Wednesday, June 20, 2012

Filled Under: , ,

13 June VOA Direct Airline (Wednesday morning ).... AHRC transcribing

13 June VOA Direct Airline (Wednesday morning )
မေး။ ။ ကျွန်တော်တို့ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့ ဥပဒေစိုးမိုးရေးကိစ္စပါ။ နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတရပ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေစိုးမိုးရေးဟာ အရေးကြီးတယ်ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတွေကော ၊ ပညာရှင်တွေကော တော်တော်များများပြောကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဥပဒေစိုးမိုးရေးနဲ့ဘယ်လိုများ အဓိပ္ပါယ်ဖွဲ့ကြမလဲလို့ ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ ဘယ်လောက်ထိအရေးကြီးနေသလဲ။ ဥပဒေ စိုးမိုးရေး ဖြစ်လာဖို့ဘာတွေလိုအပ်သလဲ။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်တို့ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အဓိကပါဝင်ဆွေးနွေးပေးဖို့လူနှစ်ဦးဖိတ်ခေါ်ထားပါတယ်။ တဦးကတော့ ဦးမင်းလွင်ဦး အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့မြန်မာနိုင်ငံ က လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်ပါတယ်။ နောက်တဦးကတော့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ဖြစ်ပါတယ်။ သူကတော့နိုင်ငံရေးအကြောင်းကနေဆွေးနွေးမှာ ဖြစ်ပါတယ်။
ကျွန်တော်အရင်ဆုံးကိုမင်းလွင်ဦးကိုခေါ်ချင်ပါတယ်ခင်ဗျာ။ 


ဥပဒေစိုးမိုးမှူနဲ့ ပက်သက်လို့ ဦးမင်းလွင်ဦးအနေနဲ့ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ချင်ပါသလဲ။ 


ဦးမင်းလွင်ဦး ။    ။ ဒါနဲ့ပက်သက်ပြီးတော့ ပြောရမယ်ဆိုရင် နိုင်ငံအတွင်းမှာ လူအသုံးများတဲ့ ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရဆိုတာနဲ့ပြောရမှာပေါ့။ အဲဒီတော့ ဒီအချက်နဲ့ပြည့်စုံဖို့ရန်အတွက် ကျွန်တော်တို့သတ်မှတ်ထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားတွေရဲ့အခွင့်အရေး တွေကိုအာမခံထားတဲ့ ဥပဒေတွေဖြစ်ရမယ်။ ပြည်သူများရဲ့အကျိုးကို ဦးတည်တဲ့ ဥပဒေတွေဖြစ်ဖို့အတွက် ဥပဒေတွေ ကို ပြည်သူကဘဲပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်ရမယ်။ ဥပဒေနဲ့ဆိုင်တဲ့အခွင့်အရေးတွေမှာ အားလုံးတန်းတူ ညီတူညီမျှရှိရမယ်။ ပြည်သူတွေက ပြဌာန်းထားတဲ့ ဥပဒေတွေကိုလည်း ပြည်သူတွေက ထိန်းကျောင်းပဲ့ပြင်ခွင့်ရှိရမယ်။ ဆိုလိုတာက ပြင်ဆင်တာဖြည့်စွက်တာ စတာတွေကို ပြည်သူ့ဆန္ဒနဲ့ အညီလုပ်ဆောင်နိုင်ဖို့အတွက် အခွင့်ပေးထားရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့တရားစိုးမိုးရေးကိုအခြေခံတဲ့ နည်းဥပဒေ စည်းမျဉ်းတွေဖြစ်ရမယ့်အပြင် အခုအုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စောင့်ကြည့်ထိန်းညှိပေးနိုင်မယ့် မီဒီယာနဲ့လွတ်လပ်တဲ့အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခွင့်ကို ခွင့် ပြုရပါမယ်။ စီတန်းလှည့်လည်ခွင့်ကို လွတ်လွတ်လပ်လပ်ခွင့်ပြုပေးရမှာ ဖြစ်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို အာမခံပေးရမှာဖြစ်တယ်။ နောက်ဆုံးအနေနဲ့ အုပ်ချူပ်သူတွေနဲ့ ပြည်သူတွေကြားမှာ ချုပ်ဆိုထားတဲ့ ဖွဲ့စည်းပုံ အရ အာဏာပိုင်များကိုယ်တိုင်လေးစားလိုက်နာပြီး ဒီဥပဒေကို အကောင်အထည်ဖော်ပေးဖို့လိုပါတယ်။ ပြဌာန်းထားရုံနဲ့ မလုံလောက်သေးပါဘူး။
အဲဒီလိုအကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့နည်းဥပဒေ ၊စည်မျဉ်းစည်းကမ်း အမိန့်ကြေညာချက်စတာတွေကို အာဏာပိုင်တွေဘက်က လုံလောက်စွာဆောင်ရွက်ပေးရမယ်။  မိမိကိုယ်တိုင်လည်း လိုက်နာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ တရားဥပဒေစိုးမိုးရေးကိုအကောင်အထည်ဖော်တဲ့အခါမှာ လွတ်လပ်မျှတတဲ့တရားစီရင်ရေးစနစ်ရှိရမယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက တရားစီရင်ရေးစနစ်မှာ လုံး၀၀င်ရောက်စွက်ဖက်တာ က တရားဥပဒေစိုးမိုးရေးကို မှန်ကန်တိကျစွာအကောင်အထည်ဖော်တဲ့စနစ်တခုဖြစ်တယ်လို့ နိုင်ငံများများက ပညာရှင်တွေကလည်းပြောဆိုကြတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးအတွက်လိုအပ်တဲ့အချက်တွေထဲမှာလည်း စောနကကျွန်တော်ပြောသွားတဲ့အချက်က အထိကပါတဲ့အချက်လို့ပြောလိုက်ပါရစေ။
 

မေး။ ။ ပြောသွားတဲ့အထဲမှာ ဥပဒေစိုးမိုးမှုက  ပြည်သူတွေကထိန်းကြောင်းတဲ့ အခြေအနေဖြစ်ရမယ်။ ပြည်သူတွေကရေးဆွဲရမယ်ဆိုတာမျိုးပါတယ်. မြန်မာနိုင်ငံကိုကြည့်ရင်အရင်စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံ ဥပဒေတွေကို သူတို့ရေးစွဲတယ်။ ဖွဲ့စည်းပုံ မရှိရင် နည်းဥပဒေတွေကို လုပ်တယ်။ ဒီပေါ်မှာဘဲသူတို့က ဥပဒေစိုးမိုးရေးဆိုတဲ့စကားကိုဆွေးနွေးပြောဆိုတာတွေရှိပါတယ်။ ဒါမျိုးကျရင်ကော။
 

ဦးမင်းလွင်ဦး ။    ။ ဟုတ်ကဲ့ခင်ဗျာ။ အဲဒါက ကောင်းတဲ့မေခွန်းပါဘဲ။ ဥပမာအားဖြင့်ပြောရင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ 
အရင်တုန်းက ပြဌာန်းထားတဲ့မြို့ရွာများနဲ့ကျေးရွာများဥပဒေရှိပါတယ်။ အဲဒါက ကိုလိုနီလက်ထက်မှာ မြန်မာနိုင်ငံက မျိုးချစ်သူပုန်တွေ မလူပ်ရှားနိုင်အောင် ရည်ရွယ်ပြီး တော့ပြဌာန်းထား တဲ့ ဥပဒေတွေဖြစ်တယ်။ ဒါတွေက လူတွေရဲ့လွတ်လပ်ခွင့်ကို ဖိနိုပ်ချုပ်ချယ်ထားတာ တွေဖြစ်တယ်။ အခုကျွန်တော်တို့နိုင်ငံက ကိုလိုနီလက်အောက်ကလည်းလွတ်လာပြီ၊ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတွေကို ထိုက်သင့်တဲ့လွတ်လပ်ခွင့်တွေပေးလာပြီဆိုလို့ရှင်ရင် ပြည်သူပြည်သားတွေရဲ့ ဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ဥပဒေတွေကိုပြင်ဆင်ပြဌာန်းဖို့လိုတယ်။ ဥပမာ-ဧည့်စာရင်းတိုင်ရမယ့်ကိစ္စတွေကို ပယ်ဖျက်လိုက်ဖို့လိုတယ်လို့ပြည်သူတွေကယူဆရင် ဒါတွေကို ပယ်ဖျက်ပြစ်ရမယ်။ အခုတော့အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ လက်တဆုတ်စာ ရှိတဲ့အာဏာပိုင်တွေကနေပြီးတော့ ပြင်ဆင်ပြဌာန်းထားတာတွေကို ပြည်သူတွေကအတင်းလိုက်နာရမယ်ဆိုတဲ့အမိန့်အာဏာအောက်မှာ နေရတာဖြစ်တဲ့အတွက်ဒါတွေကို ပြုပြင်ဖို့လိုတယ်ဆိုပြီးကျွန်တော်ပြောချင်ပါတယ်။
 

မေး။ ။ ခုနကကျွန်တော်မေးတဲ့မေးခွန်းအောက်မှာ အာဏာရှင်လက်အောက်နိုင်ငံက ပြောနေကြတဲ့ ဥပဒေစိုးမိုးရေးနဲ့ပက်သက်ပြီးပြောပြပါ။
 

ဦးမင်းလွင်ဦး ။    ။ အာဏာပိုင်တွေပြောတဲ့ ဥပဒေစိုးမိုးရေးက သူတို့ရဲ့အာနာတည်တန့်ခိုင်မြဲရေးအတွက် ပြည်သူတွေအပေါ်မှာထိုက်သင့်သလောက်လွတ်လပ်ခွင့်ပေးမယ်။ သူတို့ရဲ့အချုပ်အခြာအာဏာကို မထိပါးသရွေ့တော့ ခွင့်ပြထားမယ်ဆိုတဲ့သဘောရှိပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာစံချိန်နဲ့သက်မှတ်ထားတဲ့ဥပဒေ နှုံးထားတွေနဲ့တော့ သူတို့အညီပေးမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ဒီကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊တရုတ်နိုင်ငံစတဲ့နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကြည့်ရင် ထင်ထင်ရှားသိနိုင်တယ်။ အာဖရိကနိုင်ငံတွေမှာရှိတဲ့စစ်အာနာရှင်တွေရဲ့ ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်တွေကို ကြည့်ရင်ဒီလိုဘဲအလားတူဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။
 

မေး။ ။ ဟုတ်ကဲ့။ ကိုမင်းလွင်ဦးကတော့ ဥပဒေရှုထောင့်ကနေပြီးတော့ လူ့အခွင့်အရေးရှေ့နေတဦးနေနဲ့ပြောသွားတာပေါ့။
လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့  လက်ရှိနိုင်ငံရေးအမြင်အရပြောမယ်ဆိုရင် ဥပဒေစိုးမိုးရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်ပါသလဲ။
 

ဦးအောင်မိုးဇော်။     ။ကျွန်တော့အမြင်အရပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ ပက်သက်လို့ ကျွန်တော်တို့ယနေ့ကာလမှာပြောကြဆိုကြတာတွေရှိတယ်။ ကျွန်တော်ဥပဒေပညာရှင်တွေတဦးပြောတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ကျွန်တော်နားထောင်ဖြစ်တယ်။ သူကဘာတွေပြောလဲဆိုတော့ဒီတရားဥပဒေစိုးမိုးရေးဆိုတာ စီရင်ထုံးတရားအရကျွန်တော်တို့ကြည့်မယ်ဆိုရင် အမှန်တရားဘက်ကနေလိုက်ဖို့၊ တန်းတူညီမျှမှုတွေကိုကာကွယ်ဖို့ ဆိုတဲ့အခြေခံဖြစ်တယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးဆိုတာက အစိုးရတွေလုပ်ချင်တိုင်းလုပ်လို့မရအောင် တစုံတရာတားဆီးထိန်းကွတ်ထားတာဖြစ်တယ်။ အစိုးရတွေအနေနဲ့ဥပဒေတွေကို ကျင့်သုံးတော့မယ်ဆိုရင် ဦးမင်းလွင်ဦးပြောသွားသလိုဘဲ အများပြည်သူသဘောတူတဲ့ ၊ဆုံးဖြတ်ပြီးတော့ပါဝင်ထားတဲ့ ရေးသားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းသာလျှင် ဒာာဏာပိုင်တွေကကျင့်သုံးရမယ်။ ဒါကြောင့်မို့တရားဥပဒေစိုးမိုးရေးဆိုတဲ့ကိစ္စကို အာဏာရှင်တွေက ကြောက်ကြတယ်ဆိုတာ ကျွန်တော်တို့ကြားသိတယ်။ ဒီအယူအဆနဲ့ပက်သက်ပြီးတော့ ကျွန်တော်လက်ခံတယ်။ အကယ်၍ အစိုးရအနေနဲ့ ဥပဒေတွေက ပြည်သူတွေက ပြဌာန်းထားတာမဟုတ်ဘူး။ ပြည်သူတွေပါဝင်ပက်သက်ခွင့်မရှိဘူး ဆိုရင် ဒီဥပဒေကို အကြောင်းပြုပြီးတော့ ပြည်သူတွေကို အစိုးရတွေက  လုပ်ချင်တိုင်းလုပ်လိမ့်မယ်။ အခု လယ်သိမ်းမြေသိမ်းတွေဖြစ်ပေါ်နေတယ်။ ဖမ်းချင်တဲ့လူတွေကို ဖမ်းတာတွေရှိတယ်။ လွတ်ပေးချင်တဲ့အချိန်မှာ လွတ်ပေးတာတွေရှိတယ်။ လွတ်မပေးဘဲနဲ့ ထိန်းသိမ်းထားတာတွေရှိတယ်။ ဒီလိုအခြေအနေမျိုးကို ထိန်းသိမ်းဖို့ဆိုရင်တရားဥပဒေက လိုကိုလိုအပ်တာတွေဖြစ်တယ်။ တချိန်တည်းမှာ အများပြည်သူတွေ ဘက်ကပြောမယ်ဆိုရင် သူတို့လဲလိုက်နာရမယ့်တာဝန်ရှိတယ်။ ဒါမျိုးမှမဟုတ်ရင် လူနည်းစုက လူများစုကို အနိုင်ထက်စီးတဲ့ကိစ္စတွေ ကပေါ်ပေါက်လာမှာဘဲဖြစ်တယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေးကိစ္စကို အာဏာရှင်တွေကကော မင်းမဲ့ဝါဒီတွေကကော ကြောက်ကြတယ်ဆိုတာကို ပညာရှင်တွေပြောတာကြားဘူးတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမျိုးကို သဘောကျတယ်။
နောက်တခုက ကျွန်တော်တို့တိုင်းပြည်မှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပြောဆိုဆွေးနွေးနေတာရှိတယ်။ အကယ် ၍ ကျွန်တော်တို့မှာ တန်းတူမျှတဲ့ စည်းမျဉ်းစည်းကမ်း တရားဥပဒေတွေမရှိဘူးဆိုလို့ရှင်ရင် ကျွန်တော်တို့နိုင်ငံမှာ တခြားသူတွေက စီးပွားရေးလာရောက် Invest လုပ်ဖို့ ၊ တိုင်းပြည်အတွက် စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ၊ အနှောက်အယုက်တွေအများကြီးရှိတာကို ကျွန်တော့်အနေနဲ့ယူဆပါတယ်။
မေး။ ။ ကျွန်တော်မေးပါရစေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ လွတ်တော်ဝင်တဲ့အခါမှာ သူတို့အကြောင်းချက် ၃ ချက်ကို သူတို့ထောက်ပြပါတယ်။ အဲဒီထဲမှာ ဥပဒေစိုးမိုးရေးဆိုတဲ့ကိစ္စပါပါ တယ်။ ဆိုလိုတာက မြန်မာနိုင်ငံကိစ္စဖြေရှင်းရမယ့်အထဲမှာ ဥပဒေစိုးမိုးရေးက အဓိက ဖြစ်တယ်လို့ NLD  ဘက်က ရှုမြင်ပုံရပါတယ်။ ကိုအောင်မိုးဇော်အနေနဲ့ကရော ဘယ်လိုရှိပါသလဲခင်ဗျာ။
 

ဦးအောင်မိုးဇော်။     ။ကျွန်တော်မြင်ပါတယ်။ တရားဥပဒေရဲ့စိုးမိုးရေးကိစ္စရပ်တွေက ဆောင်ကို ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေပါ။ နောက်တခုက ကျွန်တော်အဓကပြောချင်တာကတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဟာက ကိုမင်းလွင်ဦးပြောသွားတဲ့အတိုင်းပါဘဲ အဖွဲ့အုပ်ချုပ်ပုံနဲ့ လည်းအများကြီး သက်ဆိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်တဲ့တရားစီရင်မှုမရှိဘူးဆိုလို့ရှင်ရင် ဒီ Executive ပါဝါရှိတဲ့သူတွေက လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ဒီကိစ္စဟာကျွန်တော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အများကြီးဆိုင်တယ်။ ဆိုတော့ တရားဥပဒေကိစ္စက လက်တလောကျွန်တော်တို့ဆောင်ရွက်ရမယ့်ကိစ္စလား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ပြင်ဖို့ဆင်ဖို့ ကျွန်တော်တို့လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်ဖို့ဆိုတဲ့ ကိစ္စက အရင်ဦးဆုံးဆောင်ရွက်ရမှာလားဆိုတာကို ကျွန်တော်တို့သေသေချာချာခွဲခြားဖို့လိုပါတယ်။
တရားဥပဒေစိုးမိုးရေးလို့ပြောတဲ့အခါမှာလည်း ခုနက ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်တဲ့ဆင်တဲ့ကိစ္စတွေ ကျွန်တော်တို့တိုင်းပြည်မှာတကယ့်လွတ်လပ်တဲ့တရားစီရင်ရေးစနစ်တွေပေါ်ပေါက်လာဖို့ဆိုတဲ့ ဟာတွေ လုပ်တာတို့ ကို လက်တလော လုပ်ရမှာ လို့ကျွန်တော့အနေနဲ့ယူဆတယ်။ တချိန်တည်းမှာဘဲ မျှတတဲ့ဥပဒေတွေကို အများပြည်သူကလိုက်နာအောင် အစိုးရတွေက ဥပဒေအတိုင်းဆောင်ရွက်အောင် တိုက်တွန်းတာက တပိုင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအရယဉ်ကျေးမှု နဲ့လည်းအများကြီးဆိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီမိုကရေစီနဲ့ပက်သက်တဲ့အလေ့အထ အလေ့အကျင့်တွေကို အမြစ်တွယ်ဖို့ဆိုရင် ကာလတခုကြာလိမ့်မယ်လို့ -ပညာရေးကအစ ကျွန်တော်တို့အလေးထားဆောင်ရွက်ရမယ်လို့ထင်ပါတယ်။
ကျွန်တော့်ကို ကျွန်တော်မေးခွန်းထုတ်ကြည့်တာက တရားဥပဒေစိုးမိုးရေးဟာလိုအပ်တယ်။ တပြိုင်တည်းမှာဘဲ ဒီဟာအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အရင် ပြင်ရအုန်းမှာဘဲ ၊ ဇောက်ချလုပ်ရမှာဘဲဆိုတာ ကျွန်တော့်ကိုကို တွေးကြည့်ပြီး ဒွိဟ ဖြစ်မိတယ်။ သို့သော်လည်းမလွဲမသွေလိုအပ်တာက ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်ဖို့ဆိုတာက မလွဲမသွေလိုအပ်ပါတယ်လို့ ကျွန်တော့အနေနဲ့ပြောချင်ပါတယ်။
 

မေး။ ။ ကျွန်တော်တို့လိုင်းပေါ်မှာ ဆွေးနွေးမဲ့လူတဦးရှိပါတယ်။ ကိုဘသိန်းလတ်က မြန်မာဒီမိုကရေစီလှုပ်ရှားသူတဦးဖြစ်ပါတယ်။
 

မေး။ ။ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ တရားဥပဒေစိုးမိုးရေးဘယ်လောက်ထိရှိနေပြီလဲဆိုတာကို ပြောပါ။ မြန်မာအစိုးရကလည်း အစဉ်အဆက် ဥပဒေစိုးမိုးရေး၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတာကို ပြောပါတယ်။ ကိုဘသိန်းလတ်အမြင်ကကော။
 

ကိုဘာသိန်းလတ်။    ။ ဥပဒေစိုးမိုးရေးနဲ့၊ လွတ်လပ်တဲ့တရားစီရင်ရေးကို ကျွန်တော်တို့ခတ်အဆက်ဆက်က အပြောခံခဲ့ရတဲ့ စကားလုံးလိုဖြစ်နေတယ်။ တရားဥပဒေက ပြဌာန်းတာနဲ့ကျင့်သုံးတာနဲ့ကွာဟမှုတွေရှိနေတယ်။ အရမ်းလည်းသိသာထင်ရှားတယ်။ ကျွန်တော်တို့ပြည်သူလူထုက ဥပဒေဆိုတာစောင့်ထိန်းလိုက်နာရမယ့်အပိုင်းတွေဘဲသိသလိုဘဲဖြစ်ပြီး ဥပဒေရဲ့အကျိုးခံစားခွင့်ကို ကျွန်တော်တို့မသိကြဘူး။ ရလည်းမရဘူး။ အခုထိဘဲ။
လက်ရှိကတော့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေပြောနေတဲ့ ဥပဒေစိုးမိုးမှုအပိုင်းကို ဘယ်လိုမြင်သလဲ။
ဒါဟာ တကယ်ဖြစ်မလာဘူးဆိုတာကို ကျွန်တော်တို့ အခုပါဝင်ဆွေးနွေးနေတဲ့လူတွေလည်းသိနေတယ် ။ အဓိကဖြစ်တဲ့စကားလုံးတခုက ကျွန်တော်တို့ဘာတွေကြားခဲ့ဘူးသလဲဆိုတော့ ဥပဒေမှာ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်လို့ပြောခဲ့ပေမယ့် တရားရုံးတွေမှာ တရားဥပဒေက မည်သို့ပင်ဆိုစေကာမှု အုပ်ချုပ်ရေးအာနာပိုင်တွေက ၀င်ရောက်စွက်ဖက်တဲ့ မှုခင်းမျိုးတွေလည်းအများကြီးရှိနေတာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးနဲ့အတော့ကို အလှမ်းဝေနေတာကို ကျွန်တော်တို့တွေ့ရတယ်။
 

မေး။ ။ ဒါက ဥပဒေစိုးမိုးမှုနဲ့ပက်သက်လို့ပေါ့။ကျွန်တော်နောက်တဆင့်မေးချင်ပါတယ်။ ဥပဒေစိုးမိုးမှုရှိဖို့ဆိုရင် အခြေခံကောင်းတွေ ၊ ဘာတွေရှိဖို့ယူဆပါသလဲ ။ ဦးမင်းလွင်ဦးဖြေပါ။
 

ဦးမင်းလွင်ဦး ။    ။ အဓိကအခြေခံကောင်းတွေကတော့ အစိုးရက ပြန်လည်ပြုပြင်မယ်ဆိုရင်  ဥပမာဖြင့်- လက်တလောအခြေအနေမှာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးတွေမှာ လဒ်ပေးလဒ်ယူမှုတွေ ကိုတိုက်ဖြတ်ပြစ်ရမယ်။ အခုက လဒ်စားမှုကို တိုင်ကြားလို့ရတယ်ဆိုပြီးတော့ ပြောတယ်။ တကယ်လည်းတိုင်ကြားပြီး စစ်ဆေးမှုတွေလုပ်တော့ ၇၀ % ကျော်ကအမှန်တွေဖြစ်နေတယ်။ သို့သော် ဒီလိုဖြစ်နေတဲ့အမှုတွေကို အရေးယူဆောင်ရွက်တာတွေကို ပြည်သူတွေက ထင်ထင်ရှားရှားမြင်မြင်သာသာမသိရှိရသေးဘူး။
ကိုဘာသိန်းလတ်ပြောသွားသလိုဘဲ။ ဒီဥပဒေပြဌာန်းချက်တွေမှာ ပါတာတွေကို ကျွန်တော်တို့ကလေးစားလိုက်နာနေရတယ်။ ဘယ်ဟာတွေက မတရားဘူး၊တရားတယ်ဆိုတာတွေကို ပြည်သူတွေကမသိရသေးဘူး။ အစိုးရအနေနဲ့က တရားစီရင်တဲ့အခါမှာ အများပြည်သူရှေ့မောက်မှာတရားစီရင်ရမယ်။ ပြည်သူများလေ့လာခွင့်ရှိရမယ်။ လွတ်လပ်မျှတတဲ့ တရားခွင်တွေကို ပြုလုပ်ရမယ်။ နိုင်ငံတော်က လည်းဒါတွေဖြစ်အောင် ပံ့ပိုးပေးရမယ်။ ဒါတွေကို အခုထိလုပ်ဆောင်မပေးသေးဘူးဆိုတာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ပေးဖို့ဆိုရင် တစ်အချက် - လဒ်ပေးလဒ်ယူမှုပျောက်အောင်ကျွန်တော်တို့ လုပ်ရမယ်။ ဒါတွေလုပ်ဖို့အတွက်လိုအပ်တဲ့နည်း ဥပဒေတွေပြဌာန်းဖို့လိုတယ်လို့ဆိုပြန်တယ်။ ယခင်ကတရားရုံးတွေ မှာဖြစ်လာတဲ့အမှုတွေမှာ စစ်ဆေးအရေးယူအပြစ်ပေးခဲ့တာတွေရှိပါတယ်။ ဆိုတော့ အသစ်ဥပဒေတွေ လုပ်ဖို့မလိုတော့ပါဘူး။
နောက်တခါ ပြည်သူ့လွတ်တော်ဥက္ကဌ ဦးရွှေမန်းကပြောသွားတယ်။ တရားမ၀င် ငွေတွေ ၊ ငွေမဲကနေ ငွေဖြူလုပ်တဲ့ ကိစ္စရပ် တွေထဲမှာ နောက်ထပ်အမှုဘယ်လောက်ထပ်တိုးလိုက်ပါတယ်ဆိုတဲ့ကိစ္စတွေမှာ ဒါတွေကပါပါတယ်။ တကယ်တန်း အစိုးရအနေနဲ့အရေးယူမယ်ဆိုရင် အရေးယူဆောင်ရွက်နိုင်ဖို့ တစိတ်တပိုင်းအဆင့်သင့်ဖြစ်နေပြီလို့ကျွန်တော်ထင်ပါတယ်။ ဒီလိုအရေးယူမယ်ဆိုရင်လည်းကျွန်တော်တို့သီးသန့်လွတ်လပ်တဲ့ စစ်ဆေးရေးခုံရုံးတွေ၊ကော်မ၇ှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးရင်တော့ ပြည်သူများရဲ့အမြင်မှာလည်းရှင်းမယ်၊ လဒ်ပေးလဒ်ယူမှုတွေကို ယခုထက်ဖော်ထုတ် ပေးပြီး တော့ ဒီဟာတွေကို တိုက်ဖြတ်သွားနိုင်မယ်လို့ ကျွန်တော့အနေနဲ့ထင်ပါတယ်။ ဒါက အချိန်တော့ကြာမယ်။
 

မေး။ ။ ဒါကတော့တရားစီရင်ရေး အပိုင်းပေါ့။ ကျွန်တော်မေးချင်တာက ဥပဒေစိုးမိုးရေးဆိုတဲ့အပိုင်းမှာ တချို့အခြေအနေတွေမှာ မတည်မငြိမ်ဖြစ်လာတဲ့အချိန်တွေမှာ Public order ဆိုတာတွေထုတ်ရတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်လုပ်ရဆောင်ရတာတွေရှိတယ်။ ဒီမှာ လူ့အခွင့်အရေးတွေဆုံးရှုံးတယ်ဆိုတာတွေကို တဖက်က ပြန်ပြီးပြောတာတွေရှိတယ်။ ဆိုတော့ ဥပဒေစိုးမိုးရေးနဲ့ Public order ၊ လူ့အခွင့်အရေးတွေ ကို ဟန်ချက်ညီ ညီ ဖြစ်ဖို့ဆိုတာကို ကိုမင်းလွင်ဦး ဘယ်လိုယူဆပါသလဲ။
 

ဦးမင်းလွင်ဦး ။    ။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်မယ်ဆိုရင် ပြဌာန်းဥပဒေမှာပါတာတွေကို လိုက်နာဖို့အဓိကလိုပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခဲ့ရင်တော့ စောနက စိုးရိမ်ရမယ့်ကိစ္စတွေ တော်တော်တန်တန် ပပျောက်သွားမှာဖြစ်တယ်။ ဥပမာအားဖြင့်အခုလိုအကျမ်းဖတ်လုပ်ရပ်တွေဖြစ်တယ်ဆိုရင် ပထမအဆင့်အားဖြင့် ဘယ်လိုဖြေရှင်းရမယ် ဆိုတာတွေကို တဆင့်ပြီးတဆင့် ပစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေမှာ ပြဌာန်းထားတာတွေရှိတယ်။ ဒါတွေကို ဆင့်ကဲဆင့်ကဲ လုပ်ဆောင်သွားဖို့အတွက်တရားရုံးများရဲ့အခွင့်အာနာ အပြည့်အ၀ရှိရပါမယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံအရ ပြည်နယ်အစိုးရတွေ ပေါ်ပေါက်နေပြီဖြစ်တယ်။ အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေမှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကိုတစုံတရာမှ မတွေ့ရပါဘူး။ ပြည်နယ်အစိုးရ ကနေအရေးပေါ်အစီးအဝေးထိုင်ပြီးတော့ ပြည်နယ်တရားသူကြီးချုပ်ကိုသော်လည်းကောင်းဒီဟာတွေကို လုပ်ဆောင်ဖို့အခွင့်အာနာအပ်နှင်းပြီးတော့ လုပ်ခိုင်းတာမျိုးမရှိဘဲနဲ့ ဗဟိုကနေညွန်ကြားလို့ လုပ်ဆောင်နေရတာမျိုး ကို ကျွန်တော်တို့တွေ့ရတယ်။ ဒါက ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြဌာန်းထားတဲ့ အချက်တွေနဲ့မညီညွတ် ဘဲနဲ့ ပြောင်းပြန်ဆောင်ရွက်နေတာကို ထင်ထင်ရှားရှားတွေ့ရတယ်။
 

မေး။ ။ ဒီဆွေးနွေးပွဲအတွက်ဆိုပြီး ကို ရွှေဘုန်သားမောင်အောင်ပေးစာကို ကျွန်တော်ဖတ်ပြပါမယ်။ သူကတော့ ဥပဒေစိုးမိုးရေးနဲ့ပက်သက်တဲ့ သူ့ရဲ့အမြင်ကို ပြောထားတာပါ။ ဥပဒေစိုးမိုးရေးအတွက်စည်းကမ်းရှိမှတိုးတက်မည်ဆိုတဲ့ ဆောင်ပုဒ်၊ အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုတဲ့ဆောင်ပုဒ် ၊ နှစ်ခုကိုချိန်ခွင်ညီမျှနိုင်အောင်ဆောင်ရွက်ရမယ် ၊ ဆင်းရဲမွဲတေမှုလျှော့ချရပါမယ် လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ရှိစေရပါမယ်။ (တာဝန်ယူမှု၊တာဝန်ခံမှုပါရှိစေရပါမယ်) နောက်ပြီး သန့်ရှင်းသောအစိုးရ အမြန်ဆုံးကောင်းမွန်အောင်ဖော်ထုတ်ရပါမယ်။ တရားစီရင် ရေးကို ပြုပြင်ရပါမယ်။ အချိန်အခါနဲ့မညီတဲ့ ဥပဒေတွေကို ဖြတ်သိမ်းပြင်ဆင်ပြီးတော့ အချိန်အခါနဲ့ကိုက်ညီတဲ့ ဥပဒေတွေကို သွက်လက်မြန်ဆန်စွာဆောင်ရွက်ရပါမယ်။ ပြည်တွင်းစီးပွားရေး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို အဆင်ပြေတိုးတက်နိုင်အောင်ဆောင်ရွက်နိုင်ရပါမယ်တဲ့။ ဒါဆိုရင် ဥပဒေစိုးမိုးရေးသာမက ကမ္ဘာ့အလယ်မှာ တင့်တယ်သာယာတဲ့ မြန်မာနိုင်ငံတော်ဖြစ်လာမှာပါတဲ့။
 

မေး။ ။ ကျွန်တော်ကတဆက်တည်း ကိုအောင်မိုးေ    ဇ်ာကိုမေးချင်ပါတယ်။ ဥပဒေစိုးမိုးရေးတရပ် နိုင်ငံမှာဖြစ်လာဖို့ အကောင်းဆုံးရေခံမြေခံတွေ ဘာတွေလိုတယ်ဆိုတာ ကိုအောင်မိုးဇော်ယူဆပါသလဲခင်ဗျာ။
 

ဦးအောင်မိုးဇော်။     ။နှစ်ချက်လို့ကျွန်တော်ပြောချင်တယ်။ တခုကတော့ နိုင်ငံရေးအရစိတ်ဆန္ဒပေါ့။ အခုတိုင်းပြည်ကပြောင်းလဲ တဲ့ဘက်ကိုသွားနေပြီ ဆိုတာကို ကြားရတယ်။ အများပြည်သူတွေကလည်းအသိအမှတ်ပြုကြတယ်။ ဒါကြောင့် အခြေခံကြတဲ့ပြင်ဆင်မှုတွေကို တကယ်ကို လုပ်မယ်ဆိုတဲ့ ဆန္ဒက သက်ဆိုင်ရာအာနာပိုင်တွေမှာ၊ အစိုးရတွေမှာ ရှိဖို့လိုမယ်။ တကယ်လည်းအပြောင်းအလဲလုပ်ဖို့လိုတယ်။ အပြောင်းအလဲဆိုတာက constitution တွေကို ပြောင်းလဲဖို့လိုတယ်။ ဒါမှလည်းလွတ်လပ်တဲ့တရားစီရင်ရေးဆိုတာတွေတွေ့ရမှာ
ဒုတိယတခုက ဒီလိုလုပ်ချင်တဲ့ ဆန္ဒတွေ၇ှိတာတောင်မှ ဦးမင်းလွင်ဦးထောက်ပြသွားသလိုဘဲ။ ဗဟို၊ပြည်နယ်အစိုးရ ဒါတွေအဆင့်ဆင့်ကို သေသေချာချာကျဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်။
ပြည်သူတွေဘက်ကလည်း ဒီဥပဒေရေးရာတွေက သူတို့နဲ့လဲပက်သက်တယ်။ ဆိုတာကို သေချာသိဖို့လိုတယ်။ ဥပဒေကိစ္စတွေ၊ လူ့အခွင့်အရေးကိစ္စတွေမှာ အသေအခြာနားလည်တဲ့သူတွေဖြစ်ဖို့လိုတယ်။ တပြိုင်တည်းမှာဘဲ ကိုယ်ကသဘောတူတဲ့ ဥပဒေတခုကျလာရင် ကိုယ်က လေးစားလိုက်နာဖို့လိုပါတယ်။ အခုကျွန်တော်တို့တိုင်းပြည်က ရုပ်တရက်အပြောင်းအလဲတွေဖြစ်လာတယ်။ ဒီအချိန်မှာ တရားဥပဒေ စိုးမိုးရေးရှင်သန်ဖို့ဆိုတာတွေက အဓိကအကျဆုံးက အစိုးရတွေလို့ ကျွန်တော်ထင်တယ်။ အစိုးရတွေက ပြည်သူတွေကို ဥပဒေဘက်မှာတွေ နားလည်လာအောင်ဆောင်ရွက်ဖို့တာဝန်ရှိတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေမှာလည်းတာဝန်ရှိတယ်။ ဒါကတော့ကျွန်တော့အမြင်ပေါ့နော်။
 

မေး။ ။ ဟုတ်ကဲ့။ ကျွန်တော်ကိုအောင်မိုးဇော်ကို နောက်ဆုံးမေးချင်ပါတယ်။ လက်ရှိတည်ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဥပဒေစိုးမိုးရေး အတွက်ဘယ်လောက်အထောက်အကူဖြစ်တယ်လို့ ယူဆသလဲ။
 

ဦးအောင်မိုးဇော်။     ။ကျွန်တော့အနေနဲ့တော့ တိုင်းပြည်ရဲ့  Constitution အခြေအနေအရ စစ်တပ်ကို infinity လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာတွေ ၊ သူတို့ကိုခုနလို အုပ်ချုပ်ရေးဆောင်ရွက်ခွင့်ပေးထားတာတွေ ။ နောက်တခုက တရားဥပဒေစိုးမိုးရေးမှာ လိုပြောပြီးတပြိုင်နက်ထဲမှာဘဲ လွတ်လပ်တဲ့တရားစီရင်ရေးမရှိတာတွေ ဒါတွေက တရားဥပဒေစိုးမိုးရေးကိုဘယ်လိုမှအထောက်အကူမပြုနေဘူးလို့ယူဆရတယ်။ ဒါကြောင့်အကယ်၍ များပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် အစိုးရအနေနဲ့ဖွဲ့စည်းပုံကိုကြည့်ပြီးတော့ပြင်ဆင်ဖို့ကိစ္စတွေကို သေသေချာချာလုပ်ဖို့လိုလိမ့်မယ်လို့ကျွန်တော့အနေနဲ့ပြောချင်ပါတယ်။ 

မေး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့တိုက်ရိုက်လေလိုင်းအစီအစဉ် ဒီမှာလည်းစေ့သွားလို့ပါ။ ပါဝင်ဆွေးနွေးတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment