Thursday, December 08, 2011

Filled Under:

ဒုက္ခသည်နှင့် အထောက်အထားမဲ့အရေး အမြန်ဖြေရှင်းဖို့လိုဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော .....Mizzamma 8 December 2011

ဒုက္ခသည်နှင့် အထောက်အထားမဲ့အရေး အမြန်ဖြေရှင်းဖို့လိုဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုကြောင်း သူ၏
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

“နာရပရာနှင့် ကူတူပလောင်စခန်းများအတွင်း နေထိုင်လျက်ရှိသော မြန်မာဒုက္ခသည်များကိစ္စနှင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံတွင်း အခြေချနေထိုင်လျက်ရှိသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများကို ဆွေးနွေး ခဲ့ပြီး၊ ယင်းကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းနိုင်မှုသည် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရာတွင် ကောင်းစွာ အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်” ဟု ဒီဇင်ဘာလ ၆ ရက် ရက်စွဲဖြင့် ကြေညာချက်တွင် ပါရှိသည်။

ဒီဇင်ဘာလ ၈ ရက် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင်  မြန်မာအစိုးရအနေဖြင့် “ယခုကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း” ဖြင့် ထုတ်ပြန်ချက်ကိုပါ ဖော်ပြထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃၀၀ ဦးရှိပြီး ဒုက္ခသည်ကဲ့သို့
နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာအစိုးရက လက်မခံသော အသုံးအနှုန်းဖြစ်သည့်  ရိုဟင်ဂျာဆိုသော စကားရပ်ကို ပူးတွဲကြေညာချက်တွင် ထည့်သွင်းအသုံးမပြုခဲ့သော်လည်း ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Daily Star သတင်းတရပ်အရ ရိုဟင်ဂျာများကို မြန်မာအစိုးရက လက်ခံရန် သဘောတူခဲ့ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံနိုင်ငံမှ ဒုက္ခသည်များ ရှိနေခြင်းမှာ နိုင်ငံအတွင်း လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်ဟုလည်း မစ္စစ်ရှိတ်ဟာဆီနာ၏ ပြောစကားကို ကိုးကား၍ The Daily Star က ရေးသား ခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် အဆုံးသတ်သော မစ္စစ်ရှိတ်ဟာဆီနာ၏  သုံးရက်ကြာ ခရီးစဉ်အတွင်း မြန်မာနှင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ကန်သွယ်ရေးအပြင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းချင်း ချိတ်ဆက်ရေးကို ထည့်သွင်း
ဆွေးနွေးခဲ့သည်။ ယင်းအပြင် ရန်ကုန်မြို့တွင် ကုန်စည်ပြပွဲ ကျင်းပခွင့် ပေးရေးနှင့် ဒါကာ/စစ်တကောင်း - ရန်ကုန် တိုက်ရိုက် လေကြောင်းပျံသန်းရေးအတွက်ပါ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုခဲ့သည်ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။

 “သမားရိုးကျမဟုတ်သော ရေယာဉ်များမှ နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် ကုန်သွယ်မှု လမ်းကြောင်းများအတွင်း အပြန်အလှန်သွားလာနိုင်ရေး” ကိစ္စကိုပါ ဆွေးနွေးခဲ့သော်လည်း မြန်မာအစိုးရ ဘက်မှ ဆွေးနွေးမှုနှင့် ပတ်သက်၍
ဖော်ပြထားခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ စွမ်းအင်ဝယ်ယူလိုသော်လည်း  မြန်မာ့သဘာဝဓာတ်ငွေ့များမှာ တရုတ်နိုင်ငံသို့
ရောင်းချပြီးဖြစ်သည့်အတွက် အသစ်ထပ်မံ တွေ့ရှိ ပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေးရောင်းချမည်ဟု သမ္မတ ဦးသိန်းစိန်က ပြန်ကြားခဲ့သည်ဟု The Daily Star  ၏ ရေးသားချက်တွင် ပါရှိသည်။

ဘင်္ဂလားဒေ့ရှ်ထွက် အဝတ်အည်၊ ဆေးဝါး၊ ဂုန်လျှော်နှင့် ဆက်စပ်ပစ္စည်းများ၊ ကြွေထည်ပစ္စည်းများ မြန်မာဘက်က
ပြန်လည်ဝယ်ယူရန်လည်း မစ္စစ်ရှိတ်ဟာဆီနာက တိုက်တွန်းသွားခဲ့သည်ဟု သိရသည်။

၂ဝဝ၈ ခှုနှစ်အတွင်း မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ လူဦးရေ သန်း ၁၆ဝ ရှိ အိမ်နီးချင်းနိုင်ငံနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် ကိစ္စများ အတွက် နှစ်နိုင်ငံကြား ရေပိုင်နက်ပိုင်ဆိုင်ရေးဆိုင်ရာ အငြင်းပွားမှုများဖြစ်ခဲ့ရာ ပင်လယ်ပြင် ဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတရာ တရားရုံး - ITLOS တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း “နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်း  တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်” နှင့် နှစ်နိုင်ငံ စက်မှုလက်မှုအသင်းချုပ်ချင်းအကြား “ပူးတွဲ စီးပွားရေး
ကောင်စီ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” ကို လက်မှတ်ရေးထိုးခဲ့သည်။

နေပြည်တော် သံတမန်ဇုန်တွင်လည်း ဘင်္ဂလားဒေ့ရှ်သံရုံး တည်ဆောက်ရန်အတွက်လည်း နေရာသတ်မှတ်၍ အုတ်မြစ်ချမှုကိုလည်း ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သေးသည်။

မြန်မာအာဏာပိုင်များဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များကို ပြန်လည် လက်ခံ မည်ဖြစ်ကာ ဒုက္ခသည် ပြန်ပို့ရေးအတွက် မြန်မာကိုယ်စားလှယ် အဖွဲ့တခုကိုလည်း မကြာမီ ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ရန်ရှိသည်ဟု မစ္စစ်ရှိတ်ဟာစီနာ၏ သတင်းရေးရာအတွင်းဝန်  အဘူလ်ကလန် အဇက် Abul Kalam Azad က သတင်းထောက်များကို ဖြေကြားခဲ့သည်။

နာရပရာရှိ လူဦးရေ ၁၄၀၀၀ ရှိ Lada ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး  ဦးဂျာဘတ်ဗ်က
“ ကျနော်တို့က ဘယ်လိုသွားမလဲ။ သွားမယ့်ပုံစံက ဘာမှ မမြင်ရဘူး။ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ ရမှ ဒီမိုကရေစီ အပြည့်အဝ ရမှ။ အဲဒါရမှ သွားမှာကိုး” ဟု  မဇ္ဈိမကို ပြောသည်။

ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခသည် ပြန်ခေါ်ရေးကိစ္စကိုမူ မြန်မာအစိုးရအနေဖြင့် ချက်ချင်း လုပ်ဆောင်ဖွယ် မရှိဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ NUPA ၏ ဥက္ကဌ ဒေါက်တာခင်မောင်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာတပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းမှာ  နိုဝင်ဘာလကုန်ပိုင်းက သွားရောက်လည်ပတ်ခဲ့သေးသည်။

0 comments:

Post a Comment