Thursday, March 19, 2009

Filled Under:

ဦးကျော်မင်းအား ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးအပေါ် AHRC မှ အရေးပေါ် ပန်ကြားလွှာထုတ်ပြန်

RFA ----- Evening Programme, 23/2/2009

ဦးကျော်မင်းအား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်၍ AHRC မှ စစ်အစိုးရအား အရေးပေါ် ပန်ကြားလွှာ ပေးပို့ထားခြင်းအပေါ် RFA အဖွဲ့သား ကိုဇော်မိုးကျော်၏ မေးမြန်းခဲ့ချက်များကို ရှေ့နေဦးမင်းလွင်ဦးမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

မေး ----- ဦးမင်းလွင်ဦးတို့ AHRC မှ ဒီနေ့ရက်စွဲနဲ့ ဘူးသီးတောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းကို ထောင်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု မရှိတဲ့အကြောင်း၊ မမှန်ကန်တဲ့အကြောင်း ထုတ်ပြန်တာ တွေ့ရှိပါတယ်။ ဦးကျော်မင်း အမှုနဲ့ပတ်သက်ပြီး နောက်ကြောင်း နဲနဲလောက် အရင်ရှင်းပြပါလား ခင်ဗျား။

ဖြေ ----- ဘူးသီးတောင်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ် ကိစ္စနဲ့ ခေါ်ယူစစ်ဆေးမယ်ဆိုပြီးတော့ ရန်ကုန်ကို ခေါ်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကိစ္စတွေ စစ်ဆေးနေတဲ့ ကာလအတွင်းမှာဘဲ ဦးကျော်မင်းကို နိုင်ငံသားမဟုတ်ဘူး၊ သားသမီးတွေ နိုင်ငံသား ဖြစ်ဖို့အတွက် မှတ်ပုံတင်မှာ မမှန်မကန် ထည့်သွင်းတယ် ဆိုပြီးတော့ နိုင်ငံသား အက်ဥပဒေနဲ့ အရေးယူတယ်။ နောက်ပြီးတော့ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မနဲ့ အရေးယူတယ်။ အဲတာတွေနဲ့ အားလုံး ထောင်ဒဏ် (၄၅) နှစ် အပြစ်ပေးလိုက်တယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။

နိုင်ငံသား ဥပဒေနဲ့ အရေးယူတဲ့ကိစ္စက ဦးကျော်မင်းကို ရိုဟင်ဂျာဖြစ်တယ်။ သာမန်လူမျိုးမဟုတ်ဘူး ဆိုတာတွေကို အဓိက ဖေါ်ပြပြီးတော့ အရေးယူတာဖြစ်တယ်။ နောက်ပြီးတော့ အမှုတွေကို သီးခြားဆီခွဲပြီးတော့မှ မိသားတစုလုံးကို အားလုံး (၁၀) နှစ်စီ ချမှတ်လိုက်တာ ဖြစ်တယ်။ အဲဒီတော့ ဦးကျော်မင်းက အမှုတိုင်း အမှုတိုင်းမှာ ပါတဲ့အတွက် အားလုံး (၄၅) နှစ် ချမှတ်ခံရတယ် ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။

မေး ----- ဦးကျော်မင်းကို တရားစွဲဆိုပြီးတော့ အရေးယူတဲ့ ကိစ္စမှာ တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေမှာ ဘယ်လို ချို့ယွင်း အားနည်းမှုတွေ ရှိတယ်လို့ လေ့လာသုံးသပ်မိသလဲ။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား၊ ဦးကျော်မင်းက နိုင်ငံသား ဥပဒေနဲ့ အရေးယူခြင်းခံရတယ်လို့ သူကပြောပေမဲ့ ဦးကျော်မင်းဟာ အစိုးရဌာနမှာ လက်ထောက် မြို့နယ် ပညာရေးမှူးအဖြစ်သော်လည်းကောင်း၊ အလယ်တန်ကျောင်းအုပ် အဖြစ်သော်လည်းကောင်း လုပ်ခဲ့ဖူးတဲ့သူဖြစ်တယ်။ အစိုးရ ၀န်ထမ်း တယောက်ဖြစ်တဲ့သူဟာ နိုင်ငံသားဖြစ်တဲ့အတွက်၊ ဦးကျော်မင်းဟာ နိုင်ငံသားမဖြစ်ဘူး ဆိုလို့ရှိရင် ရွေးကောက်ပွဲဝင်စရာ ဇာတ်လမ်းကို မရှိဘူး။ ဦးကျော်မင်းရဲ့ သားသမီးတွေကလည်း မိဘနှစ်ပါးက နိုင်ငံသားဖြစ်တဲ့ အတွက် နိုင်ငံသား အလိုအလျောက်ဖြစ်မှုကို ရရှိရမယ် ဖြစ်တယ်။

ဒါပေမဲ့ အဲတာကို လျစ်လျူပြုပြီးတော့ ယခုတခါမှာ ဦးကျော်မင်းဟာ နိုင်ငံသားဖြစ်ဖို့အတွက် ကမန်လူမျိုးဆိုပြီးတော့ ထည့်သွင်းပြီးတော့ ဖြည့်သွင်းတယ်ဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ အခုလို ပြစ်ဒဏ်ချမှတ်တာက လွန်စွမှပင် မှားယွင်းတယ်ဆိုတာက ကျနော်တို့ ထောက်ပြ ပြောဆိုရခြင်း ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်မှု အက်ဥပဒေမှာ (၁၀) နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်တယ် ဆိုတာကလည်း ဘယ်နိုင်ငံမှာမှ အဲဒီမျိုးလိုပြဌာန်းထားတာ မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နိုင်ငံတကာ စံချိန် စံညွှန်းတွေထက် မြှင့်ပြီး အခုလို အပြစ်ဒဏ် သတ်မှတ်ထားခြင်းဟာ ဥပဒေနဲ့မညီဘူး။ ဒါတွေကို ပြင်ဆင်သင့်တယ် ဆိုတာကို ကျနော်တို့ ထည့်သွင်း ဖေါ်ပြထားပါတယ်။

မေး ----- ဟုတ်ကဲ့၊ အခုလို ဦးကျော်မင်းတို့ မိသားတစုလုံးကို ရိုဟင်ဂျာဖြစ်တယ်။ မြန်မာနိုင်ငံသားအဖြစ် လိမ်လည် ဖေါ်ပြတယ်ဆိုပြီး တရားစွဲဆိုပြီးတော့ ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ အဲဒီတော့ ဦးကျော်မင်းတို့ မိသားစု မှုကိစ္စကို ကြည့်ပြီးတော့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံသားဖြစ်မှုကိစ္စကို ဦးမင်းလွင်ဦး ဘယ်လို ပြောချင်သလဲ။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား၊ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေရှိတယ်။ ကမာန်လူမျိုးတွေရှိတယ်။ အဲဒီဟာက သမိုင်းအစဉ်အဆက် ယခင်ကတည်းက ရှိလာတာဖြစ်တယ်။ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိစ္စကတော့ အစိုးရကိစ္စ ဖြစ်တယ်။ ကျနော်တို့ တာကိုတော့ မပြောချင်ပါဘူး။

သို့သော်လည်း မူလနိုင်ငံသားဖြစ်ပြီးသား လူတယောက်ရဲ့အခွင့်အရေးကို အခုလိုမျိုး တားဆီးပိတ်ပင်တာတွေက မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံရေးကြောင့် သားသမီးတွေကိုပါ ထည့်ပြီးတော့ အပြစ်ပေးထားတယ်ဆိုတာကို အမှုတွဲတွေကို ဖတ်ကြည့်ခြင်းအားဖြင့် သိရှိရပါတယ်။ ဒါတွေက ဥပဒေအရ လွန်စွာမှပင် မှားယွင်းနေတယ်။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံသားဖြစ်တာနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အစိုးရအနေနဲ့ ကွဲကွဲပြားပြား သိဖို့လိုတယ်။

UDHR (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း) မှာ လက်မှတ်ရေးထိုးထားတဲ့အတိုင်းဘဲ၊ ဒီလူတွေကို လူသားဆန်စွာ ဆက်ဆံ ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ပြောချင်ပါတယ်ခင်ဗျား။