Monday, July 14, 2014

Filled Under:

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် ၄ဦးအား အမြန်ဆုံးပြန်လွှတ်ပေးပါရန် အာရှလူ့အခွင့်အရေးကော်မရှင်မှအရေးပေါ်မေတ္တာရပ်ခံစာ ပေးပို့ခြင်း

မြန်မာနိုင်ငံ၏တရားစီရင်ရေးသည်အုပ်ချုပ်သူအစိုးရအာဏာပိုင်များ၏လက်အောက်တွင်ကျရောက်နေပြီး လွတ်လပ်သော တရားစီရင်ရေးစံနစ်ကိုကျင့်သုံးပြီး မျှတသောတရားရုံးများဖြင့် စစ်ဆေးစီရင်နိုင်ခြင်းမရှိကြောင်း ယခု ယူနတီသတင်း ဂျာနယ် တာဝန်ခံ ဦးတင့်ဆန်းနှင့် သတင်းထောက် လေးဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ် လိုက်ခြင်းဖြင့် လွတ်လပ်သောတရားစီရင်ရေးစံနစ်ကျင့်သုံးနိုင်ခြင်းမရှိသေး၊တရားဥပဒေစိုးမိုးမှုကို မဖေါ်ဆောင်နိုင်သေး သည်ကိုသက်သေပြလိုက်သလိုဖြစ်သည်။
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေသည် အထူးဥပဒေတရပ်ဖြစ်သည်။ အထူးဥပဒေတရပ်ဖြစ်သည့်အတွက် အထူးလိုက်နာကျင့်သုံးဆောင်ရွက်ရန် ကျင့်ထုံးများ၊ နည်းဥပဒေများသီးသန့်ပြဌာန်းထားသည့် ဥပဒေလဲဖြစ်သည်။ တရားရုံးများက ထိုကဲ့သို့အရေးယူခြင်းခံရသည့်မှုခင်းများကိုလက်ခံကြားနာရာတွင်လည်း ဥပဒေပြဌာန်းချက်များကို အတိအလင်းလိုက်နာဆောင်ရွက်ရန်လိုသည်။ 
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ စစ်တပ်လျှို့ဝှက် လက်နက်စက်ရုံ အကြောင်း သတင်းရေးသား ဖော်ပြ သော ယူနတီ ဂျာနယ်မှ သတင်းသမားများဖြစ်ကြသည့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် ဦးသဲရာဇာဦး၊ ဦးပိုက်သက်ကျော်၊ ဦးလူမော်နိုင်၊ ဦးစည်သူစိုးတို့ ၅ ဦးအားနိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ခရိုင်တရားသူကြီး ဦးမောင်မောင်ဌေး က ၂၀၀၄ခုနှစ် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၄ဖြင့်လက်ခံစစ်ဆေးကြားနာပြီးနောက်  ဂျူလိုင်လ၁၀ ရက်နေ့တွင် ဦးတင့်ဆန်းနှင့် သတင်းထောက်များဖြစ်သော ပိုင်သက်ကျော်၊သဲရာဇာဦးနှင့် စည်သူစိုးတို့အား မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက်ဥပဒေပုဒ်မ ၃(၁)(က) ကိုကျူးလွန်သည်ဟုဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်၊ ယူနတီဂျာနယ်တိုက်နယ်မြေခံသတင်းထောက်ကိုလူမော်နိုင်အား နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု  ၃ (၁)(က)/ ၉ ဖြင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်အပြစ်ပေးခြင်းသည်မြန်မာနိုင်ငံအတွင်းလိုက်နာကျင့်သုံးရန်ပြဌာန်းထားသည့် ဥပဒေ ပြဌာန်းချက်များ၊နည်းဥပဒေများနှင့် ညီညွတ်မှုမရှိကြောင်းတွေ့ရသည်။
ပခုက္ကူခရိုင်တရားရုံး
ပြစ်မှုကြီးမှုအမှတ် ၄/၂၀၁၄
ဒုဗိုလ်မှူးကြီးကျော်ကျော်ဦး တရားလို
နှင့်
၁။ ဦးတင့်ဆန်း
၂။ ပိုင်သက်ကျော်
၃။သဲရာဇာဦး တရားခံများ
၎။စည်သူစိုး
၅။ လူမော်နိုင်
စွဲဆိုထားသည့်ပုဒ်မ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁)က(၉)

အမှုဖြစ်အကြောင်းအရာအကျဉ်းချုပ်
၁။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဌာနမှူး- ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး (ကြည်း/၂၈၂၉၉) မှ ( ၂၅-၁-၂၀၁၄) ရက်နေ့ထုတ် အတွဲ (၃) အမှတ်(၄) UNITY စာစောင်တွင် လျှို့ဝှက်ဓါတုလက်နက်စက်ရုံခေါင်းစီးဖြင့် ဓါတ်ပုံမှတ်တမ်းနှင့်တကွ ဖေါ်ပြထုတ်ဝေခဲ့သည်ကို တွေ့ရှိရသည်။ ယင်းဖေါ်ပြရေးသားချက်သည် နိုင်ငံတော်၏လျှို့ဝှက်ချက်အား ပေါက်ကြားစေခြင်းဖြစ်သဖြင့် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ၏တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက် မရှိ၊လျှို့ဝှက်စွာ ၀င်ရောက်၍ ဓါတ်ပုံရိုက်ယူပြီး ဂျာနယ်တွင်ဖေါ်ပြခြင်းဖြင့် နိုင်ငံတော်၏လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် သတင်းရေးသား ပေးပို့သူနှင့် ဂျာနယ်တိုက်တာဝန်ရှိသူတို့အားအမှုဖွင့်အရေးယူပေးပါရန် ပေါက်မြို့မရဲစခန်းသို့တိုင်တန်းရာမှပေါ်ပေါက်လာသည့်အမှုဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမတရုံး မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်၊ စာအမှတ် ၁၈၆ (၁)/၈/သမတရုံးဖြင့် ဥပဒေချိုးဖေါက်ကြောင်းသံသယရှိသူများအား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊က တရားလိုအဖြစ် ဆောင်ရွက်သွားရန် နိုင်ငံတော်သမတ၏ လမ်းညွှန်ချက် သက်သေခံ-ခ အား သမတရုံးညွှန်ကြားရေးမှူးချုပ် လှထွန်းက ပေးပို့ခဲ့သည်။ ထို့ကြောင့် ၃၀-၁-၂၀၁၄ ရက်နေ့တွင် ပခုက္ကူမြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
၃။ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ရက်၊ စာအမှတ် ပထရ/၂-၆/ဦး ၄ ဖြင့် ၁။ ဦးတင့်ဆန်း (၅၂)နှစ် (ဘ) ဦးသိန်းထွန်း၊ ၂။သဲရာဇာဦး (၂၈)နှစ် (ဘ)သိန်းမောင်ကြီး၊ ၃။အောင်သူရ(ခ) ပိုင်သက်ကျော် (၂၅)နှစ် (ဘ) ဦးအောင်ကိုလွင်၊ ၄။ စည်သူစိုး (၂၂) နှစ် (ဘ) ဦးဝင်းလှိုင်၊၅ ။လင်းကျော်ဦး(ခ)လူမော်နိုင်(ခ)လူမော် (၂၈)နှစ် (ဘ) ဦးမောင်မောင်ကြီးတို့အား ၁၉၂၃ ခုနှစ်မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃/၉ ဖြင့်တရားစွဲဆို ခွင့်ကို စွပ်စွဲခံရသူများအားဖမ်းဆီးပြီး ၁၄ ရက်ကြာမြင့်ပြီးမှ တရားစွဲဆိုခွင့်ပြုမိန့်ထုတ်ပေးခဲ့သည်။အမှုတွင် တရားလိုဖက်မှ သက်သေ ၄၀ ကျော်တင်ပြထားသည်ကိုတွေ့ရသည်။
ဥပဒေနှင့်မညီညွတ်သည့်အချက်များ
၁၉၂၃ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေအရ အရေးယူမည်ဆိုပါက ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်ပြီး အာမခံမပေးနိုင်သည့် ပြစ်မှုဖြစ်သဖြင့် ပြဌာန်းဥပဒေပါပြဌာန်းချက်များ နှင့် ညီညွတ်ရန်လိုပါသည်။
၁။ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူမည်ဆိုပါက ပထမဦးစွာ စုံစမ်းစစ်ဆေးမှုများပြု လုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်လိုပါသည်။ ထိုသို့စုံစမ်းမှုများပြုလုပ်ပြီးနောက် ဖမ်းဆီးထိန်း သိမ်းရန်လိုအပ်ပါက တရားရုံး၏ခွင့်ပြုမိန့်ဖြင့် လူဖမ်းဝရမ်းဖြင့်ဖမ်းဆီးအရေးယူရမည်ဖြစ်သည်။ ယခု အမှုတွင်ထိုကဲ့သို့လိုက်နာဆောင်ရွက်ခဲ့ကြောင်းမတွေ့ရပါ။ 
ဦးတင့်ဆန်းအပါအ၀င် (၅) ဦးအား သမတရုံးညွန်ကြားချက်ဖြင့် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက အမှုဖွင့်အရေးယူရန်တိုင်တန်းစဉ်ကာလတွင် ဖမ်းဆီးအရေးယူခြင်းဖြင့်သဖြင့် ဥပဒေပြဌာန်းချက်များ နှင့် မကိုက်ညီပါ။ ပြည်ထဲရေးဌာန၏တရားစွဲဆိုခွင့်ကိုတရားခံများအားဖမ်းဆီးပြီး ၁၄ ရက်အကြာမှ ခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေပြဌာန်းချက်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိသည်ကိုလည်းတွေ့ရသည်။
၂။ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၂ အပိုဒ် ၈ အဓိပ္ပါယ်ဖွင့်ဆိုချက်များတွင် တားမြစ်နယ်မြေနှင့်ပတ်သက်၍နိုင်ငံတော်သမတက အကျယ်အ၀န်း၊နယ်နိမိတ်သတ်မှတ်ပြီး နိုင်ငံတော်ပြန် တမ်းတွင်ထည့်သွင်းကြေငြာ၍ တားမြစ်နယ်မြေ၊ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ရမည့်အပြင်၊ ဒေသသုံး တိုင်းရင်းသားဘာသာစကားရှိပါက နယ်မြေခံပြည်သူလူထုနားလည်စေရန် ဒေသခံတိုင်းရင်းသားဘာသာ စကားဖြင့်ထုတ်ပြန်ကြေငြာရမည်ဖြစ်ပါသည်။ ယခု ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် ၂၄ သည် ထိုသို့ ထုတ်ပြန်ပြဌာန်းထားသည့်ကန့်သတ်နယ်မြေမဟုတ်သည်ကိုတွေ့ရပါသည်။
၃။ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် ၂၄ ၏အကျယ်အ၀န်း ဧရိယာမှာ ၃၆၈၂၇ ဧက ရှိပါသည်။ တောင်၁၀ လုံးနှင့် တောင်သူလယ်သမားများနေထိုင်သည့် ကျေးရွာ ၄ ရွာပါရှိပါသည်။ တောင်သူလယ်သမားများလုပ် ကိုင်စားသောက်နေသည့် လယ်ယာမြေများကို ပထမတွင် တဧကလျှင် ၅၀၀၀ ကျပ် ဖြင့်လျော်ကြေးပေးမည် ဟု ပြောဆိုခဲ့သော်လည်း သိမ်းဆည်းခံရသည့်လယ်သမားများအနေဖြင့် သတ်မှတ်သည့် အတိုင်းအပြည့် အ၀လျော်ကြေးငွေမရရှိခဲ့ပဲ အဓမ္မလယ်ယာမြေသိမ်းဆည်းခံရခြင်းဖြစ်ကြောင်းအမှုစစ်ဆေးချက်များတွင်ပေါ် ပေါက်သည်။
၎။ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် ၂၄ သည်ဆောက်လုပ်ဆဲစက်ရုံဖြစ်ပြီး အဆောက်အဦးကိုပင်ပြီးစီး အောင်မဆောက်နိုင်သေးပါ။ စက်ရုံအနီးပတ်ဝန်းကျင်တွင်လည်း ကန့်သတ်နယ်မြေ၊ တားမြစ်နယ်မြေဟူ၍ ဆိုင်းဘုတ်များချိပ်ဆွဲထားခြင်းမရှိသည်ကို ရွာခံတောင်သူလယ်သမားများကိုယ်တိုင်ကပင်ထွက်ဆိုထားပါ သည်။ စက်ရုံတွင်လာရောက်လုပ်ကိုင်ကြသည့်အလုပ်သမားများသည်လည်း စက်ရုံအလုပ်သမားများဖြစ် ကြောင်း သတ်မှတ်ထုတ်ပေးထားသည့် အလုပ်သမားကဒ်ပြားများပင်မရှိသည်ကိုတွေ့ရသည်။
၅။ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် ၂၄ ၏ လုံခြုံရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်သူ ဗိုလ်ကြီး ထက်ဝေအောင်က စက်ရုံတွင် တရုပ်လူမျိုး ၄၀ ခန့်ရှိကြောင်း မည်သည့် စစ်လက်နက်ပစ္စည်းမှထုတ်လုပ် နိုင်သေးခြင်း မရှိပဲ စက်ရုံမှာဆောက်လုပ်ဆဲအဆင့်တွင်ပင်ရှိသေးကြောင်းထွက်ဆိုထားပါသည်။စက်ရုံ အတွင်းသို့ဝင်ရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများမှာ အေးရှားမင်န်တယ်ကုမ္ပဏီ Asia Metal Company  မှငှားရမ်း ထားသည့် အလုပ်သမားများဖြစ်ကြောင်းနှင့် စက်ရုံအနီးတ၀ိုက်တွင် ကျေးရွာများမှ နွားကျောင်း၊ဆိတ်မွေး သူများ ဖြတ်သွားဖြတ်လာရှိပြီး စက်ရုံတည်နေရာအားရိုက်ကူးထားသည့်ဓါတ်ပုံများမှာ အဝေးမှ ရိုက် ကူးထားသည့်ပုံများဖြစ်နိုင်ကြောင်းသက်သေထွက်ဆိုခဲ့ပါသည်။
၆။ အမှုတွင်သက်သေခံစာရွက်စာတမ်းများအဖြစ်တင်ပြထားသည့်   ၂၅-၁-၂၀၁၄ ရက်နေ့ ထုတ် အတွဲ (၃) အမှတ်(၄) UNITY စာစောင် အား ရှာဖွေပုံစံဖြင့်ပေးအပ်သူမှာ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးဖြစ်သည်။ အမှုတွင်စွပ်စွဲခံရသည့်သူ ၅ ဦးထံမှ သိမ်းဆည်းရမိခြင်းမဟုတ်ပါ။ 
ထိုသို့ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး သက်သေခံအဖြစ်ရဲစခန်းမှလက်ခံထားခြင်းသည် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေ ပုဒ်မ ၁၁ ရှာဖွေဝရမ်းထုတ်ဆင့်ခြင်းဆိုင်ရာပြဌာန်းချက်များနှင့်အညီ နည်းလမ်းတကျ ဆောင်ရွက်၍ သိမ်းဆည်း ထားခြင်းမဟုတ်သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေအရ နိုင်ငံသားတဦး၏ လွတ်လပ်ခွင့်ကိုအလွယ်တကူထိပါးခြင်းမပြုနိုင်စေရန်ရည်ရွယ်၍ ရှာဖွေဝရမ်း ထုတ်ဆင့် ရာတွင် ခရိုင်တရားသူကြီးအဆင့်ထက်မနိမ့်သည့်တရားသူကြီးက ရှာဖွေဝရမ်းထုတ်ဆင့်ပေးရန်တောင်းဆို သည့် ဒုရဲအုပ်ထက်အဆင့်မနိမ့်သည့် ရဲအရာရှိက သံသယဖြစ်ဖွယ်ရာကိစ္စရပ်များသည် ပြစ်မှုကျူးလွန်ရန် ယုံကြည် လောက်သည့် အခြေအနေရှိကြောင်းတင်ပြပြီးမှသာ တရားသူကြီးက ရှာဖွေဝရမ်းထုတ်ဆင့် ပေးနိုင်ရန်အတိ အလင်းပြဌာန်းထားသည်ကိုတွေ့ရသည်။ ယခုအမှုတွင်ထိုသို့လုပ်ဆောင်ခဲ့ကြောင်း တရားလိုဖြစ်သူအား စစ်ဆေးစဉ်တွင် သက်သေတင်ပြနိုင်ခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။
၇။ အမှုနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် ဦးတင့်ဆန်း၊ သဲရာဇာဦး၊ ပိုင်သက်ကျော် နှင့်စည်သူစိုး တို့အား ရန်ကုန်မြို့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယူနတီဂျာနယ်၏ နယ်သတင်းထောက်ဖြစ်သူ လူမော်နိုင်အား ပေါက်မြို့တွင်သတင်းတပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ပိုင်သက်ကျော်နှင့်စည်သူစိုးတို့အား သတင်းတပ်ဖွဲ့မှ ပြောသည့်အချက်များကိုလိုက်လံရေးစေပြီး ဖြောင့်ချက်အဖြစ်ရယူကာအမှုတွင် သက်သေတင်သွင်းထား သကဲ့သို့၊ နယ်သတင်းထောက်ဖြစ်သူ လူမော်နိုင်အား ပခုက္ကူမြို့နယ်တရားသူကြီးဒေါ်ဆွေဆွေဝင်းထံတွင် ဖြောင့်ချက် ပေးရန်သတင်းတပ်ဖွဲ့ကဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရသည်။ လူမော်နိုင်အား လာရောက် တွေ့ဆုံသည့် ဇနီး ဖြစ်သူလွင်လွင်မြင့်အား ပခုက္ကူ အကျဉ်းထောင်တွင်ယာယီ ထိန်းသိမ်းထားခြင်းခံရသည် ကိုလဲ အမှုတွဲတွင် ဖေါ်ပြချက်များအရသိရှိရပါသည်။ ထိုကဲ့သို့ နိုင်ငံသားတဦးဖြစ်သည့် ဒေါ်လွင်လွင်မော်နှင့် သမီးဖြစ်သူတို့အား တရားရုံး၏ ဖမ်းဝရမ်း၊ ချုပ်မိန့်တစုံတရာ မရရှိပဲ ပခုက္ကူ အကျဉ်းထောင်အတွင်း ၂ရက်ကြာ ဖမ်းဆီးထားခဲ့ခြင်းသည် နိုင်ငံသားတဦး၏လွတ်လပ်စွာသွားလာခွင့်နှင့်တရားဥပဒေဆိုင်ရာအခွင့်အရေးကို အာဏာပိုင်များက အတိအလင်းချိုးဖေါက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။
၈၊ ထိုသို့သတင်းတပ်ဖွဲ့၏ပြုမူဆောင်ရွက်ချက်များသည် ဦးတင့်ဆန်း၊ သဲရာဇာဦး၊ပိုင်သက်ကျော်၊စည်သူစိုးနှင့် လူမော်နိုင်တို့ အား အရေးယူအပြစ်ပေးနိုင်စေရန်အတွက် ပြဌာန်းဥပဒေများကိုလိုက်နာဆောင်ရွက်ခြင်းမရှိပဲ သတင်းတပ် ဖွဲ့မှ အမှုအားတည်ဆောက်ပြီး တရားရုံးသို့တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်ခဲ့သည်ကို အထင်အရှားတွေ့ရသည်။ ထိုသို့ရယူထားသည့်သတင်းအချက်အလက်များ အပေါ်အခြေခံ၍ စွဲဆိုထားခြင်းသည် အုပ်ချုပ်ရေးဆိုင်ရာအာဏာပိုင်များ၏ ၀င်ရောက်စွက်ဖက်မှု သမ္မတ ရုံးမှ အမှုစွဲဆိုရန် ညွှန်ကြားမှုတို့ကြောင့်အမှုစွဲဆိုနိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ချက်များသည် ပြဌာန်းဥပဒေနှင့်မညီညွတ်သော်လည်း ပခုက္ကူ ခရိုင်တရားရုံးတရားသူကြီး ဦးမောင်မောင်ဌေးက လက်ခံကိုလက်ခံကြားနာပြီးစစ်ဆေးနေရသည်ကိုတွေ့ရသည်။ လွတ်လပ်စွာစစ်ဆေးစီရင်ရမည့်တရားရုံးအနေဖြင့် သမတရုံးညွှန်ကြားချက်ကို ဥပဒေနှင့်မညီသည်ကို သိသော်လည်းငြင်းပယ်နိုင်ခြင်းမရှိပဲလက်ခံကြားနာစစ်ဆေးခဲ့ကြောင်းထင်ရှားစွာတွေ့ရသည်။
ရှာဖွေပုံစံနည်းလမ်းတကျမဖြစ်ယုံမျှဖြင့် အမှုတခုလုံးမပျက်ပြယ်နိုင်သော်လည်း တရားဥပဒေမဏ္ဍိုင် မယိမ်းယိုင်စေ ရန် ထိန်းသိမ်းစောင့်ရှောက်ရ မည့် တရားစီရင်ရေးဆိုင်ရာမူများအရ တရားစွဲဆိုရန် အမှုကိုစတင်တည်ဆောက်စဉ်ကတဲက ပထမအဆင့် အနေဖြင့် သံသယရှိသူများကို စောင့်ကြည့်ရမည်။ စုံစမ်းထောက်လှမ်းရမည်။ ပြစ်မှုကျူးလွန်ရန် သေချာ သည့်အဆင့်နိုင်ငံခြားတိုင်းပြည် နှင့် ရန်ဘက်အဖွဲ့အစည်း များသို့သတင်းပေးပို့ရန်သေချာသည့် အချိန်တွင် မှ ဖမ်းဆီးအရေးယူရန်ဖြစ်သော်လည်း၊ သံသယရှိသူများကို အရင်ဖမ်းဆီးစစ်ဆေးပြီး အပြစ်ပေး နိုင်ရန်အမှု ကိုတည်ဆောင်နေခြင်းသည်၊ နိုင်ငံသားတဦး၏ ရုပ်သိမ်း၍မရသည့်လွတ်လပ်ခွင့်ကို အတိအလင်း ချိုးဖေါက်ဆောင်ရွက်ခြင်းဖြစ်သည်ကိုတွေ့ရသည်။
၉။ အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း သတင်းမီဒီယာများတွင်ဖေါ်ပြသည့်အချက်များသည် အုပ်ချုပ်ရေး အာဏာပိုင်များ၏ လုပ်ငန်းဆောင်တာများကို ၀င်ရောက်နှောက်ယှက်ရာရောက်သည်၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၀တ္တရားနှောက်ယှက်မှုအဖြစ်စွဲဆိုပြီး အလဲဗင်း ဂျာနယ်သတင်းထောက် မခိုင် အား ထောင်ဒဏ်ချမှတ်ခြင်း၊ မကွေးတိုင်းပညာရေးမှူးရုံးတွင် ဂျပန်သို့ စေလွှတ်သည့် ပညာတော်သင် ကျောင်းသားရွေးချယ်ရေးအတွက်သတင်းရယူရန်သွားရောက် ခဲ့သည့် ကျောင်းသားမိဘနှင့် ဒီဗွီဘီသတင်း ထောက် ကိုဇော်ဖေတို့အား ထောင်ဒဏ် ၁ နှစ်ချမှတ်ခြင်း နှင့် မွန်းတည့်နေ သတင်းထောက် ၄ ဦးအားဖမ်းဆီး အရေးယူခြင်းစသည့်ကိစ္စရပ်များသည် တရားရေးမဏ္ဍိုင်မတိမ်းစောင်းနိုင်စေရန်အတွက် စောင့်ကြည့် ထိန်းကျောင်း မှုပြုနေသည့် သတင်းမီဒီယာများကို ခြိမ်းခြောက်သည့်သဘောသက်ရောက်နေပါသည်။
၁၉၂၃ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်အက်ဥပဒေသည် ဒုတိယကမ္ဘာစစ်မတိုင်မီကပြဌာန်းထားခဲ့သည့် ဥပဒေ ဖြစ်ပြီးခေတ်နှင့်လျော်ညီခြင်းမရှိတော့သည်ကိုတွေ့နိုင်ပါသည်။ သူလျှို အဖြစ်ထောက်လှမ်း၍ အချက် အလက်များရယူပြီးပြည်ပ အင်အားကြီးနိုင်ငံများသို့ လျှို့ဝှက်ပေးပို့ခဲ့ခြင်းမရှိသည်ကိုလဲ စစ်ဆေးချက်များ အရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းစစ်တပ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၀န်ကြီးဌာနများ၊ ဦးပိုင်ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက နည်းမျိုးစုံဖြင့် လယ်ယာမြေများကိုသိမ်းဆည်းနေသည့်ကိစ္စ နှင့်ပတ်သက်၍ ယူနတီသတင်းထောက်များက သတင်းရယူခဲ့ခြင်းဖြစ်ပြီး လယ်သမားများ၏ ထင်မြင်ယူဆချက်များကိုသာ ဖေါ်ပြပြီးသတင်းထောက်များ၏အာဘော်မပါကြောင်းဖြေရှင်းသည့်ပြင်ဆင်ချက် ကိုထုတ်ပြန်ကြေငြာပြီး ဖြစ်ပါသည်။ ယူနတီသတင်းစာစောင်သည်ပြည်သူများ၏အကျိုးကို ရှေ့ရှု၍ လယ်ယာမြေများ အဓမ္မသိမ်း ဆည်းခံနေရသည့်သတင်းကို သဘောရိုးဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ ယူနတီသတင်းဂျာနယ် အမှုဆောင်ဒါရိုက်တာ ဦးတင့်ဆန်း၊ အကြီးတန်းသတင်းထောက် ပိုင်သက် ကျော်။ သဲရာဇာဦး၊ စည်သူစိုးနှင့် နယ်သတင်းထောက်ဖြစ်သည့် လူမော်နိုင်တို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးထားခြင်းကိုပယ်ဖျက်၍ အမြန်ဆုံးပြန်လည်လွှတ်ပေးပါရန် အာရှလူ့အခွင့်အရေး ကော်မရှင်မှ အရေးပေါ်မေတ္တာ ရပ်ခံလိုက်သည်။

0 comments:

Post a Comment