Saturday, January 07, 2012

Filled Under:

သမ္မတထက် အကလ အရေးပါပုံ ၀ီလျံဟိတ်ကို ၈၈ မျိုးဆက်ပြော....6 January 2012.. Mizzama

သမ္မတထက် အကလ အရေးပါပုံ ၀ီလျံဟိတ်ကို ၈၈ မျိုးဆက်ပြော


ချင်းမိုင်(မဇ္ဈိမ)။     ။ တိုင်းပြည်၏ အရေးပါသောဆုံးဖြတ်ချက်များတွင် သမ္မတထက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ) ပို၍ အရေးပါကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ်နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောပြခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ပြောသည်။

William-Hague-and-Ko-Myat-Thu
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူ တို့အား ဗြိတိန်သံအမတ်ကြီးနေအိမ်တွင် ၆.၁.၂၀၁၂ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ - ကိုမြတ်သူ)
သောကြာနေ့ မွန်းလွဲပိုင်းက မစ္စတာဟိတ်နှင့် ဗြိတိန် သံအမတ်ကြီးနေအိမ်တွင် တနာရီခန့်ကြာ
တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ ကိုမြတ်သူက မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ ကိစ္စရပ်တွေမှာကော၊ ပြည်တွင်းစစ် ရပ်စဲဖို့ကိစ္စရပ်တွေမှာကော ကြည့်မယ်ဆိုရင် တကယ့်အာဏာက သမ္မတဆီမှာ မရှိဘဲနဲ့ အမျိုးသား လုံခြုံရေး ကောင်စီဆီမှာ ရှိနေတဲ့အတွက်ကြောင့်မို့၊ အဲဒီအမျိုးသား လုံခြုံရေး ကောင်စီ မှာကလည်း အများစုက တပ်မတော် ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့ လို့ ဗမာပြည် ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ သူတို့တွေက သဘောတူမှသာ၊ စိတ်ဝင်စားမှသာလျှင် ပြုပြင်
ပြောင်းလဲမှုတွေ ပိုပြီး လွယ်ကူချောမွေ့နိုင်လိမ့်မယ်လို့ ကျနော်က  သူ့ကိုရှင်းပြခဲ့တာပါ” ဟု သူက ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမြတ်သူ၊ မဇင်မာအောင်၊ ကိုမြတ်ကို တို့ပါဝင်ပြီး တသီးပုဂ္ဂလအနေဖြင့် ကိုမျိုးရန်နောင်သိန်း၊ ကိုဖြိုးမင်းသိမ်း၊ လူရွှင်တော် ဇာဂနာ တို့က မစ္စတာ ဝီလျံဟိတ်နှင့် ဗြိတိန် သံအမတ်ကြီးနေအိမ်မှာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုတွင် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ပေးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသားအရေးကိစ္စမှာလည်း ထိုင်းနယ်စပ်တလျှောက် စစ်ဘေးကြောင့် အိုး၊ အိမ်၊ ရာမဲ့  ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပြစ်မထားဖို့ ဆွေးနွေးကြတယ်။ ဒုက္ခသည်စခန်းအတွက် ပေါင် ၂ သန်း သုံးမယ်ဆိုတဲ့အကြောင်းကို ဝန်ကြီးက ပြောသွားတယ်” ဟု ကိုမျိုးရန်နှောင်သိန်းက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မစ္စတာဟိတ်က မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ကိစ္စနှင့်ပတ်သက်လို့ ၈၈ ကျောင်းသားအဖွဲ့တို့ရဲ့ သဘောထား အမြင်ကိုလည်း တောင်းဆိုသွားခဲ့ကြောင်း “အဲဒီအပေါ်မှာ သဘောထားမျိုးစုံ ရှိပါတယ်။ စီးပွားရေးပြဿနာကိုတော့ ဖြေရှင်းပေးသင့်တယ်ဆိုတဲ့ သဘောထား အားလုံးရှိကြပါတယ်။ ကျနော်ကတော့
မြန်မာနိုင်ငံမှာ စီးပွားရေးအရ တရုတ်စီးပွားရေးသမားတွေက ကြီးစိုးနေကြတယ်။ သူတို့တွေ ကြီးစိုးနေတော့ ဆန်ရှင်မရုတ်သိမ်းသေးလည်း သူတို့တွေပဲ အကျိုးအမြတ်ရရှိနေမှာပဲ။ အဲဒီတော့ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ်၊ လိုအပ်တဲ့ နည်းဥပဒေတွေ ချမှတ်ပြီးရင် လာသင့်တယ် လို့ ပြောဆိုခဲ့ပါတယ်” ဟု ကိုမျိုးရန်နောင်သိန်းက ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် NLD တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို အထူးစိတ်ဝင်တစား မေးမြန်းခြင်းခံရကြောင်းလည်း ကိုမျိုးရန်နောင်သိန်းက ပြောသည်။

0 comments:

Post a Comment