Wednesday, March 18, 2009

Filled Under:

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး ICC အတင်ခံရသူများ အခြေအနေသုံးသပ်ချက်

RFA ----13 February 2009,

နိုင်ငံတကာ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ အာဏာရှင်ဟောင်းတွေကို အပြည်ပြည်ဆိုင်ရာ ခုံရုံးကနေပြီး အရေးယူမှုတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးကိုကိုအောင် တင်ပြထားပါတယ်။

ဥရောပတိုက်
နယ်သာလန်နိုင်ငံ ဟိတ်မြို့မှာ အခြေစိုက်တဲ့ ICC ခေါ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက ဆူဒန်နိုင်ငံရဲ့ သမ္မတ အိုမာဟာစန် အယ်လ်ဘာရှီယာကို ဖမ်းဆီးဖို့အတွက် အပြည်ပြည်ဆိုင်ရာ ၀ရမ်းတစောင် ထုတ်ပြန် လိုက်တယ်လို့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ထုတ် International ဟာရယ် ထရီဗျူ သတင်းစာကြီးမှာ ရေးသား ဖေါ်ပြလိုက်ပါတယ်။ ရာထူးလက်ရှိ သမ္မတတဦးကို အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြန်တယ်ဆိုတာ၊ ဒါဟာ ပထမဆုံးအကြိမ်ဘဲ ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံ ဒါဖေါဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူအမြောက်အများ သေကြေ ပျက်စီးမှုမှာ ဆူဒန်သမ္မတမှာ တာဝန်ရှိတယ်ဆိုပြီး ဖမ်းဝရမ်း ထုတ်ပြန်ချိန်မှာခဲ့ပါတယ်။ ဒါပေမဲ့လည်း ICC ဟာ နိုင်ငံတခုခုက အစိုးရတရပ် လည်းမဟုတ်၊ ကုလသမဂ္ဂနဲ့လည်း မဆိုင်၊ ကိုယ်တိုင်ကလည်း ရဲတပ်ဖွဲ့ မရှိတာမို့ ဘယ်သူတွေက သူ့ကို ဖမ်းဆီးနိုင်ပါ့မလဲလို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

ဒါကြောင့် ပြစ်မှုကျူးလွန်ထားတဲ့ ဆူဒန်သမ္မတ အယ်လ်ဘာရှီယာအနေနဲ့ သူ့ရဲ့နိုင်ငံရဲ့ နယ်နိမိတ် ခြံစည်းရိုးထဲမှာ နေတဲ့ ကာလပတ်လုံး သူ့ကို လက်ဖျားနဲ့ထောင် ထိနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် စစ်ရာဇ၀တ်မှုကိုဖြစ်ဖြစ်၊ လူ့အခွင့်အရေးကို ကျူးလွန် ဖေါက်ဖျက်တာဘဲဖြစ်ဖြစ် ကျူးလွန်ကြတဲ့ နိုင်ငံအကြီးအကဲ ဟောင်းတွေဟာ တချိန်ချိန်မှာတော့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေရဲ့ လက်တွင်း သက်ဆင်းခဲ့ကြတာဘဲ ဖြစ်ပါတယ်။

ချီလီနိုင်ငံရဲ့ အာဏာရှင်ဟောင်းလည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်တဲ့ ပီနိုချေးကို ကြည့်ပါဦး။ သူ့ရဲ့သမ္မတ သက်တမ်းအတွင်း လူပေါင်းများစွာကို သေကြေပျက်စီး အသတ်အဖြတ် ခံခဲ့ရရုံတာမက အစအန မကျန်ရအောင် ပျောက်ခြင်းမလှ ပျောက်ခဲ့ရတဲ့ သူတွေကလည်း ထောင် သောင်းနဲ့ချီ ရှိခဲ့တာပါ။

သူဟာ တရားဥပဒေရဲ့ လက်တွင်းက အချိန်တော်တော်ကြာ လွတ်မြောက်နေခဲ့ ပါတယ်။ ဒါပေမဲ့ တချိန်မှာတော့ အင်္ဂလန်နိုင်ငံမှာ ကျောရိုးခွဲစိတ် ကုသမှုခံယူပြီး အနားယူနေခိုက် ဗြီတိန်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူအာဏာရှိစဉ် ကာလအတွင်း ချီလီနိုင်ငံမှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ စပိန်နိုင်ငံသားများအတွက် စပိန်အစိုးရရှေ့နေတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်ချက်ကြောင့် ဗြိတိသျှအစိုးရဟာ လက်ရှောင် နေပေမဲ့လည်း စပိန်အစိုးရရဲ့ ၀ရမ်းထုတ်ပြန်ခဲ့တာကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။ ဗြိတိသျှ ပြည်ထဲရေးဝန်ကြီး မစ္စတာ ဂျက်ရှောက ဗီနိုရှေးဟာ တရားရုံးမှာ အမှုရင်ဆိုင် နိုင်လောက်အောင် ကျန်းမာရေး အခြေအနေ မရှိဘူးဆိုပြီး ပြန်လွှတ် ပေးခဲ့တဲ့အတွက် ပီနိုးရှေးဟာ သူ့ရဲ့နိုင်ငံကို ပြန်ရောက်သွားပေမဲ့လည်း ဇီဝိန်ချုပ်ညိမ်းတဲ့အထိ ချီလီနိုင်ငံကနေ တဖ၀ါးမှ မခွာရဲအောင် ဖြစ်ခဲ့ရပါတယ်။

အလားတူဘဲ ယူကိုဆလပ် သမ္မတဟောင်း ဆိုလိုဗန်မီနိုရှေးဗစ်ရဲ့ အဖြစ်ကလည်း ရာဇ၀တ်ကျူးလွန်တဲ့ အာဏာရှင်တွေဟာ နောက်ဆုံး တနေ့မှာတော့ တရားဥပဒေလက်ထဲ သက်ဆင်းခံရတယ်ဆိုတာ သက်သေခံနေပါတယ်။ ယူကိုဆလပ်နိုင်ငံရဲ့ ခွဲထွက်ရေး ပြည်တွင်းစစ်မှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ သမ္မတဟောင်း မီလိုရှဗစ်ဟာ စောစောပိုင်းက ဥပဒေ ဆက်ကွင်းကနေ လွတ်နေခဲ့ပါသေးတယ်။

အပြည်ပြည်ဆိုင်ရာ ဖိအားတွေ မြင့်တက်လာပြီး ကူညီဖို့ ကတိပေးထားတဲ့ ဒေါ်လာသန်း ရာနဲ့ချီတဲ့ အကူအညီတွေဟာလည်း ဆိုင်းငံ့ထားတဲ့ အခါမှာတော့ သူခိုလှုံနေထိုင်ရာ ယူကိုစလားဗီးယား တဖြစ်လဲ ဆားဗီးယားနိုင်ငံရဲ့ အစိုးရသစ်က သူ့ကို ဖမ်းဆီးခဲ့ တာပါ။ ဒါပေမဲ့လည်း သူဟာ လွယ်လွယ်ကူကူနဲ့ အဖမ်းဆီး ခံခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ သက်တော်စောင့်တွေက ဖမ်းဆီးဖို့ လာရောက်တဲ့ အာဏာပိုင်တွေကို ခုခံ ပစ်ခတ် ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး ICC တရားရုံးကို ပို့ဆောင်ခြင်း ခံခဲ့ရပေမဲ့လည်း တရားဥပဒေရဲ့ အရေးယူခြင်း မခံရမီမှာဘဲ သူ့တရား သူစီရင်ကာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။

စစ်ရာဇတ်မှ ကျူးလွတ်ပြီး ဥပဒေလက်ကနေ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ပေမဲ့လည်း နောက်ဆုံး ပြေးမလွတ်နိုင် ဖြစ်ခဲ့ရတဲ့ နောက်ထပ် နိုင်ငံအကြီးအကဲ အာဏာရှင်ဟောင်း တဦးကတော့ လိုက်ဘေးရီးယားနိုင်ငံက ချားတေလာပဲ ဖြစ်ပါတယ်။ သူဟာ စီအာလီရွန် ပြည်တွင်းစစ်မှာ စစ်ရာဇ၀တ် ကုလသမဂ္ဂ စီအာလီရွန် အထူးခုံရုံးမှ အလိုရှိနေတဲ့သူပါ။ ဒါပေမဲ့လည်း ဆီဟာလီရွန် စစ်ပြေငြိမ်းရေး စာချုပ်အရ သူ့ကို နိုက်ဂျီးရီးယားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ရပါတယ်။ အဲဒီလိုခိုလှုံခွင့်နဲ့ နေထိုင်စဉ်မှာ အမေရိကန် ပြည်ထောင်စု၊ လိုက်ဘေးရီးယားနိုင်ငံနဲ့ စီလာလီရွန်နိုင်ငံတို့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် နိုက်ဂျီးရီးယားအစိုးရက သူ့ကို ပြန်လည်တင်ပို့မယ် လုပ်တုန်း ထွက်ပြေးခဲ့ပေမဲ့လည်း နိုက်ဂျီရီးယားနဲ့ ကင်မရွန်နယ်စပ်မှာ သတိကောင်းတဲ့ အကောက်အခွန် အရာရှိတွေကြောင့် ပြန်လည် ဖမ်းဆီးရမိ ခဲ့ပါတယ်။ အခုဆိုရင် ချားတေလာဟာ နယ်သာလန်နိုင်ငံ ဟိတ်မြို့မှာရှိတဲ့ ICC တရားရုံးမှာ အမှုရင်ဆိုင်ဖို့ စောင့်စားရင်း အကျဉ်းကျခံနေရပါပြီ။

သောတရှင်များခင်ဗျား၊ ဖေါ်ပြခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အာဏာရှင်တွေလိုဘဲ ကျနော်တို့ မြန်မာနိုင်ငံက အာဏာရှင် ဗိုလ်ချုပ်တွေကိုရော ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက အရေးယူပေးနိုင်တဲ့ အခြေအနေ မရှိဘူးလားခင်ဗျား။

အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကတော့ အခုလို သုံးသပ်ပါတယ်။

ဦးမင်းလွင်ဦး ------ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်တဲ့ ကိစ္စရပ်တွေမှာ န အ ဖ စစ်အစိုးရကို အရေးယူဖို့ ကျူးလွန်ခဲ့တဲ့ အမှုတွေ ရှိသလား ဆိုလို့ရင်တော့ ရှိခဲ့ပါတယ်။ ဒီပဲယင်း လိုမျိုးကိစ္စ၊ နောက်တခါ သံဃာလှုပ်ရှားမှု ရွှေဝါရောင် တော်လှန်ရေး စတာတွေမှာ အရေးယူနိုင်တဲ့ အချက်အလက်တွေ ရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသား နယ်မြေတွေမှာ အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး စစ်လက်နက်သဖွယ် အသုံးပြုတဲ့ ကိစ္စရပ်တွေမှာ အရေးယူနိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်။

ဦးကိုကိုအောင် ------ ဒါပေမဲ့လည်း အဲဒီလို အရေးယူမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရောမ သဘောတူညီချက် စာချုပ်လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သသောတူညီချက်ကို လက်မှတ် ရေးထိုးထားဖို့ လိုအပ်ပါတယ်။

ဦးမင်းလွင်ဦး ----- ICC ကနေပြီးတော့ အရေးယူဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ Rome Statute လို့ ခေါ်တဲ့ ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားဖို့ လိုပါတယ်။ မြန်မာနိုငံ အစိုးရက အဲဒီစာ ချုပ်ကို လက်မှတ်ရေးထိုး ထားခြင်းမရှိဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ အရေးယူဖို့ ခဲယဉ်းတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

ဦးကိုကိုအောင် ----- အဲတော့ ရောမ သဘောတူညီချက်ကို လက်မှတ် မရေးထိုးထားရင် လုံးလုံး ဒါဟာ အရေးယူလို့ မရဘူးလာခင်ဗျား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အဲဒီလို အပြည်ပြည်ဆိုင်ရာ သဘောတူချက် စာချုပ်စာတမ်းကို လက်မှတ် ရေးထိုးထားခြင်း မရှိဘူးဆိုရင်တော့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တင်ဖို့ အရေးယူဖို့အတွက် ခဲယဉ်းတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲတော့ စာချုပ်ရဲ့ သဘောတူညီမှုမှာ မပါဝင်ဘူး။ မပါဝင်တဲ့ နိုင်ငံတခုကို အရေးယူဖို့ ဆိုတာကတော့ အထောက်အထား တော်တော်များများ ခိုင်ခိုင်လုံလုံကြီးကို ရှိမှသာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေပြီးတော့ အရေးယူဖို့ တိုက်တွန်း တောင်းဆို နိုင်တယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ်ခင်ဗျား။