ALRC လို့ခေါ်တဲ့ အာရှ ဥပဒေရေးရာ သုတေသနနဲ့ မော်ကွန်းဌာနက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ် အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ဦးကိုကိုအောင် ဆက်ပြီးတင်ပြပေးပါ။
ALRC လို့ခေါ်တဲ့ အာရှဥပဒေရေးရာ သုတေသနနဲ့ မော်ကွန်းဌာနက ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ လုပ်ရပ်များနဲ့ အခွင့်အရေး ချိုးဖေါက်မှုများကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန် လိုက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်က ဥပဒေ ပညာရှင် ဦးမင်းလွင်ဦး ကတော့ အခုလိုပြောပြပါတယ်။
အရင်နှစ် ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့နောက်ပိုင်းမှာ အဓမ္မ ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရနိုင်သမျှ အမှုတွေ စုဆောင်းတယ်။ နောက်ပြီးတော့ ကျနော်တို့ Human Rights Council ကို အမှု ၁၀ မှုပေါ့။ သုံးသပ်နိုင်ဖို့အတွက် တင်ပို့ခဲ့တာရှိတယ်။ ဒီနှစ်မှာလဲ ကျနော်တို့ ၁ နှစ်မြောက် အနေနဲ့ ရွှေဝါရောင် တော်လှန်ရေး ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံ တရားရုံးတွေမှာ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ အရေးယူ အပြစ်ပေးနေတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ကာလရှာကြည်စွာ တရားဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရတဲ့ ကိစ္စရပ်တွေ၊ ဖမ်းဆီးခံရတဲ့ တရားခံတွေရဲ့ ခုခံ ချေပခွင့်တွေ အနေနဲ့ပတ်သက်လို့ ငြင်းပယ်ခံနေရတဲ့ ကိစ္စရပ်တွေကို အထူးလေ့လာပြီးတော့ ဒီနှစ်မှာလဲ ကျနော်တို့ အမှု ၁၀ မှု ကို သီးသန့် အထိမ်းအမှတ် အနေနဲ့ ကျနော်တို့ လေ့လာတွေ့ရှိတဲ့ တွေ့ရှိချက် တွေနဲ့အတူ Human Rights Council ကို တင်သွင်းနိုင်ဖို့အတွက် ကျနော်တို့ ထုတ်ဝေတာပါ။
အာရှလူ့အခွင့်အရေးကော်မရှင်နဲ့ ALRC ညွန်ကြားရေးမှူး Basil Fanando ကတော့ ဒီအမှု ၁၀ မှုဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာရယ်၊ ခုထက်ထိ လူ့အခွင့်အရေး မရှိသေးတာတွေရယ်ကို ထင်ဟပ် ပြနေတယ်လို့ ပြောဆိုပါတယ်။
အဲဒီလိုအမှုတွဲ ၁၀ တွဲကို လေ့လာသုံးသပ်မှုအပြင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ဟာ ၁၉၆၀ ခုနှစ် ကစလို့ ယိုယွင်းပျက်စီးလာတဲ့ အကြောင်းကိုလဲ အဲဒီ အစီရင်ခံစာမှာ ဖေါ်ပြပါရှိပါတယ်။ ဒီအစီရင်ခံစာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ သူတွေအတွက် သာမကပဲ အာရှဒေသအတွင်း တရားဥပဒေစိုးမိုးမှု မရှိတဲ့ကိစ္စတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက်ပါ အထောက်အကူ ပြုတဲ့ အစီရင်ခံစာ ဖြစ်တယ်လို့လဲ သိရှိရပါတယ်။