Tuesday, January 31, 2012

Filled Under:

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အခြေခံ လုပ်ငန်းများ ဒေါ်စု သွားရောက်လေ့လာ .... 31 January 2012.. Mizzima

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အခြေခံ လုပ်ငန်းများ ဒေါ်စု သွားရောက်လေ့လာ



ချင်းမိုင် (မဇ္ဈိမ) ။       ။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
လေ့လာခဲ့သည်။

မြိုင်မြို့နယ်ရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာ နှစ်ရွာတွင် DFID ၏ အကူအညီဖြင့် ပြုလုပ်နေသည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရန်ကုန်အခြေစိုက် ဗြိတိသျှနှင့် သြစတြေးလျ သံအမတ် တို့နှင့် အတူ ဗြိတိသျှ သံရုံး၏ အစီအစဉ်ဖြင့် အင်္ဂါနေ့က သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

“ဗြိတိသျှ အစိုးရကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေါ့။ အဲဒါနဲ့ဆက်နွယ်ပြီးတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေကို သွားလေ့လာတာ” ဟု ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့် က မဇ္ဈိမကိုပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လလယ်ပိုင်းက ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး အင်ဒရူးမစ်ချယ်လ်၏
မြန်မာနိုင်ငံ ခရီးစဉ်တွင် DFID အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်
နေလျက် ရှိရာတွင် ယင်းလုပ် ငန်းများ၌ လိုအပ်ချက်များကို NLD နှင့် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ ကြပြီး ယခုခရီးစဉ် ဖြစ်မြောက်လာရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

NLD အနေဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲလာမှု အပေါ် မူတည်၍ အခြေခံလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် အပြည်ပြည်ဆိုင်ရာမှ ကူညီလာမည့် ဖွံ့ဖြိုးရေး ရန်ပုံငွေများကို အသုံးပြုကာ တိုးမြှင့်လုပ်ဆောင် သွားရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။

“ဖွံ့ဖြိုးရေး ရန်ပုံငွေတွေက မလုပ်တတ်လို့ရှိရင်လည်း တံတားဆောက်တာ၊ လမ်းဖောက်တာနဲ့ ပြီးသွားမှာပဲပေါ့။ အခြေခံ လိုအပ်ချက်တွေက ရမလာနိုင်ဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာ အခုချက်ချင်း ကောက်လုပ်လို့ ရတာ မဟုတ်ဘူး။ အခြေခံ အဆောက်အအုံတွေ ဆောက်ရမှာကိုး။ အဲဒါကို သွားကြည့်ကြည့်တဲ့ အခါကျတော့ ဒီ Project
တွေထဲမှာ လိုတာတွေလည်း နောင်လာမယ့် ဟာတွေအတွက်လည်း ကျနော်တို့က အများကြီး စဉ်းစားလို့ရတာပေါ့။ အဲဒီအတွက် သွားတာပါ” ဟု ဦးခွန်သာမြင့် ကပြောသည်။

အဆိုပါ ခရီးစဉ်တွင် DFID ၏ အကူအညီဖြင့် အလုပ်အကိုင် ဖန်တီးပေးမှု ပုံစံဖြင့် ပြုလုပ်ထားသော ပေပင်တိုက်နှင့် ကျစ်တီး ကျေးရွာတို့တွင် စက်ချုပ်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ သနပ်ခါးစိုက် လုပ်ငန်း၊ ရာသီပေါ်သီးနှံနှင့် နှစ်ရှည်စိုက်ပျိုးရေး လုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည် က ကြည့်ရှုခဲ့ပြီး ဖြည့်စွက်ပေးရန် လိုအပ်ချက်များကိုလည်း မေးမြန်းကြောင်း သိရသည်။

ဒေသခံ ရွာသူ၊ ရွာသားများကလည်း ကျေးရွာ၌ လိုအပ်နေသည့် စိုက်ပျိုးကဏ္ဍအတွက် ရေလိုအပ်နေမှုနှင့် အခြား လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆို တင်ပြမှုများအား ဒေါ်အောင်ဆန်းစုကြည် က ဖြည့်ဆည်း ဆောင်ရွက်
ပေးသွားမည်ဟု ပြောဆိုခဲ့သလို ဒေသခံများဘက်မှလည်း ပိုမို ကြိုးပမ်းသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

DFID မှ မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်းမာရေးအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်တာအတွင်း ခန့်မှန်းခြေ
ပေါင် သန်း ၁၈၀ (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ နိုင်ငံတကာနှင့် ဒေသခံ NGO များ၊ ရပ်ရွာအဖွဲ့ အစည်းများမှ တဆင့် ကူညီပေးသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေး၊ စည်းရုံးရေး မဟုတ်သော မြိုင်ခရီးစဉ်အား ဒေသခံများကို အသိပေးခြင်း မရှိဘဲ ထွက်ခွာခဲ့သော်လည်း လမ်းခရီးတလျှောက်ရှိ ပုဂံညောင်ဦး၊ ပခုက္ကူနှင့် မြိုင်မြို့လမ်းကြောင်းတလျှောက်တွင် ကြိုဆိုသူများ ပြည့်နှက်နေသဖြင့် ခရီးစဉ် နှောင့်နှေးခဲ့သည်ထိ ကြုံဆုံခဲ့ရကြောင်း အတူလိုက်ပါသွားသည့် သတင်းထောက်များက ပြောသည်။

“ကြိုတဲ့လူတွေက အသွားရော အပြန်ရော အများဆုံးကတော့ ပခုက္ကူပဲ။ လမ်းမကြီး ဘေးဖတ်တွေမှာ ပြည့်နှက်ပြီး ကားကို မြန်မြန် မောင်းလို့မရဘူး။ တနာရီဝန်းကျင်လောက် မောင်းရမယ့် လမ်းခရီးကို သုံးနာရီကျော်လောက်
မောင်းလိုက်ရတယ်။ လမ်းမှာ ကြိုတဲ့ လူတွေများလို့။ အမျိုးမျိုး ကြိုကြတယ်ဗျ။ မြိုင်မှာဆိုရင် အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ပါ ကြိုတယ်” ဟု ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုခဲ့သူ အမျိုးသမီးငယ် တဦးကမူ “ကျမအသက် ၂၀ ကျော်ပြီ
ဒေါ်အောင်ဆန်းစုကြည် ကို ဓါတ်ပုံထဲမှာပဲ မြင်ဖူးတာ။ အခုမှ အပြင်မှာ တွေ့ဖူးတာ ဓါတ်ပုံထဲကထက် အများကြီး လှတယ်။ သူ့ကို ကျမ ပန်းသွား ပေးတာ လူတွေက တိုးကြိတ်နေတာနဲ့ မနည်း သူ့ဆီရောက်အောင် သွားရတယ်” ဟု သူမက မဇ္ဈိမကို ပြောသည်။

အင်္ဂါနေ့ ခရီးစဉ်ကို ရန်ကုန်မြို့မှ မနက် ၇ နာရီခွဲတွင် ဗြိတိသျှ၊ သြစတြေးလျ သံအမတ်များနှင့်အတူ စင်းလုံးလေယာဉ်
ဖြင့် ထွက်ခွာခဲ့ပြီး ညနေ ၇ နာရီ ခွဲတွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

0 comments:

Post a Comment