မြန်မာနိုင်ငံတွင်း  စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့  ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ ပြောပြပေးထားပါတယ်၊
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ဟာ ဒီကနေ့ ညနေ ၅ နာရီကျော် က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်၊ တစ်နာရီနီးပါးလောက် တွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ထွက်တွေ့ရာမှာတော့  သူတို့ ၂ ဦးရဲ့ ဆွေးနွေးချက် အပြည့်အစုံကို အခုမပြောပြနိုင် သေးပေမယ့်  လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ  ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တဲ့ အကြောင်း မစ္စတာ Vijay Nambia ပြောပါတယ်၊
မစ္စတာ Vijay Nambia က ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေး လမ်းကြောင်းထဲ  ပါဝင်ခွင့်ရလာတာကို  ၀မ်းသာသလို ဒေါ်အောင်ဆန်းစုကြည် အခုကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ့်အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ပိုပြီးတိုးတက်စေတဲ့ အထောက်အကူ ပြုမှုဖြစ်တယ်လို့ ပြောပါတယ်၊ သူတို့ကုလသမဂ္ဂ အနေနဲ့ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းပြေလည်ရေးနဲ့ လက်နှက်ကိုင် ပဋိပက္ခ ချူပ်ငြိမ်းရေး အပြင် ပြုပြင်ပြောင်းလဲရေး ပိုပြီး တိုးတက်လာဖို့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဆက်လုပ်ဆောင်သွားမယ်ဆိုတာလည်း ပြောပါတယ်၊ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရ ခွင့်ြ့ပုမယ်ဆိုရင် နို်င်ငံတကာ လေ့လာစောင်ကြည်ရေးအဖွဲတွေ လာနိုင်ဖို့လည်း လုပ်ဆောင်မှာလည်း  ဖြစ်သလို ခွင်ပြုဖို့ကိုလည်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် သူတိုက်တွန်းကြောင်းလည်း ပြောပါတယ်၊ အဖွဲ့အစည်းအသီးသီး နဲ့အတူ သက်ဆိုင်ရာ  နိုင်ငံရေးက ပုဂ္ဂိုလ်တွေကို သူအခုတွေ့ဆုံခဲ့တာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပြန် ပြီး အစီရင်ခံစာ တင်မှာ ဖြစ်တယ်လို့လည်းရှင်းပြသွားပါတယ်၊
မစ္စတာ Vijay Nambia ဟာ နေ့လည်ပိုင်းမှာလည်း ရန်ကုန်က UNDP ရုံးမှာ တိုင်းရင်းသားအဖွဲ့တချို့နဲ့တွေ့ပါတယ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ်က ဦးအေးသာအောင်၊ ဇိုမီးကွန်ဂယက်ပါတီက ပူကျင်ရှင်းထန်အပါအ၀င်  ကရင်ပါတီက ကိုယ်စားလှယ်တဦးတို့နဲ့ တိုင်းရင်းသား အရေးဆွေးနွေးတာပါ၊ ဒီ တိုင်းရင်းသားခေါင်ဆောင်တွေ ကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ထာဝရ  ငြိမ်းချမ်းရေး ဖြစ်ဖို့  အတွက် နိုင်ငံရေးပြေလည်မှုတွေရှိမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေတွေကို ပြောခဲ့ကြတယ်လို့ ဦးအေးသာအောင်ကပြောပါတယ်၊
“လက်ရှိ ပကတိ အခြေအနေအရ  တိုင်းရင်းသားတွေက တင်ပြခဲ့တဲ့ တင်ပြချက်တွေကို ခေတ်အဆက်ဆက်မှာ အစိုးရ အဆက်ဆက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အဆက်ဆက်တွေက လျစ်လျုရှုခဲ့တယ်။ ပယ်ချခဲ့တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ အခုလို ရှည်ကြာပြီးတော့ မပြီးနိုင်မဆုံးနိုင် ဖြစ်နေရတဲ့ အကြောင်း အခုလည်းဘဲ တကယ်တော့ အပစ်အခတ်ရပ်ဆဲရုံ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ ဖြစ်သင့်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် နိုင်ငံရေး အရ ဖြေရှင်းဖို့ လိုတယ်။ အဲဒီ ဖြေရှင်းတဲ့ အခါမှာပဲလည်း အဓိက ပင်လုံကို ပြည်ထောင်စုမူနဲ့ ဖြေရှင်းမှ သာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမယ်။ ခိုင်မာတဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်မယ် ဆိုတဲ့ အကြောင်းကို ဆွေးနွေးပါတယ်။”
ဒီဆွေးနွေးချက်အတွေပေါ် မစ္စတာ မစ္စတာ Vijay Nambiaရဲံ တုန့်ပြန်ချက်နဲ့ သူသဘောထားတွေကို ပြောပြသွားတာကတော့
“သူပြောတာ ကတော့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းတွေ ပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားတွေ အပေါ်မှာ မူတည်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့က အဓိက ကျတယ်။ တွေ့ဆုံဆွေးနွေးရာကနေ တဆင့် တဆင့် တကယ်စစ်မှန်တဲ့ အပြောင်းအလဲ၊ ဒီလို တိုင်းရင်းသားများနဲ့လည်းဘဲ သွေးစည်းခိုင်မာမှုတွေ reconciliation ရလာနိုင်မယ် ဆိုတဲ့ အကြောင်းပေါ့။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အပေါ်မှာလည်းပဲ အကောင်းမြင်တဲ့ အကြောင်း ပြောပါတယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်ပါရှင်၊ မစ္စတာ Vijay Nambia ဟာပြီးခဲ့တဲ့ တနင်္ဂနွေ ဖေဖော်ဝါရီ ၁၂ ရက်က ရောက်လာတာဖြစ်ပြီး  နေပြည်တော်မှာ နိုင်ငံရေးခြားဝန်ကြီးအပြင် အစိုးရက ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံသလို၊  တခါ လွတ်တော်တွင်းက တာဝန်ရှိသူတွေအပြင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွံဖြိုး တိုးတက်မှု ဆိုင်ရာမူဝါဒ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်၊ မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ကလည်း ကရင် နဲ့ မွန်ပြည်နယ်တွေ သွားပြီး တိုင်းရင်းသားတွေ နဲ့ ဒုက္ခသည် အရေးတွေ ဆွေးနွေးသလို မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ၇က်နေ့မှာတော့ မြန်မာပြည်ကနေ ပြန်မှာ ဖြစ်ပါတယ်။