး အတည်ပြုလိုက်ကြောင်း အစိုးရ သတင်းစာများ၌ စနေနေ့က ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ်နေ တသီးပုဂ္ဂလ နိုင်ငံရေး သမား ဦးဝင်းချိုနှင့် ၇ ဦး က ဦးဆောင်ပြီး လွတ်လပ်စွာ စုဝေး ဆန္ဒ ထုတ် ဖော်ခွင့်ကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးထံ ယမန်နေ့က တောင်းခံခဲ့ရာ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေ ထုတ်ပြန် ထားခြင်းမရှိသေး၍ ဆိုင်းငံ့ရန် ယနေ့ ပြန်ကြားစာရရှိကြောင်း ဦးဝင်းချိုက ဧရာဝတီကို ပြောသည်။
“အစိုးရ သက်တမ်း နုနယ်သေးတဲ့အတွက်၊ နည်းဥပဒေ ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် ဆိုင်းငံ့ထားဖို့ အကြောင်း ပြန်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ရည်ရွယ်ချက် ၃ ခုဖြင့် လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဦးဝင်းချို၊ ဦးထောင်ခိုထန်း၊ ဦးဝေဠု၊ ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး၊ ဦးစိုးကြည်၊ ဦးမင်းအောင် တို့ ၇ ဦးက ခွင့်ပြုသတ်မှတ်နေရာတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး လူဦးရေ ၅၀ ခန့် ပူးပေါင်းပါဝင်မည့် အကြောင်း ခွင့်ပြုမိန့် တောင်းခံခဲ့ ခြင်းဖြစ်သည်။
ဥပဒေအရ ဆန္ဒထုတ်ဖော်ခွင့် ရပါက စီတန်းလှည့်လည်ခြင်းမပြုဘဲ စာရွက်ဝေခြင်းနှင့် ဟောပြောခြင်းသာ ပြုလုပ်မည် ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးတို့အတွက် သတင်းစကားပေးလိုခြင်း ရည်ရွယ် ချက်များဖြင့် နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်အရ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းချိုက ပြောဆိုသည်။
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဟာ ကျနော်တို့ ပြည်သူတွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြချင်တာပါ”ဟု ၎င်း က ပြောသည်။
ဦးဝင်းချိုသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ် အဖြစ် ဒဂုံမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ် သည်။
ယခု ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခဲ့သူ အများစုသည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကြသူများ ဖြစ်သည်။
ဦးထောင်ခိုထန်းမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှ ရွေးချယ် တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သကဲ့သို့  ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ(CRPP)၏ အဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။
ထိုသို့ ဆိုင်းငံ့ရန် အာဏာပိုင်များက ပြန်လည်အကြောင်းကြားသည့်အပေါ် လေးစား လိုက်နာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့ဘောင်တွင် အရေးကြီးသည့် တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး တို့အတွက် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်
ကြောင်း ဦးဝင်းချို က ဆက်ပြောသည်။
“ဥပဒေကို လေးစားလိုက်နာမယ်။ ဥပဒေကို အလွဲသုံးနေတာတွေရှိရင် ဖော်ထုတ်မယ်။ ပြည်သူတွေ ဥပဒေရဲ့အကာအကွယ် ပေးမှုကို တန်းတူ ခံစားရသည်အထိ ကြိုးပမ်းသွားမှပါ”ဟု သူက ဆိုသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွင် အခန်း ၈ ခန်းပါဝင်ပြီး ဟောပြော လိုသည့် အကြောင်းအရာ၊ ကြွေးကြော်သံ၊ ဦးဆောင်မည့်သူ၏ ကိုယ်ရေးအချက်အလက်၊ နေရာ၊ အချိန်နှင့် အစီအစဉ်တွင် ပါဝင်မည့် ခန့်မှန်းလူဦးရေ တို့ကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ အနည်းဆုံး ၅ ရက် ကြိုတင် ခွင့်ပြုချက်ယူရန်တို့ ပါဝင်သည်။
ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ပါက တနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ယင်း ဥပဒေ တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ အရာရှိတဦးဦးက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်သူများကို လိုအပ်သော ကာကွယ်မှုများ လုပ်ဆောင်သွားမည်ဟု လည်း အဆိုပါ ဥပဒေ၌ ပါရှိသည်။
ယခု ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေသည် မြန်မာနိုင်ငံတွင် ပထမဆုံး တရားဝင်
ပြဌာန်းခြင်း ဖြစ်သည်။
 

0 comments:

Post a Comment