Wednesday, March 18, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်အစိုးရက ပုဒ်မ ၁၀ (ခ) နဲ့ နေအိမ်မှာ အကျယ်ချုပ် ချထားခြင်းအပေါ် သုံးသပ်ချက်အမြင်

BBC ---- 11 October 2008
ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်အစိုးရက ပုဒ်မ ၁၀ (ခ)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေနဲ့ ကန့်သတ်ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချထားတာဟာ ဥပဒေ ကြောင်းအရ (၅) နှစ်ပဲ ကန့်သတ်ခွင့် ရှိတဲ့အတွက် ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ရှေ့နေက အယူခံ တင်သွင်းလိုက်ပြီး ဖြစ်ပါတယ်။

နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းလို့ မရအောင် ဥပဒေကြောင်းအရ အခက်အခဲရှိနေပြီလို့ အာရှလူ့ အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ကိစ္စတွေ ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမင်းလွင်ဦး ကဆိုပါတယ်။ ဘာကြောင့် သူဒီလိုပြောနိုင်သလဲ ဆိုတာကို မေးမြန်းတဲ့ အခါမှာတော့ ---

ဖြေ ---- ဒီကိစ္စမှာ စစ်အစိုးရအနေနဲ့ အခက်အခဲဖြစ်နေရတဲ့ အကြောင်းရင်းကတော့ ဒီဥပဒေမှာ အတိအကျ ပြဌာန်းထားတာက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေနဲ့ နိုင်ငံသား တဦးရဲ့ အခွင့်အရေးကိုကန့်သတ်မယ် ဆိုလို့ရှိရင် အများဆုံး (၅) နှစ် အထိသာ ကန့်သတ်နိုင်တာ ဖြစ်တယ်ဆို ပြီးတော့ အတိအကျ ပြဌာန်းထားတာဖြစ်တယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင် ကန့်သတ်ထားတဲ့ ကိစ္စဟာ (၅) နှစ်ထက် ကျော်လွန် လာပြီ ဖြစ်တယ်။ အဲတော့ ဒီဥပဒေအရ ပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်မယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ အနေနဲ့ လွှတ်ပေးရမှာ ဖြစ်တယ်။ အဲဒီလိုမျိုး လွှတ်ဖို့ ဆိုတာကလဲ သူတို့အနေနဲ့ ပေးချင်ဟန်တော့ မရှိဘူးလို့ ကျနော်တို့ ယူဆတယ်။

မေး ----- ဟုတ်ကဲ့ခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်ကို (၅) နှစ် နေအိမ်မှာ အကျယ်ချုပ်ချထားတဲ့ ကန့်သတ် ချက်ဟာ စီမံခန့်ခွဲရေး ပိုင်းကနေပြီး ကန့်သတ်ထားတယ်လို့ သိရပါတယ်ခင်ဗျ။

အဲတော့ စီမံခန့်ခွဲရေး ပိုင်းကနေပြီး ယူရမဲ့ ဥပဒေပိုင်းနဲ့ တရားဥပဒေပိုင်းက ယူရမဲ့ဥပဒေပိုင်းက ကွာခြားမှုတွေ ကောရှိသေးလား။ ကျနော် ဆိုလိုတာက စီမံခန့်ခွဲရေးပိုင်းက ချထားတယ်ဆိုတော့ သူတို့ကထပ်ပြီး လိုအပ်ချက်အရ ဒီပြစ်ဒဏ် ကိုတိုးချဲ့ သွားလို့ ရနိုင်သလားခင်ဗျ။

ဖြေ ----- ကျနော်တို့ ဒီစီမံခန့် ခွဲရေးက ပဲဖြစ်ပါစေ၊ တရားစီရင်ရေးက ပဲဖြစ်ပါစေ၊ ပြဌာန်းထားတဲ့ ပြဌာန်းဥပဒေကို ကျော်လွန်ပြီးတော့ ဒီထက်ပိုမိုလုပ်ဆောင်လို့ မရပါဘူး။ ဥပဒေက(၅) နှစ်ထက် ပိုချမရဘူး ဆိုလို့ရှိရင် တရားစီရင်ရေး အဖွဲ့ ကလဲ(၅) နှစ် ထက်ပို ပြီးအပြစ်ပေးလို့ မရဘူး။ စီမံခန့်ခွဲရေးဆိုင်ရာ အစိုးရပိုင်းကလဲ (၅) နှစ်ထက်ပိုပြီး ကန့်သတ်လို့ မရပါဘူး။

မေး ----- ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားတဲ့ ကိစ္စဟာ ပြောရမယ်ဆိုလို့ ရှိရင် နိုင်ငံရေးကိစ္စကြောင့် ဖြစ်တယ်ဆိုတော့ လိုအပ်ရင် လိုအပ်သလို ဆွဲပြီးတော့ သူတို့ ကနေပြီးတော့ အခြားပုဒ်မတွေနဲ့ ပြောင်းလဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပြီး ကန့် သတ်မယ် ဆိုတာမျိုးကော ဖြစ်မလာ နိုင်ဘူးလားခင်ဗျ။

ဖြေ ----- ကျနော်တို့ ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ၁၀ (ခ) အရ မူလအခွင့်အရေးတွေ ကန့်သတ်ထားတဲ့ ကိစ္စရပ်တွေမှာ ၅ နှစ်ထိ သက်တမ်းတိုးတဲ့ ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော်တည်ငြိမ်ရေး ကိုဖြစ်စေ၊ နိုင်ငံတော် အေးချမ်းသာယာရေးကို ထိပါးအောင် ဖြစ်ပါစေ တခုခု လုပ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို သူတို့အနေနဲ့ အထောက်အထား ရှာပြီး တရားရုံးကို အမှုစွဲတင်ပြီးတော့ တင်ပို့ ရမှာ ဖြစ်တယ်။

အဲဒီလိုမတင် ပို့နိုင်ဘူး ဆိုလို့ရှိရင်တော့ ဒီ(၅) နှစ် ပြည့်သွားတဲ့အခါမှာ ဆက်လက်ပြီး လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး မရှိတော့ဘူး။ ဥပဒေမှာလဲ အတိအကျ ပြဌာန်းထားပါတယ်။ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရတဲ့သူကို ပြန်လွှတ်ပြီးတဲ့ အခါမှာ မူလအရေးယူတဲ့ ကိစ္စရပ်ပေါ်မှာ ဒီဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဘူးဆိုတဲ့ ကန့်သတ်ချက်တခု ရှိပါတယ်။ အဲတာကတော့ ပုဒ်မ ၉ (ဇ) ဖြစ်တယ်။

ဒါက ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက် အတိအကျပဲ ဖြစ်ပါတယ်။ အခြားဥပဒေတခုခုနဲ့ အရေးယူမယ် ဆိုလို့ရှိရင်လဲ သူတို့ အနေနဲ့ဒီ(၅) နှစ် အတွင်းမှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့ လုံလာက်တဲ့ အချိန်ရတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲတော့ အဲဒီလိုမျိုး မတင်ပြနိုင်တဲ့အတွက် အခြားဥပဒေအရ ပြောင်းပြီး အရေးယူ အပြစ်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

(ဥပဒေပညာရှင် ဦးမင်းလွင်ဦးဖြေကြားသွားတာ ဖြစ်ပါတယ်။)